သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေး ဆုတ်ယုတ်မှု ကမ္ဘာ့ဘဏ် သတိပေး


ရန်ကုန်မြို့မှာ မီးပျက်အချိန်အတွင်း ဈေးရောင်းနေတဲ့ ညဈေးသည်တချို့ကိုတွေ့ရစဉ် (မတ် ၃၊ ၂၀၂၂)
ရန်ကုန်မြို့မှာ မီးပျက်အချိန်အတွင်း ဈေးရောင်းနေတဲ့ ညဈေးသည်တချို့ကိုတွေ့ရစဉ် (မတ် ၃၊ ၂၀၂၂)

မြန်မာ့လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုဟာ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် အမာရွတ်တခုလို ထိခိုက်မှု ကြီးမားလွန်းတယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ သတိပေးလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအတွင်း ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းတွေနဲ့ စစ်ကောင်စီရဲ့ လက်တွေ့မကျတဲ့ မူဝါဒတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ တလျှောက်လုံး ထိခိုက်သွားနိုင်တဲ့ အခြေအနေ ကြုံနေရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ပြန်လည် နာလန်ထူဖို့ မလွယ်နိုင်တဲ့ အခြေအနေ “A fragile recovery” လို့ နာမည်ပေးထားတဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာထဲမှာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေတာကို သတိပေးထားတာပါ။ ဒီနှစ်အတွင်း စက်တင်ဘာလအထိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ဟာ အစောပိုင်းက ခန့်မှန်းခဲ့သလိုပဲ ၃ % လောက် တိုးနိုင်တယ်လို့ ခန်မှန်းရပေမယ့်လို့ ဒါဟာ ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ဘေး မတိုင်ခင် ကာလကရှိခဲ့တဲ့ နှစ်စဥ် GDP နှုန်းအောက် ၁၀ % လောက် ကျဆင်းနေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီဟာ တိုင်းပြည်ကို တည်ငြိမ်အောင်နဲ့ စီးပွားရေး နာလန်ထူအောင် မလုပ်နိုင်တာကို ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။ အိမ်ထောင်စုတွေရဲ့ ဝင်ငွေ တိုးမလာဘဲ ကုန်ဈေးနှုန်း ကြီးမြင့်လာတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တာတွေ ပိုဆိုးလာပြီး လျှပ်စစ်မီး လုံလုံလောက်လောက် မရတာ၊ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲလာတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ အလုပ်အကိုင်တွေ ရှားပါးလာပြီး လုပ်အားခ နည်းပါးလာတာလို အခြေအနေတွေက စီးပွားရေး ပြန်လည် နာလန်ထူဖို့ နှောင့်နှေးစေတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။

လက်ရှိကြုံနေရတဲ့ ကုန်ဈေးနှုန်းကြီးမြှင့်မှုတွေနဲ့ ငွေကြေးဖောင်းပွမှု ပြဿနာတွေဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘဏ္ဍာငွေကြေး ချယ်လှယ်မှုတွေနဲ့ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေရဲ့ မသမာတဲ့လုပ်ရပ်တွေကြောင့် ဖြစ်ရတာလို့ အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောနေပေမဲ့၊ တကယ်တမ်း လက်ရှိ ဆုတ်ယုတ်မှု အခြေအနေအားလုံးရဲ့ တရားခံဟာ အာဏာသိမ်းခေါင်းဆောင်သာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေကလည်း ထောက်ပြ ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG