သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားအချို့ပါဝင်


ဧပြီ ၁၇၊ ၂၀၂၃ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသား ၃၀၀၀ ကျော်လွတ်မြောက်
ဧပြီ ၁၇၊ ၂၀၂၃ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသား ၃၀၀၀ ကျော်လွတ်မြောက်

မြန်မာနှစ်ဆန်း ၁ရက်၊ ဧပြီလ ၁၇ရက်၊ ဒီကနေ့မှာ အကျဉ်းသူ၊ အကျဉ်းသားတွေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံခြားသား ၉၈ ဦးအပါအဝင်၊ ပြစ်ဒဏ်ကျခံထားရသူ စုစုပေါင်း ၃,၀၁၅ ဦးကို လွတ်ပေးမယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ပြီးတဲ့နောက် နိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်ပေးလိုက်တာပါ။ အခုပြန်လွှတ်ပေးလိုက်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ရန်ကုန်ပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်းတွေကနေ အကျဉ်းသူ၊ အကျဉ်းသား ၃,၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဧပြီလ ၁၇ ရက်၊ ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှာ ပြန်လွတ်ပေးမယ်လို့ စစ်ကောင်စီက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ပြန်လွှတ်ပေးလိုက်တာပါ။ အခု ပြန်လွှတ်ပေးလိုက်တဲ့သူတွေ အနေနဲ့ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဆိုတဲ့ ခံဝန်ဂတိ ပုဒ်မ (၄၀၁-၁) အရ လွှတ်ပေးတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ ပြန်လွှတ်ပေးတဲ့အထဲ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ဘက်က ၂၄၁ ဦး အပါအဝင် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အကျဉ်းထောင် ၇ ခုက စုစုပေါင်း ၄၆၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ အင်းစိန်ထောင်ကနေ အကျဉ်းသား အယောက် ၂၀၀ကျော်ကို လွှတ်ပေးလိုက်ပေမယ့် နိုင်ငံရေးအကျဉ်းသား မပါဝင်ခဲ့ဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သူတဦးက ဗွီအိုအေကိုပြောပါတယ်။

“၂၀၀ ကျော်လွတ်တယ်ပြောတယ်။ ဒါမယ့် နိုင်/ကျဉ်း တယောက်မှမပါဘူး။ ၅၀၅ တယောက်မှမပါဘူး။ အခုလွတ်တာက ရာဇဝတ် အထွေထွေ အကျဉ်းသားတွေ လွတ်တာများတယ်။ အဲဒါကတော့ လက်ရှိဖြစ်နေတဲ့ စကစနဲ့ သူ့ရဲ့ဆန့်ကျင်ဘက် နိုင်ငံရေး အင်အားစုတွေ ကြားထဲက နိုင်ငံရေး အားပြိုင်မှု ပြင်းထန်လာတဲ့အပေါ်မှာ ပြန်ရုတ်လိုက်တယ်လို့ မြင်တာပေါ့လေ။ ဒီလူတွေလွတ်ရင် တဖက်အင်အားစုတွေ အင်အားကြီးလာမလားလို့ တွက်ဆတယ်နဲ့ တူပါတယ်။ ဆရာတို့ကတော့ အရင်ပေးတဲ့အတိုင်းပေါ့၊ မူဝါဒလေးချပြီးတော့ ဘယ်ဥပဒေနဲ့ အကျုံးဝင်တဲ့သူဆိုရင် ပြစ်ဒဏ်ကာလ တနှစ်အောက်ဆို တနှစ်အောက်ပေါ့၊ ဘယ်သူဘယ်ဝါ ပါပါစေဆိုတာမျိုး မဟုတ်ဘဲ မူတခု ချလုပ်တာကောင်းတာပေါ့။ အခုက ဘယ်လိုပေးတယ်ဆိုတဲ့ မူဝါဒလည်းမသိဘူး။”

အခုတခေါက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ အသက် ၇၅နှစ်နဲ့အထက် ပြစ်ဒဏ်ကျခံနေရသူတွေ၊ မူးယစ်မှု၊ တပ်မတော်အက်၊ ရဲစည်းကမ်း၊ လဝကအက်တွေနဲ့ ပြစ်ဒဏ်ကျခံရသူတွေ လွတ်တာများတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခံဝန်ဂတိ ပုဒ်မ (၄၀၁-၁) ခံဝန်ချက်နဲ့ပဲ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုလွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား ၉၈ ဦးထဲက သီရိလင်္ကာနိုင်ငံသား ၅ ဦးကိုတော့ အမည်နဲ့တကွ သီးခြား ကြေညာထုတ်ပြီး လွတ်ငြိမ်းခွင့်ပြုကြောင်း ထူးခြားစွာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အခု လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေ၊ သေဒဏ် ချမှတ်ခံထားရသူတွေ၊ ဖမ်းဆီးခံထားရတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထိပ်သီးခေါင်းဆောင်တွေ ပါဝင်ခြင်း မရှိပါဘူး။

ဒါပေမယ့် စစ်ကောင်စီကပေးတဲ့ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပါဝင်တယ်လို့ သူ့မိသားစုဝင်တဦးက ဗွီအိုအေကို အတည်ပြုပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား Sean Turnell ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာထောင်တွင်း ၂နှစ်နဲ့ ၂ လကျော်နေခဲ့ရပြီး လွတ်ရက်နီး‌နေပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး အိုးဘိုထောင်က ပြန်လွတ်လာသူတွေထဲမှာတော့ တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၂ဦးပါဝင်ခဲ့ပါတယ်။ အဲဒီထောင်က အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း အယောက် ၈၀နီးပါး လွတ်ခဲ့တာပါ။ အဲဒီထဲမှာ တရုတ်နိုင်ငံသား ၂ဦး ပါဝင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သတ်လို့ သူ့ရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။

“သူတို့က နိုင်ငံရေးထွက်ပေါက်အတွက်ဘဲ၊ ဒီနှစ်ကူးပေါ့ နှစ်ကူးအခါသမယမှာ အဲအတွက် အထိမ်းအမှတ်ပုံစံမျိုးတွေ သူတို့ လွှတ်တာ ရှိတဲ့အတွက်မို့ နံပါတ် ၁ ကတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့နဲ့၊ နိုင်ငံတကာ ဖိအားတွေလျော့ဖို့နဲ့ သူတို့ရဲ့ တရားဝင်မှုကို ပြသတဲ့သဘော ရည်ရွယ်တယ်ပေါ့။ နောက်တခုကတော့ သူ့မှာ နိုင်ငံရေးစိတ်စေတနာ မရှိဘူး။ ဒီတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးမယ်ဆိုတဲ့ စိတ်စေတနာ အစထဲက မရှိဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်ပေးတာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရန်သူလို သတ်မှတ်ထားလို့ သူတို့ မလွှတ်ပေးတာဖြစ်တယ်လို့ မှတ်ယူပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ရက်အထိ စစ်ကောင်စီရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့စွပ်စွဲချက်နဲ့ စုစုပေါင်း ၂၁,၃၄၈ ဦးကို ဖမ်းဆီးခဲ့တာမှာ အဲဒီထဲက ၁၇,၄၆၀ ဟာ ဆက်လက် ဖမ်းဆီးခံထားရပြီး၊ ၅,၅၈၆ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာမှ သေဒဏ်ချမှတ်ခံထားရသူ ၁၀၉ ဦးအထိ သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်ကွယ် သေဒဏ်အဖြစ်ချခံထားရသူ ၄၂ ဦးလည်း ရှိနေပါတယ်။ ဒါကြောင့် သေဒဏ်ချခံရသူ စုစုပေါင်းဟာ ၁၅၁ ဦးအထိရှိနေတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG