သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာပဋိပက္ခ အာဆီယံ မစွက်ဖက်ရေးမူနဲ့ အလုပ်ဖြစ်ရဲ့လား"


ASEAN-DIPLOMACY
ASEAN-DIPLOMACY

"မြန်မာပဋိပက္ခ အာဆီယံ မစွက်ဖက်ရေးမူနဲ့ အလုပ်ဖြစ်ရဲ့လား"

မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြေရှင်းရေး အထောက်အကူဖြစ်စေဖို့ အာဆီယံ ဘုံသဘောထား ၅ ချက် ချမှတ်ခဲ့တာ ၁ နှစ်ခွဲ ၂ နှစ်နီးပါး ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီအထဲ တချက်မှ အကောင်အထည်ဖော်နိုင်တာ မရှိသေးပါဘူး။ ဒါဟာ အာဆီယံရဲ့ "ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူး"ဆိုတဲ့ မူဝါဒ အလုပ်ဖြစ်သေးရဲ့လားဆိုတာ မေးခွန်းဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်ပြီးကတည်းက ကြုံလာရတဲ့ ပြည်တွင်းအကျပ်အတည်းတွေကို ASEAN အသင်းက ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေတာပါ။ လူသားချင်းစာနာမှု အကူအညီတွေပေးရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ဆွေးနွေးမှု ဖြစ်လာရေး၊ အထူးကိုယ်စားလှယ်ထားရှိပြီး မြန်မာနိုင်ငံကို သွားရောက်နိုင်ရေးတွေပါဝင်တဲ့ အချက် ၅ ချက်ပါ ဘုံသဘောထားကို အာဆီယံက ဧပြီလ ၂၄ ရက်နေမှာ ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

ဒီဘုံသဘောတူညီချက်ကို မြန်မာဘက်က တချက်မှ အကောင်အထည် မဖော်နိုင်သေးတာမို့ အာဆီယံအနေနဲ့ အဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ ပါဝင်ကိုယ်စားပြုမှုကို ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေပါဝင်တဲ့ အာဆီယံအလွတ်သဘော ဆွေးနွေးပွဲလုပ်ပြီး တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ထိုင်းနိုင်ငံက ကြိုးစားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ကောင်စီဘက်က မလိုက်လျောမှုဟာ နိုင်ငံတကာမှာ အာဆီယံအပေါ် ယုံကြည်မှုကိုသာမက အာဆီယံရဲ့ပုံရိပ်ကိုပါ ထိခိုက်စေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ သုတေသနအဖွဲ့ Indonesia’s National Research and Innovation Agency (BRIN) က သုတေသီ Pandu Prayoga က ပြောပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား အာဆီယံရဲ့ ဗဟိုချက်ကျမှုကို စည်းရုံပြောဆိုနေတဲ့ အာဆီယံအတွက်တော့ ဒါဟာ အလားအလာကောင်း မဟုတ်ပါဘူးလို့လည်း Pandu ကပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံရဲ့အဓိကကျတဲ့ (ပြည်တွင်းရေး)ဝင်မစွက်ဖက်ရေးမူကို ပုန်းခိုရာအဖြစ် အသုံးချနေသလား ဆိုတာ မေးခွန်းဖြစ်လာပါတယ်။ အဖွဲ့ဝင် တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို တိုက်ရိုက် ဝင်ရောက်မစွက်ဖက်ရဘူးလို့ အဲဒီမူဝါဒက ဆိုထားပါတယ်။

ဒါပေမယ့်လည်း ဒီမူဝါဒဟာ လူ့အခွင့်အရေး အားကောင်းခိုင်မာရေးအပါအဝင် တခြားသော အခြေခံမူတွေကိုလည်း မထိခိုက်သင့်ဘူးလို့ သုတေသီ Pandu က ထောက်ပြပါတယ်။ ဝင်မစွက်ဖက်ရေးမူဆိုတာ အကြွင်းမဲ့ကိစ္စ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ တခြားပြည်တွင်းရေး ဝင်မစွက်ဖက်ရဘူးဆိုတာ အာဆီယံရဲ့အယူအဆ သတ်သတ်တော့ မဟုတ်ပါဘူး၊ ဒါဟာ တကမ္ဘာလုံးမှာပါ အသိအမှတ်ပြုထားကြတဲ့ မူဝါဒဖြစ်တယ်လို့ သုတေသီ Pandu ကပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကိစ္စမှာတော့ ဒီမူကို ပြန်ဆန်းစစ်ပြီး အခြေအနေနဲ့ကိုက်ညီအောင် အသုံးပြုသင့်တယ်လို့ BRIN ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသီ Pandu က ပြောပါတယ်။

မစွက်ဖက်ရေးမူဝါဒ စွန့်လွှတ်ဖို့ အာဆီယံအဖွဲ့ဝင်တွေက တွန့်ဆုတ်နေကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံ Java အလယ်ပိုင်း Diponegoro တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာရှင် Mahamad Rosyidin က ပြောပါတယ်။ ဒီ မူကို ပြန်သုံးသပ်ဖို့ ထိုင်းကပဲ အဆိုပြုခဲ့ဖူးတာ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ဒီမူကို အကြွင်းမဲ့သုံးနေတာထက် ခြွင်းချက်ထားပြီး အသုံးပြုသင့်တယ်လို့ ပညာရှင် Rosyidin ကပြောပါတယ်။ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေဖြစ်လာရင် နိုင်ငံတွေ ဒေသတွင်းအဖွဲ့အစည်းတွေ ပြင်ပက ဝင်ရောက်စွက်ဖက်နိုင်ဖို့ R2P တားဆီးကာကွယ်ခွင့်မျိုး ASEAN က ချမှတ်သင့်တယ်လို့ သူက အကြံပြုပါတယ်။ မြန်မာနိုင်ငံလို အခြေအနေကို သူက ဥပမာပေးပါတယ်။

စစ်ပွဲဆိုတာဟာ နောက်ဆုံးဖြေရှင်းတဲ့နည်းဖြစ်တာမို့ R2P ဆိုတာနဲ့ တိုင်းပြည်တခုကို စစ်ရေးအရ ဝင်တာမျိုးတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ရာဇဝတ်မှုကြီးတွေဖြစ်လာတဲ့အပေါ် အခြားအဖွဲ့ဝင်နိုင်ငံတွေက တိတ်တိတ်နေတာမျိုး မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။

" မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးဖြစ်နေတယ် ကျနော်ယူဆတယ်။ ဒါဟာ အာဆီယံရဲ့ မစွက်ဖက်ရေး ရပ်တည်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာလည်း သံသယဖြစ်တယ်။ ကိုလိုနီပြုမှု နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေအကြားမှာ အမြစ်တွယ်ခဲ့တာလို့ ယူဆပါတယ်။ အခုအချိန်မှာတော့ ဒီမူကို ပြန်ပြီး ချိန်ဆရပါမယ်။" လို့ ပညာရှင် Rosyidin က ပြောပါတယ်။

တခြား ပြည်တွင်းရေးမစွက်ဖက်ရေးမူဟာ အာဆီယံအယူအဆ သတ်သတ်မဟုတ်ပဲ ကုလသမဂ္ဂ ပဋိညာဥ်ထဲမှာလည်း ဖော်ပြချက်တခုဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Teuku Faizasyah က ပြောပါတယ်။ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းစုံကို ဆွေးနွေးခွင့် ရှိတယ်လို့လည်း သူက ပြောပါတယ်။ အခြား ပညာရှင်အတော်များများ ပြောကြသလိုပဲ အာဆီယံပဋိညာဉ်ကို အားကောင်းစေမယ့် အယူအဆတွေ ဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။ အာဆီယံပဋိညာဉ်ပါ မူဝါဒတွေကို ချိုးဖောက်ရင် အဲဒီအဖွဲ့ဝင်ကို ဘယ်လို သတ်မှတ်မလဲဆိုတာကိုလည်း ဆွေးနွေးနေကြတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

"အခုအချိန်အထိတော့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှုကို ပိတ်ပင်ထားပါတယ်။ ဒါမျိုးက ပဋိညာဉ်ထဲမှာ ပါဝင်ထားတာ မရှိပါဘူး။ ဒီစည်မျဉ်းနဲ့ပတ်သက်လို့ အကြီးတန်းအဆင့်တာဝန်ရှိသူတွေ လက်ရှိ ဆွေးနွေးနေကြပါတယ်။"လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Faizasyah က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG