သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတဦး မြင်းခြံထောင်မှာသေဆုံး


မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံအကျဉ်းထောင်ကို Google Map မြေပုံမှ မြင်တွေ့ရစဉ်
မန္တလေးတိုင်း မြင်းခြံမြို့ရှိ မြင်းခြံအကျဉ်းထောင်ကို Google Map မြေပုံမှ မြင်တွေ့ရစဉ်

မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေး ပုဒ်မနဲ့ အကျဉ်းကျခံနေရသူတဦး အကျဉ်းထောင်ထဲမှာ မနေ့က သေဆုံးသွားပါတယ်။ အစာအိမ်သွေးကြောပေါက် သေဆုံးတာလို့ အာဏာပိုင်တွေက ပြောပေမဲ့ သေဆုံးသူရဲ့ အလောင်းမှာ ကြိုး တုတ်ခံထားရတဲ့ အညိုအမဲ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြင်းခြံထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဆိုးဆိုးရွားရွား နှိပ်စက် ညှင်းပမ်း ခံနေရတဲ့အကြောင်း နိုင်ငံရေး အကျဉ်းသားတွေအရေး ဆောင်ရွက်နေသူတွေကလည်း သတိပေး ပြောဆိုနေချိန်မှာ ခုလို သေဆုံးသွားတာပါ။ မြင်းခြံထောင်ဘက်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။

မြင်းခြံထောင်ထဲမှာ နိုင်ငံရေး ပုဒ်မ ၅၀၅ - က နဲ့ အကျဉ်းကျခံနေရတဲ့ မြင်းခြံမြို့နယ် မကျီးစု ကျေးရွာသား ကိုစိန်ဝင်းဟာ အကျဉ်းထောင်ထဲမှာ အစာအိမ်သွေးကြော ပေါက်ပြီး သေဆုံးသွားတယ်လို့ ဇူလိုင် ၂ ရက် နေ့လည်ပိုင်းမှာ ရဲစခန်းက မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။ သေဆုံးသူ ကိုစိန်ဝင်းရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံ ပြန်ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ရုပ်အလောင်းကို ပြန်မပေးတော့ဘဲ ဇူလိုင် ၃ ရက်မှာတော့ ဆေးရုံရဲ့ ရင်ခွဲရုံမှာ မီးသဂြိုလ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကိုစိန်ဝင်း သေဆုံးချိန် ကိုစိန်ဝင်းရဲ့ ခြေထောက်နဲ့ လက်တွေမှာ ကြိုးတုပ်ထားတဲ့ ဒဏ်ရာ အညိုမဲတွေ တွေ့ရှိရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တဦးက အခုလို ပြောပါတယ်။

“ကိုစိန်ဝင်း ထောင်ထဲမှာ အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါနဲ့ဆုံးတယ်ပေါ့။ သွားကြည့်ကြတယ်ဗျ။ အစတုန်းက (အလောင်း) ထုတ်မှာလား ထုတ်ရင်တော့ ၇ သောင်းလောက် ကုန်မယ်လို့ပြောတယ် မနေ့ကတုန်းက။ ရတယ် ထုတ်မယ်ဆိုပြီး သွားထုတ်ကြတော့ သူတို့က အထုတ်မခံတော့ဘူး။ အထုတ်မခံတော့ဘဲ ရင်ခွဲရုံကနေ သဂြိုလ်လိုက်တယ်။ သူတို့ပြောပုံအရ ခြေထောက်တွေ လက်တွေမှာ ထိပ်တုံးခတ်ထား ကြိုးတုပ်ထားတဲ့ အရာတွေတော့ ရှိတယ်။ အသားအရည်တွေ မဲခြောက်နေတာ။ အသားအရည်တွေ မဲခြောက်ပြီး ဖောင်းပွနေတာ။ မိသားစုက တော်တော်ကို စိတ်မကောင်းဖြစ်နေတယ်။ နောက်ပြီးတော့ သူ့မှာလည်း သမီး ၂ ယောက် ကျန်ခဲ့တယ်ခင်ဗျ။ လောလောဆယ်တော့ မိန်းကလေး ၃ ယောက်ပဲ ကျန်ခဲ့မှာပေါ့နော်။ အဲ့လိုကတော့ စိုးရိမ်တာပေါ့ သူတို့အတွက်မှမဟုတ်ဘူး။ (အကျဉ်း) ကျနေတဲ့သူတွေ အကုန်လုံးအတွက်က စိုးရိမ်စရာပဲ။”

ကိုစိန်ဝင်းဟာ ညီဖြစ်သူ ကိုစိန်သင်းနဲ့ လယ်လုပ်နေချိန် စစ်တပ်က ရောက်လာပြီး ကိုစိန်ဝင်းတို့ ညီအစ်ကို ၂ ယောက် အပါအဝင် ကျေးရွာက ၇ ဦးထက် မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နိုင်ငံရေးပုဒ်မ ၅၀၅ တပ် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် တရားရုံးက ထောင် ၃ နှစ် ပစ်ဒဏ်ချမှတ်ခဲ့ပြီး ၁ နှစ်ကျော် အကြာမှာ အခုလို ထောင်တွင်းမှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုစိန်ဝင်းဟာ သာမန်လယ်သမားတဦးသာဖြစ်ပြီး စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုင်ငံရေး ပုဒ်မတပ် ထောင်ချခံရတာဖြစ်ပြီး နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ချိန်မှာလည်း ကျန်းမာတဲ့ ပုံစံရှိတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မြင်းခြံထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဖိနှိပ် ညှင်းပန်းနှိပ်စက်မှုတွေဟာ ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းတွေအတွင်း ဆိုးဆိုးရွားရွား ဆက်ရှိနေခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူတွေက သတိပေး ပြောဆိုနေချိန်မှာပဲ သေဆုံးသွားတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကပဲ မြင်းခြံ ထောင်တွင်းက နိုင်ငံရေး အကျဉ်းသား ၁၃ ဦး ခေါ်ထုတ်ခံခဲ့ရပြီး ဆိုးဆိုးရွားရွား နှိပ်စက် ညှင်းပမ်းခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်အဖွဲ့ဝင်တဦးက မနေ့ ဇူလိုင် ၂ ရက်နေ့က ကျင်းပတဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"ခေါ်ထုတ်သွားတဲ့သူတွေကို မေလ ၂၉ရက်နေ့မှာ ပြန်ပို့တယ်ခင်မျ။ ပြန်ပို့တဲ့အခါမှာလည်း မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ တဦးချင်းစီကိုပေါ့နော် ဒီမှာရှိတဲ့အကျဉ်းသားတွေက ထမ်းပြီးမှကို သယ်လာရတဲ့အနေအထားမှာ ရှိတယ်ခင်မျ။ ပြီးတော့ အဲဒီမှာရှိနေတဲ့ မျက်မြင်သက်သေနောက်တဦးရဲ့ပြောပြချက်အရဆိုရင် ကိုစိုးရာဇာထွန်းလွင်တို့ ကိုကျော်မျိုးတင့်တို့ ကိုမင်းရဲထွေးတို့ သူတို့တွေဆိုရင် ခန္ဓာကိုယ်မှာ ဓါးနဲ့အမွှမ်းခံထားရတဲ့ ပြတ်ရှဒဏ်ရာတွေ၊ ပြီးတော့ မျက်နှာမှာဆိုလည်း ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဖူးယောင်ဒဏ်ရာတွေ အများကြီးပဲပေါ့နော်။ ပြီးတော့ ၂၉ရက်နေ့မှာ မြင်းခြံထောင်ကို ပြန်ပို့ပေးခဲ့ပေမယ့်လည်း သူတို့ဆေးကုသခွင့်ကို ပိတ်ပင်ခဲ့တာ မနေ့က (ဇူလိုင် ၂) အထိပါခင်မျ။ ပြီးတော့ကျတော့ ထောင်ဝင်စာတွေ့ခွင့်ကိုလည်း ပိတ်ခဲ့ကြပါတယ်။"

ခေါ်ထုတ်ခံရသူအချို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို သရက်ထောင်နဲ့ မကွေးထောင်တို့ကို ဇူလိုင် ၁ ရက်နေ့က ပြောင်းရွှေ့ခဲ့တယ်လို့ ထောင်ပြောင်းရွှေ့ခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ပြောင်းရွှေ့ခံရတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အကျဉ်းထောင် စည်းကမ်းနဲ့ မညီညွတ်တဲ့အတွက် ပြောင်းရွှေ့တာဖြစ်တယ်လို့ အကျဉ်းဦးစီးဘက်က မိသားစုဝင်တွေကို ဖြေကြားတယ်လို့ ပြောပါတယ်။

မြင်းခြံထောင်မှာ နိုင်ငံရေး အကျဉ်းသား သေဆုံးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အရင်ကလည်း စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက် ခံရတဲ့ဒဏ်ကြောင့် အကျဉ်းထောင်တွင်း သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့တယ်လို့ မြင်းခြံထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူပေါင်း ၂၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူတွေ ရှိသလို လူပေါင်း ၁၉,၀၀၀ ကျော်ကတော့ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ စာရင်းဇယားတွေအရ သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ကတော့ AAPP နဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အချက်အလက်တွေဟာ ချဲ့ကား ဖော်ပြနေတာလို့ တုံ့ပြန် ပြောဆိုလေ့ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်သူတွေနဲ့ ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG