သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုပတ်သက်သူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော် 'ဝ' ပြန်ပို့


United Wa State Army (UWSA) 30 years of a ceasefire signed with the Myanmar military in the Wa State, in Panghsang on April 17, 2019.
United Wa State Army (UWSA) 30 years of a ceasefire signed with the Myanmar military in the Wa State, in Panghsang on April 17, 2019.

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အွန်လိုင်းလိမ်လည်တဲ့ ရာဇ၀တ်မှု လုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို ဖမ်းဆီးပြီး နေရပ် ပြန်ပို့ခဲ့တယ်လို့ ‘ဝ’ တပ်ဖွဲ့ တာဝန်ရှိသူ တဦးက စနေနေ့မှာ ပြောကြောင်း အေပီ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေမှာ စီးနင်းဖမ်းဆီးမှုတွေ လုပ်ခဲ့ကြောင်း ‘ဝ’ တပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ၊ ပြောခွင့်ရ ဦးညီရန်းက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ပန်ခမ်း လို့လည်း ခေါ်တဲ့ ပန်ဆန်းမြို့ နယ်ခြားဂိတ်ကနေ တရုတ်အာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့တယ် ဆိုပါတယ်။

UWSA ‘ဝ’ တပ်ဖွဲ့နဲ့ နိုင်ငံရေး အဖွဲ့အစည်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီတို့ အုပ်ချုပ်တဲ့ နယ်မြေထဲမှာ အွန်လိုင်း ဆိုင်ဘာ ရာဇဝတ်မှု လုပ်ငန်တွေ ခွင့်မပြုကြောင်းနဲ့ အရင်ကလည်း အလားတူ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဦးညီရန်းက ပြောပါတယ်။ UWSA ရဲ့ အွန်လိုင်းမီဒီယာတခုဖြစ်တဲ့ WSTV ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၁,၂၀၇ ဦးကို တရုတ်ရဲတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပြန်လည်လွှဲပြောင်းခံရသူတွေထဲမှာ တရားခံပြေး ၄၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ရာဇ၀တ်ဂိုဏ်းတွေက အလုပ်ခေါ်စာ အတုတွေနဲ့ အလုပ်သမားတွေကို လှည့်ဖြား ခေါ်ယူပြီး တရားမဝင် လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေတဲ့ ဆိုင်ဘာရာဇဝတ်မှုတွေက အာရှတလွှားမှာ ကျယ်ကျယ်ပြန့်ပြန် ဖြစ်နေတာပါ။

အရှေ့တောင်အာရှမှာ လူထောင်နဲ့ချီဟာ သားကောင်းတွေ အဖြစ် ကျွန်ပြု ခိုင်းစေ ခိုင်းနေရကြောင်း အရင်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာက ဆိုပါတယ်။ သူတို့ဟာ အွန်လိုင်းကတဆင့် လိမ်လည်တဲ့ ဟန်ပြ အချစ်ဇာတ်လမ်းတွေ ဖန်တီးရတာ၊ အတုအယောင် ရင်းနှီးမြုပ်နှံမှုတွေနဲ့ လူတွေကို လှည့်ဖြားတာ၊ တရားမ၀င် လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်ရတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံထဲမှာ ဆိုင်ဘာ လိမ်လည်မှု လုပ်ငန်းတွေကို ထိုင်းနယ်စပ်တလျှောက် ကရင်ပြည်နယ်အရှေ့တောင်ပိုင်းရှိ မြို့တွေ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ တရုတ်နယ်စပ် မိုင်းလားမြို့ တွေမှာ ရှိနေပြီး အနည်းဆုံး လူ ၁၂၀,၀၀၀ လောက်ဟာ အတင်းအကျပ် ခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း အလားတူ လူ ၁၀၀,၀၀၀ လောက် ဆိုင်ဘာကျွန်ပြုခံနေရတယ် ဆိုပါတယ်။

ဇူလိုင်လတုန်းက တရုတ်နိုင်ငံ သံအမတ်ကြီး Chen Hai ဟာ နေပြည်တော်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကို တွေ့ဆုံခဲ့ပြီး အခြား အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ နယ်စပ် ဒေသတွေမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်မှုတွေကို နှိမ်နင်းဖို့နဲ့ အဲဒီမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ တရုတ် နိုင်ငံသားတွေကို ကယ်တင်ဖို့ တောင်းဆို အပြီးမှာ စစ်ကောင်စီ အစီအစဥ် နဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပို့တာတွေ အခု သီတင်းပတ်တွေ ဆက်တိုက် ဖြစ်ခဲ့သလို ‘ဝ’ ဒေသမှာလည်း အခုလို အစုလိုက် အပြုံလိုက် ဖမ်းဆီး ပြန်ပို့တာတွေ ဖြစ်ခဲ့တာပါ။

တခါ မြန်မာနိုင်ငံထဲက အွန်လိုင်းရာဇဝတ်လုပ်ငန်းထဲမှာ နိုင်ငံခြားသားတွေ လာရောက် လုပ်ကိုင်တာကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဆိုက်ရောက် ပြည်ဝင်ခွင့် ဗီဇာနဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းလူမျိုးတွေကို Show Money လို့ ခေါ်တဲ့ ငွေသားအလုံအလောက်နဲ့ အပြန် လေယာဥ်လက်မှတ် ပြသရမယ့် လိုအပ်ချက်တွေ မြနမာ စစ်ကောင်စီဘက်က သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်နေပြီး ဒါကို စစ်ကောင်စီ ဘက်နဲ့ အတည်ပြုနိုင်ဖို့ လုပ်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ပြောကြောင်း ထိုင်း အခြေစိုက် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါကို မြန်မာ ဘက်က တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG