သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသူတွေ အကြမ်းဖက်ခံရမှု လျှို့ဝှက်စာထွက်လာ


ရိုက်တာသတင်းဌာနကရရှိထားတဲ့ အိုးဘိုထောင်တွင်းက လက်ရေးစာ
(မတ်လ ၈၊ ၂၀၂၃)
ရိုက်တာသတင်းဌာနကရရှိထားတဲ့ အိုးဘိုထောင်တွင်းက လက်ရေးစာ (မတ်လ ၈၊ ၂၀၂၃)

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီ လုံခြုရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နိုင့်ထက်စီးနင်းလုပ်ခဲ့တဲ့အကြောင်း လက်ရေးနဲ့ရေးထားတဲ့ လျှို့ဝှက် စာတစောင်ကို ရိုက်တာသတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) ကရရှိတဲ့ ထောင်တွင်းက ထွက်လာတဲ့စာကို သတင်းမှာ ဖော်ပြထားပါတယ်။ မန္တလေး အိုဘိုအကျဉ်းထောင် အမျိုးသမီးအဆောင်မှာ ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို စာထဲမှာ ရေးသားထားပါတယ်။

အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတချို့က ထောင်အာဏာပိုင်တွေရဲ့ မတရားလုပ်မှုတွေကို လက်မခံတာကနေ အမျိုးသမီးဆောင်ထဲကို အမျိုးသားလုံခြုံရေး ဝန်ထမ်းတွေအပါအဝင် အကျဉ်းထောင် လုံခြုံရေး ၁၅၀ လောက်က ဝင်ရိုက်တာ၊ လေးဂွနဲ့ ပစ်တာ၊ အစားသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေကို ဝင်ရောက် ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ စာထဲမှာရေးထားပါတယ။ အမျိုးသမီးတွေ ဝတ်ထားတဲ့ အဝတ်အစားကို ဆုတ်ဖြဲတာ၊ မဖွယ်မရာ ပြုတာ၊ မျက်နှာတွေကို ဖိနပ်နဲ့နင်းပြီး လေးဂွနဲ့ ထုထောင်းတာ စတဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာကိုလည်း အသေးစိတ်ရေးထားပါတယ်။ ဒီဖြစ်ရပ်မှာ အမျိုးသမီး ၁၀၀ ကျော် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ အကျဉ်းသူ ၇၂ ဦးကို အဝတ်တစ်ထည် ကိုယ်တခုနဲ့ ပြစ်ဒဏ်တိုက်ကို ပို့ခဲ့တဲ့အပြင် ထောင်ဝင်စာနဲ့ ပါဆယ်ပေးပို့ခွင့်ကိုပါ ၁ လပိတ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းဌာနကရရှိထားတဲ့ အိုးဘိုထောင်တွင်းက လက်ရေးစာ (မတ်လ ၈၊ ၂၀၂၃)
ရိုက်တာသတင်းဌာနကရရှိထားတဲ့ အိုးဘိုထောင်တွင်းက လက်ရေးစာ (မတ်လ ၈၊ ၂၀၂၃)

နိုင်ငံရေးအကျဉ်သူတွေရဲ့ မိသားစုဝင်တချို့ကို ထောင်အာဏာပိုင်တွေက ထောင်ဝင်စာပေးလို့မရဘူးလို့ ပြောခဲ့ပြီးနောက်မှာ သူတို့က နိုင်ငံရေးအကျဉ်းသားတွေအကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေပါတယ် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီကို ဆက်သွယ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီအဖွဲ့က စုံစမ်းတဲ့အခါ ခုလို ထောင်တွင်းက လက်ရေးစာကို ရခဲ့ပြီး အဖြစ်အပျက်တွေ သိခဲ့ရတာဖြစ်တယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။ ဒီစာနဲ့ပါတ်သက်လို့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီဘက်က တုံ့ပြန်ချက် တစုံတရာ ထွက်မလာသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ စာရင်းတွေအရ အကျဉ်းသား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ တသောင်း ခြောက်ထောင်လောက် ရှိတဲ့အထဲမှာ အမျိုးသမီး အကျဉ်းသူ ၃၀၀၀ ကျော်ပါဝင်ပါတယ်။ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း အမျိုးသမီး ၅၀၀ နီးပါး သတ်ဖြတ်ခံရပြီး နောက်ထပ် ၃,၀၀၀ ကျော် မတရား ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အမျိုးသမီး ၄၈၃ ဦး သတ်ဖြတ်ခံရပြီး ၃၁၂၅ ဦး မတရား ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အပြင် သေဒဏ်ပေး ခံရတဲ့ အမျိုးသမီး ၁၁ ဦး၊ တသက်တကျွန်း ချမှတ်ခံရတဲ့ အမျိုးသမီး ၁၅ ဦးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၁၂၂ ဦး ရှိတဲ့အကြောင်း မတ်လ ၈ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ NUG ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG