သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအကျဉ်းထောင်တွင်း အခြေအနေ AAPP ထုတ်ပြန်


ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေရဲ့ အခြေအနေကို ရေးဆွဲထားပုံ (ဧပြီ ၁၇၊ ၂၀၂၁)
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေရဲ့ အခြေအနေကို ရေးဆွဲထားပုံ (ဧပြီ ၁၇၊ ၂၀၂၁)

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း တရားလက်လွတ် ဖမ်းဆီးခံထားရသူတွေ ရင်ဆိုင်ရတဲ့ ထောင်တွင်း အတွေ့အကြုံတွေနဲ့ ပြန်လည် လွတ်မြောက်လာပြီး ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သုတေသနပြုထားတဲ့ အစီရင်ခံစာတစောင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ အေအေပီပီ ပြောခွင့်တာဝန်ရှိသူကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

ခင်ဖြူထွေး။ ။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က The Flow of Injustice ဆိုတဲ့ အစီရင်ခံစာကို ဒီကနေ့ လောလောလတ်လတ် ထုတ်ပြန်တာ တွေ့ပါတယ်။ ဒီအစီရင်ခံစာက အဓိက ဘယ်လိုအချက်တွေကို ထောက်ပြထား တာပါလဲ။

AAPP ပြောခွင့်ရ။ ။အဓိကကတော့ ဒီအကြမ်းဖက်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်အခြေအနေတွေကို ကျနော်တို့ အဆက်မပြတ် လေ့လာခဲ့တယ်။ နောက်ပြီးတော့ အကျဉ်းထောင်ထဲက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နဲ့ ဆက်သွယ်ပြီးတော့ ထောင်အခြေအနေတွေကို စုံစမ်းမေးမြန်းတာတွေ ရှိတယ်။ ပြီးတော့ တချို့ မိသားစုဝင်တွေ၊ တချို့သော နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့၊ Legal aid ပေးနေတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ရှယ်ထားတဲ့ အချက်အလက်တွေ၊ သတင်းအချက်အလက်တွေနဲ့ ကျနော်တို့ ဒီအစီရင်ခံစာကို ထုတ်ပြန်တာ။ ဆိုတော့ ဒီအစီရင်ခံစာက လက်ရှိ အကျဉ်းထောင်တွေရဲ့ အ ခြေအနေ၊ အကျဉ်းထောင်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို အဓိက ထုတ်ပြန်တာဖြစ်ပါတယ်။

ခင်ဖြူထွေး။ ။ဒီအစီရင်ခံစာ ထုတ်ပြန်ချက်မှာ တွေ့တာတခုက − ဒီနေ့ခေတ်ကာလမှာ ကြုံတွေ့နေရတဲ့ အခြေအနေကတော့ အရင် အစဉ်အဆက် ကြုံတွေ့ခဲ့ရတာတွေထက် အဆိုးဆုံးအခြေအနေ ဆိုပြီး ပြောထားတာ တွေ့ပါတယ်။ ဘာကြောင့် အဲ့ဒီလို အဆိုးဆုံးအခြေအနေလို့ ပြောနိုင်တာပါလဲရှင့်။

AAPP ပြောခွင့်ရ။ ။ကျနော်တို့တွေ အရင် နဝတ၊ နအဖ လက်ထက်တွေမှာ ဒီစစ်အုပ်စုကို ဆန့်ကျင်တဲ့အတွက်ကြောင့် ဖမ်းဆီးခံရတယ်။ စစ်ကြောရေးကို ရောက်တယ်ပေါ့နော်။ အဲ့ဒီစစ်ကြောရေးကို ရောက်တဲ့အခါမှာ ကျနော်တို့တွေသည် ပုံစံမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက် ခံကြရတယ်။ ညှင်းပမ်း နှိက်စက်မခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသလောက်ပေါ့နော်။ နောက်ဆုံး ကျနော်တို့ရဲ့ ထွက်ပေါက်က ထောင်ကို အမြန်ဆုံး အပို့ခံရဖို့ ဖြစ်တယ်။ ထောင်ကိုရောက်ပြီ ဆိုတာနဲ့ ကျနော်တို့က ညှမ်းပမ်းနှိပ်စက်မှု ဒဏ်ကနေ လွတ်ပြီ။ ကျနော်တို့ အသက်တော့ မသေတော့ဘူး ဆိုတာနဲ့ ထောင်ကို ပို့ပြီ ဆိုတာနဲ့ ကျနော်တို့က ပျော်သွားတယ်။ ဒါပေမဲ့ အခုခေတ်ကကျတော့ ထောင်ပို့တာတောင်မှ ထောင်ထဲရောက်ပြီးတာတောင်မှ ဒီလိုမျိုး ငါတော့ အသက်မသေတော့ဘူး ဆိုတာမျိုးကို တွေးလို့မရတော့တဲ့ အခြေအနေ ဖြစ်သွားတယ်။ ထောင်ထဲကနေ ထွက်ပြီးတော့ အပြင်ကို ခေါ်ထုတ်ပြီးတော့ သတ်ပစ်တာတွေ ဆိုတာက အခုနောက်ပိုင်းမှာ တော်တော်များများ ကြားလာရတယ်။ နောက်ပြီးတော့ ထောင်ထဲ ရောက်သွားပြီးတဲ့အခါမှာ ကျနော်တို့တုန်းက ဒီထောင်ကျပြီ ဆိုတာနဲ့ ကျနော်တို့က မိသားစုနဲ့ ထောင်ဝင်စာ တွေ့လို့ရတယ်။ အခုဟာက ဒီကောင်တွေ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ မိသားစုတွေလည်း ထောင်ဝင်စာ တွေ့ခွင့်ဆိုတာ ယနေ့အချိန်ထိ မရဘူး။ ပြီးတဲ့အခါကျတော့ ထောင်တွေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ကို စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်တာတွေက ပုံစံ မျိုးစုံနဲ့ ကြားနေရတယ်။ ဒါကြောင့်မို့ ကျနော်တို့က အရင်တုန်းက အခြေအနေနဲ့ ဘာမှမဆိုင်ဘူး။ လက်ရှိ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အကျဉ်းထောင်တွေဟာ အရင်ထက် အများကြီး ပိုဆိုးတယ်ဆိုတာကို ဒီအစီရင်ခံစာထဲမှာ highlight လုပ်ပြီး ထောက်ပြထားတာ ဖြစ်ပါတယ်။

ခင်ဖြူထွေး။ ။ဒီလိုဆိုးရွားနေတဲ့ အခြေအနေတွေကို ရပ်တန့်ဖို့အတွက် အခုအချိန်မှာ ဘယ်လောက်ထိ အရေးကြီးနေပါသလဲ။ ဘာတွေလုပ်သင့်လဲ။ ဒီအစီရင်ခံစာထဲမှာရော ဘာတွေများ အကြံပြုတိုက်တွန်းထားပါသလဲရှင့်။

AAPP ပြောခွင့်ရ။ ။အစီရင်ခံစာထဲမှာ အကြံပြုတိုက်တွန်းချက် (၄)ခုထည့်ထားပါတယ်။ အဓိကကတော့ ကုလသမဂ္ဂရယ်၊ နိုင်ငံတကာအဝန်းအဝိုင်းရယ်၊ နောက် အာဆီယံအဝိုင်းအရယ်ကို နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတည်ငြိမ်ရေးအတွက်ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ဟာမျိုးတွေ၊ နောက် ထောင်ကလွတ်လာပြီးတာတောင်မှ လွတ်လွတ်လပ်လပ်နေခွင့်မရတဲ့ အနေအထားမျိုးတွေ၊ အမြဲတမ်းစောင့်ကြည့်ခံနေရတဲ့ အနေအထားမျိုးတွေနဲ့ စိတ်မချရတော့တဲ့အခါမှာ နယ်စပ်တွေကို ထွက်ပြေးတိမ်းရှောင်ရပါတယ်။ ဒီလိုလူတွေရဲ့ social welfare နဲ့ ပတ်သက်တဲ့ကိစ္စတွေ psycho social support တွေ ဒါတွေကို နိုင်ငံတကာအဝန်းအဝိုင်းအနေနဲ့ အကူအညီပေးဖို့ ဆိုတာမျိုးတွေ ကျွန်တော်တို့ အစီရင်ခံစာထဲမှာ ထည့်ပြောထားပါတယ်။ နောက်တခုကတော့ ဒါကတော့ အစီရင်ခံစာထဲမှာ မပါပါဘူး။ ကျွန်တော့်အနေနဲ့ အဓိကပြောချင်တာကတော့ ဒီစစ်အုပ်စုမရှိမှသာလျင် ကျွန်တော်တို့ ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ ညှင်းပမ်းနှိပ်စက်မှုဒဏ်တွေ မတရားချုပ်ခြယ် မတရားဖိနှိပ်တဲ့ဒဏ်တွေကို လွတ်မြောက်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် ကျရာအခန်းကဏ္ဍကနေပြီးတော့ ရတဲ့နည်းနဲ့ ပိုမိုထိရောက်တဲ့နည်းလမ်းတွေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကို ကျွန်တော်က တောင်းဆိုလိုတာပေါ့နော်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG