သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ရာဇဝတ်မှုတွေ နှိမ်နင်းရေး တရုတ်-မြန်မာ ဆွေးနွေး

ယူနန်ပြည်နယ်အနောက်ပိုင်း ရွှေလီမြို့မှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ်စစ်ဆေးရေးဂိတ် (ဇန်နဝါရီ ၁၃၊ ၂၀၂၃)
ယူနန်ပြည်နယ်အနောက်ပိုင်း ရွှေလီမြို့မှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ်စစ်ဆေးရေးဂိတ် (ဇန်နဝါရီ ၁၃၊ ၂၀၂၃)

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်တွေ တွေ့ဆုံပြီး နယ်စပ်ဒေသ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေ နှိမ်နှင်းရေးနဲ့ နယ်စပ်တည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေက မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံ သံတမန်တွေအကြား Beijing မြို့မှာ တွေ့ဆုံမှုဟာ လေးနှစ်လောက်အတွင်း ပထမဆုံးတွေ့ဆုံတာ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေး တရုတ်နိုင်ငံရဲ့ သံတမန်ရေးအရ တိတ်တဆိတ်ချဉ်းကပ်မှု တိုးပြီးလုပ်ဆောင်လာတာလို့ The South China Morning Post သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်ဒေသတွေမှာ အင်တာနက်ကနေ ငွေကြေးလိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းရေးနဲ့ ရာဇဝတ်ဂိုဏ်းတွေကြား ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ဖို့ တရုတ်အစိုးရက မြန်မာနိုင်ငံကို ဖိအားပေးနေပါတယ်။ ဩဂုတ်လ ၂၆ ရက်နေ့ကပဲ ဆက်သွယ်ရေးလိမ်လည်မှုနဲ့ သံသယရှိတဲ့သူ ၅ ယောက်ကို ရန်ကုန် လေဆိပ်ကနေ တရုတ်ရဲတပ်ဖွဲ့ဆီ မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံအကြား လောင်းကစား လိမ်လည်မှုတွေ နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဆက်သွယ်ရေးလိမ်လည်မှုနဲ့ သံသယရှိသူ စုစုပေါင်း ၂၄ ယောက်ကို ၄ ရက်အတွင်း တရုတ်နိုင်ငံကို ပြန်ခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့မေလ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အချိန်ကလည်း နယ်စပ်ဒေသ အင်တာနက်ကနေ ငွေကြေးလိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ပါတယ်။

နယ်စပ်ဒေသ ဆိုက်ဘာရာဇဝတ်မှုတွေမှာ အာရှနိုင်ငံသားတွေကို အတင်းအဓမ္မ ပြန်ပေးဆွဲသလို ဖမ်းဆီးပြီး ခိုင်းစေနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာက အာရုံစိုက်နေသလို သက်ဆိုင်ရာနိုင်ငံတွေကလည်း သူတို့ နိုင်ငံသားတွေကို ပြန်လည်ကယ်တင်နိုင်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။ အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ကြီးထွားလာနေတဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေက တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတယ်ဆိုပြီး သတိပေးထားပါတယ်။

အွန်လိုင်း ရာဇဝတ်မှုတွေ နှိမ်နင်းရေး တရုတ်-မြန်မာ ဆွေးနွေး
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG