သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅၀၅(က) နဲ့ ပြစ်ဒဏ်ကျခံထားရသူ အကျဥ်းသား ၂၀၀၀ ကျော် စစ်ကောင်စီလွှတ်ပေး


နှစ်ဆန်းတစ်ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၃၀၀၀ ကျော်လွတ်မြောက်ခဲ့ (ဧပြီ ၁၇၊ ၂၀၂၃)
နှစ်ဆန်းတစ်ရက်နေ့လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၃၀၀၀ ကျော်လွတ်မြောက်ခဲ့ (ဧပြီ ၁၇၊ ၂၀၂၃)
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အရ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကြေညာပါတယ်။
အခုလွှတ်ပေးတဲ့သူတွေအနေနဲ့ နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက အဲဒီ ပြစ်ဒဏ်အပြင် အခု ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါမည် − ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သည်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်နဲ့ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာလို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုနှစ် ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာရှိတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား ၃,၀၁၅ ဦး ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး လွှတ်ပေးခဲ့သလို၊ နိုင်ငံခြားသားအကျဉ်းသား ၉၈ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းခွင့်ပြုတဲ့ အကျဉ်းသားတွေဟာလည်း အခုတကြိမ် လွတ်ငြိမ်းခွင့်ပေးသလိုမျိုး “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ခဲ့ရင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်” − ဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေလ ၂ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ နောက်ဆုံးစာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ အကျဉ်းသား ၁၇,၈၉၇ ဦးရှိပြီး အဲဒီအထဲက ၃,၉၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG