သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်ရောက် နီပေါနိုင်ငံသားတွေကို ထိုင်းကယ်တင်


မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ဆိုင်ဗာရာဇဝတ်မှုကျူးလွန်ဖို့ ခိုင်းစေခံထားရတဲ့ နီပေါနိုင်ငံသားတွေကို ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ကယ်ဆယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၁၄၊ ၂၀၂၃။ ဓာတ်ပုံ Thai DSI)
မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ဆိုင်ဗာရာဇဝတ်မှုကျူးလွန်ဖို့ ခိုင်းစေခံထားရတဲ့ နီပေါနိုင်ငံသားတွေကို ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ကယ်ဆယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၁၄၊ ၂၀၂၃။ ဓာတ်ပုံ Thai DSI)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်ဒေသက တရုတ်ကာစီနိုလောင်းကစားရုံနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာရောင်းစားခံရတဲ့နီပေါနိုင်ငံသားတွေကို ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန Department of Special Investigation (DSI) ကဦးဆောင်ပြီး ကယ်ဆယ်ခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်ဒေသက တရုတ်ကာစီနိုလောင်းကစားရုံနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာရောင်းစားခံရတဲ့ နီပေါနိုင်ငံသားတွေကို စက်တင်ဘာလ ၁၂ ရက်နေ့က ကယ်ဆယ်ခဲ့ကြောင်း ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (Department of Special Investigation(DSI)က စက်တင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တယ်လို့ ထိုင်းမြန်မာနယ်စပ်က မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဌာန Department of Special Investigation(DSI) က ဦးဆောင်ပြီး ထိုင်းနဲ့မြန်မာနိုင်ငံအတွင်း နှစ်နိုင်ငံမှာ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ လူကုန်ကူးခံနေရတဲ့ နီပေါနိုင်ငံသား (၈) ဦးကို ကယ်တင်နိုင်ခဲ့ကြေင်း စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

"အဲဒီလိုနီပေါနိုင်ငံသားတွေ ကို အွန်လိုင်းလိမ်ဂိုဏ်းတွေက ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park ကာစီနိုတွင် လိမ်လည်သူအဖြစ်လုပ်ကိုင်ဖို့ ခေါ်ဆောင်ခြင်းခံရတဲ့နီပေါနိုင်ငံသားတွေကို ကယ်ဆယ်ပေးဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲ A21 ဖောင်ဒေးရှင်းက DSI ကို တိုင်ကြား တောင်းဆိုခဲ့တာဖြစ်ပါတယ်။"

နီပေါနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်ကောင်းရမယ်လို့ လိမ်လည်ခေါ်ယူတာခံရပြီး ထိုင်းကိုရောက်မှ ထိုင်းကနေတဆင့် ကရင်ပြည်နယ် မြဝတီဘက်က အွန်လိုင်းလိမ်ဂိုဏ်းတွေဆီရောင်းစားခံခဲ့ရတာပါ။ သူတို့တွေကို မြဝတီက Call center လို့ခေါ်တဲ့လိမ်လည်တဲ့ လုပ်ငန်းတွေပို့ဆောင်ခဲ့ကြောင်း၊ သူတို့တွေဟာ အဓိက အမေရိကန်နဲ့ဥရောပနိုင်ငံသားတွေဆီကနေ ငွေလိမ်ယူနိုင်ဖို့ ခိုင်းစေခံရတယ်လို့ ထွက်ဆိုဝန်ခံခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ရောင်းစားခံရတဲ့နီပေါနိုင်ငံသားတွေဟာ သတ်မှတ်ထားတဲ့အတိုင်း ငွေတွေလိမ်လည်မပေးနိုင်ဘူးဆိုရင် အပြစ်ပေးခံရတယ်လို့လည်း ဝန်ခံထွက်ဆိုကြတယ်လို့ လည်းဆိုပါတယ်။

"သူတို့တွေဟာ သတ်မှတ်ထားတဲ့စံချိန်စံညွှန်းအတိုင်း ငွေလိမ်မရရင် မှတ်ထားသည့်အတိုင်း ငွေလိမ်လည်လို့မရရင် ပြစ်ဒဏ်ပေးခံရတာဖြစ်ပါတယ်။ ဘယ်လိုအပြစ်ပေးလဲဆိုရင် နေပူထဲမှာပြေးခြင်း၊ ဒိုက်ထိုးခိုင်းတာ၊ ထိုင်ထလုပ်ရတာ၊ ရေ 20 လီတာပုံးတွေကို မြှောက်ခိုင်းပြီး ဒဏ်ပေးတာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ပေး တာတွေ ခံရတယ်လို့ လွတ်မြောက်လာသူတွေက ထွက်ဆိုကြပါတယ်။"

သူတို့လွတ်မြောက်ဖို့ ဘတ်ငွေ ၂ သိန်းနဲ့ ပို့ဆောင်ခ ဘတ်ငွေ ၁၆,၀၀၀ တောင်းဆိုခဲ့တယ်လို့လည်း DSI သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခုလိုလွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ နီပေါသံရုံးကလည်းပူးပေါင်းပါဝင် ကူညီခဲ့ပါတယ်။

ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ် အပါအဝင်နိုင်ငံပေါင်း ၃၀ လောက်က နိုင်ငံခြားသားတွေလည်း ကရင်ပြည်နယ် မြဝတီခရိုင်ရွှေကုက္ကိုလ် လောင်းကစားနယ်မြေမှာ ရောင်းစားခံရတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို မြဝတီကနေကယ်ထုတ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေလအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုရာဇဝတ်ဂိုဏ်းတွေရဲ့သားကောင်တွေဖြစ်ရတဲ့အထဲမှာ မြန်မာနိုင်ငံသားနဲ့ထိုင်းနိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံခြားသားတွေလည်း ပါဝင်နေတယ်ရှင်။

XS
SM
MD
LG