သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် စစ်ကောင်စီပြန်လွှတ်


၅၀၅(က)နဲ့ထောင်ကျနေသူတွေ ပြန်လွတ်မြောက်လာ (မေ ၃၊ ၂၀၂၃)
၅၀၅(က)နဲ့ထောင်ကျနေသူတွေ ပြန်လွတ်မြောက်လာ (မေ ၃၊ ၂၀၂၃)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက် ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ အယောက် ၂,၀၀၀ကျော်ကို ဒီကနေ့ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးလိုက်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကိုလည်း ထောင်ဒဏ်တသက်အဖြစ် ပြောင်းလဲ ချမှတ်လိုက်ပါတယ်။ ဒီလူတွေကို ခံဝန်လက်မှတ်နဲ့ လွှတ်ပေးတာဖြစ်ပြီး အများစုဟာ ထောင်ထဲမှာ လွတ်ရက်နီးသူတွေဖြစ်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါးကြုံနေရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

မေလ ၃ ရက်၊ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ စစ်ကောင်စီက ပုဒစ်မ ၅၀၅(က) နဲ့ ပြစ်ဒဏ် ကျခံထားရသူတွေကို ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီလူတွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်အရ အကျဉ်းထောင်အသီးသီးကနေ အကျဥ်းသား ၂,၁၅၃ ဦးကိုလွှတ် ပေးလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ အမျိုးသမီးတဦးကတော့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဝါးစွာခံနေရသလို ကျန်းမာရေးစောင့်ရှောက်ခွင့်လဲ ပြည့်ဝစွာ မရတာတွေနဲ့ ကြုံနေရတယ်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ပြောချင်တယ်၊ အဲ့အထဲမှာ အခွင့်အရေးတွေ အများကြီးဆုံးရှုံးခံရတယ်။ ပြီးတော့ အထဲမှာဆိုရင် ကျမ နေခဲ့တဲ့ထောင်မှာ မိန်းကလေးဆောင်မှာဆို နိုင်ငံရေးနဲ့ကျတဲ့ အကျဉ်းသား တရာလောက်ကျန် နေသေးတယ်။ အဲထဲမှာ ၁၈၊ ၁၉ ကလေးတွေ အများကြီးကျန်သလို၊ ၂ နှစ်အထက်နေနေရတဲ့ သူတွေကော၊ သက်ကြီး ပိုင်းတွေကော ကျန်သေးတယ် အမ။ ကျန်းမာရေးတွေ ချို့ယွင်းနေတယ်။ ကျမတို့ မိန်းမဆောင်မှာဆို အဆောင်မှုး ၃ပွင့်နဲ့ အမျိုးသမီးရယ်၊ ယောက်ကျားလေးဆောင်ဆို ၃ပွင့်နဲ့ ဆရာဝန်ရယ်၊ ၂ပွင့်နဲ့ ဆေးမှုးတို့ ဘာတို့ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်မှု မပေးသလို သေရင်တောင် ဒီအတိုင်းရပ်ကြည့်တာ။ အရေးကြီးလူနာကို အခန်းထဲထိ ဆေးထိုးရမယ့် လူနာကို မထိုးပေးဘူးအမ၊ ဆေးမကုရသူတွေရှိတယ်။ ဆေးမကုပေးတာကော၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာကော၊ ခြိမ်းခြောက်မှုတွေကော။ ညီမ လုံခြုံတဲ့နေရာ ရောက်မှပြောပြမယ်။ အဲထဲမှာ ပိတ်မိနေသလို ဖြစ်နေတယ်။ သတင်းလည်းအမှောင်ကျနေတယ်။”

သူမဟာ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးခံခဲ့ရပြီး သူမအနေနဲ့ ဒီလ ၁၆ ရက်ဆို လွတ်ရက်စေ့ပြီဖြစ်တယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ခံဝန်ကို မထိုးချင်ပေမယ့် မထိုးမနေရ ဖိအားပေးမှု ရှိခဲ့တာကြောင့် ခံဝန်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ပေးတဲ့သူတွေကို နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်တယ်ဆိုရင် လျှော့ပေါ့ထားတဲ့ပြစ်ဒဏ်ကို တပေါင်းတည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လွတ်ပေးတာဖြစ်တယ်လို့ ဒီကနေ့ ပြန်လွတ်လာသူတွေက ပြောပါတယ်။ ဒီကနေ့လွတ်လာသူ အများစုဟာလည်း လွတ်ရက်နီးသူတွေ ဖြစ်ပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်ကနေ အကျဉ်းသူ၊ အကျဉ်းသား အယောက် ၃၀၀ကျော် လွတ်မြောက်လာခဲ့ပါတယ်။ ဒီထဲမှာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသားအချို့၊ သတင်းထောက်တချို့နဲ့ တက်ကြွလှုပ်ရှားသူတချို့ ပါဝင်ခဲ့ပါတယ်။ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူ ရှေ့နေတဦးကတော့ ဒီတခေါက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပတ်သတ်လို့ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မနက်ကလွတ်တာ ၃၀၀ နည်းနည်းလေးစွန်းတယ် ပြောတယ်။ အင်းစိန်က လွတ်တာလေ။ ကျခံရန်ကျန်ကာလ တနှစ်အောက်တွေလွတ်တာ။ ကျခံရန်ကျန်ကာလ တနှစ်အထက်နဲ့ လူတွေရယ်၊ တခြားပုဒ်မတွေနဲ့ စွဲထားသူတွေ မပါသေးဘူး။ အနေအထားကတော့ ထူးခြားတဲ့ အနေအထားတော့ တွေ့ရတာပေါ့။ ဘာကြောင့်လဲဆိုရင် အရင်က လွတ်ငြိမ်းပေးတယ်ပေါ့၊ လွတ်ငြိမ်းပေးတာတို့ အမှုရုတ်သိမ်းနဲ့ ဖြေလျော့တာတို့က အားလုံးအပေါ်ခြုံလုပ်တာပေါ့။ ဒီမှာကျတော့ ၅၀၅(က) နဲ့ကျတော့ နိုင်ငံရေးပုဒ်မပေါ့၊ တနည်းပြောရရင် နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို သီးခြားလွတ်တာဆိုတော့ နိုင်ငံတကာရဲ့ ကြားဝင်မှုအပေါ် နိုင်ငံရေးဖြေလျော့တာလို့ မြင်တာပေါ့လေ။ နိုင်ငံရေးဘက်ကကြည့်ရင် ဖြေလျော့မှု လုပ်ဦးမယ်၊ လုပ်လိမ့်ဦးမယ်လို့ မြင်ပါတယ်။”

ဒီကနေ့ ပြန်လွှတ်လာသူတွေထဲ နယ်မြို့တွေဖြစ်တဲ့ ထားဝယ်အကျဉ်းထောင်ကနေ ၃၆ ဦး၊ ဒိုက်ဦး အကျဉ်းထောင်ကနေ ၁၂၈ ဦး၊ လားရှိုး အကျဉ်းထောင်ကနေ အယောက် ၂၀ကျော်အပြင် တခြားအကျဉ်းထောင်တွေက အသီးသီးပြန်လည် လွတ်မြောက်လာကြတယ်လို့ အဲဒီထောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့ ပုဒ်မ ၅၀၅(က) နဲ့ သီးသန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်တဲ့ မစ္စတာ Qin Gang မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်ကောင်စီဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးထွက်ပေါက်တခုရဖို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“လွတ်နီးတွေကို လွှတ်ပေးပြီးတော့ သူတို့က နိုင်ငံတကာကို လှည့်ဖျားဦးမယ်။ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တကယ့် နာမည်ကြီးတွေပေါ့နော်။ အဲလူတွေပါမလာခြင်းကိုက တကယ့် တကယ်ကိုက လွတ်နီးလောက်ကို လွှတ်ပေးပြီးတော့ တရုတ်ကစားကွက်ပေါ့ နိုင်ငံရေးအရကြိုးကိုင်တဲ့အပေါ် ထွက်ပေါက်ရှာတယ်လို့ သုံးသပ်တယ်။ တကယ့် တကယ်က နိုင်ငံရေးအရ သွေးရိုးသားရိုး မဟုတ်ဘူး။ မရိုးမဖြောင့်တဲ့ ပုံစံနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းကိုက ဒါက အဖြေမဟုတ်ဘူးလို့ သုံးသပ်တယ်။”

ဒီကနေ့မှာဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပြင် သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၃၈) ဦးကိုလည်း သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက်အဖြစ် စစ်ကောင်စီက ပြောင်းလဲ ချမှတ်ခဲ့ပါတယ်။ ဒီ ၃၈ ဦးဟာ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးမှာ သေဒဏ် ကျခံနေရသူတွေ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ အခု ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၂,၀၀၀ နီးပါးရှိပြီး အဲဒီအထဲက ၃,၉၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဖမ်းဆီးထားသူနဲ့ ပြန်လွတ်ပေးသူ အရေအတွက်ကို သီးခြားထုတ်ပြန်ထားတာမရှိသလို AAPP က ထုတ်ပြန်တဲ့ စာရင်းတွေဟာ ချဲ့ကားထားတဲ့စာရင်းတွေလို့ ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG