သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင်ပြောတဲ့ အရပ်သားအစိုးရလက်ထက်ကထက် GDP တိုးတက်လာတယ်ဆိုတာ အမှန်လား


ဩဂုတ်လ(၂၅)ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေး
ဩဂုတ်လ(၂၅)ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၀၂၃ ခုနှစ်မှာ အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ခုနှစ်ကထက် ပြည်တွင်းအသားတင်ထုတ်ကုန် တန်ဖိုး (GDP) တိုးတက်မှု ၉ ရာခိုင်နှုန်းရှိ

Source: နေပြည်တော်မှာ ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေး (၂၀၂၃၊ ဩဂုတ်၂၅)
မမှန်ကန်
အချက်အလက်စစ်ဆေးခြင်း

၂၀၁၉ - ၂၀၂၀ ခုနှစ် တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက် ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ GDP ၉ ရာခိုင်နှုန်းအထက်ရှိအောင် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အဦများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့သည်များလည်းတွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရခဲ့သည်ကို ပြည်သူများအားလုံး သိရှိရန်လိုကြောင်း။ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုမှုကို ပြန်လည်ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ်။

မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာ ဇွန် ၂၀၂၃ ကို ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုဟာ လာမယ့် စက်တင်ဘာလအထိ ခန့်မှန်းချက်အရ ၃ ရာခိုင်နူန်းတိုးတက်လာမယ်လို့ ခန့်မှန်းပေမယ့် ဒါက ၂၀၁၉ ခုနှစ်ကနဲ့ ယှဉ်ရင် GDP အနေနဲ့ ၁၀ ရာခိုင်နူန်း နည်းနေသေးတုန်းပဲလို့ ဖေါ်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၃)ရက် VOA မြန်မာပိုင်းက ဖေါ်ပြထားတဲ့ ဆောင်းပါးရှင်းပြည်သွေးနိုင်ရဲ့ ဆောင်းပါးအတွင်းမှာလည်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး “ပြန်လည်နာလံထူနိုင်မယ့်အခြေအနေမရှိ”လို့ နာမည်ပေးထားတဲ့ မြန်မာ့စီးပွါးရေးစောင့်ကြည့်အစီရင်ခံစာမှာ မြန်မာ့စီးပွါးရေးဟာ၂၀၂၃ ပထမခြောက်လအတွင်းမှာ ငြိမ်နေခဲ့ပေမဲ့ အိမ်ထောင်စုတွေဝင်ငွေကျဆင်းနေတာ၊ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်နေရတာစတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ GDP ဟာ ၃ ရာခိုင်နှုန်းတိုးတက်မယ်ခန့်မှန်းထားပေမဲ့ ဒါဟာ ၂၀၁၉ နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း လျှော့နည်းနေသေးတယ်။ ငွေကြေးဖောင်းပွမှုက ၁၄ ရာခိုင်နှုန်းရှိတယ်။ ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်များကို ကိုးကားပြီး Macrotrends က တွက်ချက်ထားတဲ့ အချက်အလက်တွေမှာ မြန်မာ့ GDP တန်ဖိုးက ၂၀၁၉ ခုနှစ်မှာ ၆၈.၇၀ ဘီလီယံ ၊ ၂၀၂၀ ခုနှစ်မှာ ၇၈.၉၃ ဘီလီယံရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ ၆၅.၁၂ ဘီလီယံအထိ ကျဆင်းခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၂၂ ခုနှစ်မှာ ၅၉.၃၆ ဘီလီယံအထိ ကျဆင်းခဲ့တာကို အချက်အလက်များမှာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေး ဆုတ်ယုတ်မှုကို ကမ္ဘာ့ဘဏ်အသိပေးထားတဲ့အကြောင်း ၂၀၂၃ ခုနှစ် ဇွန်လ (၂၇) VOA မြန်မာပိုင်းသတင်းမှာလည်း ဖေါ်ပြထားပါတယ်။ အာဏာသိမ်းထားတဲ့ ၂ နှစ်တာအတွင်း တိုင်းပြည်တည်ငြိမ်မှုနဲ့ စီးပွားရေး နာလန်ထူအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုတဲ့အချက်၊ အိမ်ထောင်စုဝင်ငွေတိုးတက်မှုမရှိဘဲ ကုန်စျေးနူန်းကြီးမြင့်တာ၊ ကုန်ပစ္စည်းပြတ်လပ်တာတွေပိုဆိုးလာတာ၊ ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းလာတာ၊ အလုပ်အကိုင်ရှားပါးပြီး လုပ်အားခနည်းပါးလာတဲ့အချက်တွေကို ကမ္ဘာ့ဘဏ်ကထောက်ပြထားပြီး ဒီအခြေအနေတွေကြောင့် စီးပွားရေး ပြန်လည်နာလန်ထူဖို့ နှောင့်နှေးမယ်လို့ သတိပေးထားပါတယ်။

XS
SM
MD
LG