သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လဲချားမှာ စစ်ရေးတင်းမာမှုကြောင့် ကုန်သွယ်ရေးနဲ့ သွားလာရေး အခက်တွေ့ 


SSPP/SSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- SSPP Info)
SSPP/SSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- SSPP Info)

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အကြား စစ်ရေး တင်းမာနေဆဲဖြစ်ပြီး ဆက်သွယ်ရေးအရ အချက်အခြာကျတဲ့ လဲချား- မိုင်းနောင် ကားလမ်းကို စစ်ကောင်စီတပ်တွေက ပိတ်ထားပါတယ်။ ဒီလို ပိတ်ထားတာ သီတင်း ၃ ပတ်လောက် ရှိလာနေပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ ဒေသခံတွေ ခရီး သွားလာရေးအတွက် အခက်ကြုံနေကြရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက အခြေအနေကို ကိုရန်နိုင် တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အကြား ဇွန်လက စလို့ စစ်ရေးတင်းမာနေခဲ့ရာက ဒီလ ၆ ရက်နေ့မှာတော့ လဲချားမြို့အနီးမှာပဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ လက်ရှိမှာလည်း နှစ်ဘက်တပ်တွေကြား စစ်ရေးတင်းမာနေဆဲ ရှိပြီး လဲချား-မိုင်းနောင်ကားလမ်းကို စစ်ကောင်စီတပ်တွေက ဒီလဆန်းပိုင်းက စလို့ ပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ တွေ့နေရကြောင်း လဲချားမြို့ခံတဦးက VOA ကို ပြောပါတယ်။

“လဲချားဘက်က အခုထိလည်း တင်းမာနေဆဲ အခြေအနေလို့ပဲ ပြောရမလားရှင့်။ အချင်းချင်းတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိတယ်ရှင့်။ လဲချား- မိုင်းနောင်.. သူတို့ ၄ ရက်နေ့ကတည်းက စဖြစ်တယ်ဆိုတော့ အဲဒီကတည်းက ပိတ်ထားလိုက်တာ။ အခုထိပဲရှင့်။ ကျမတို့ ကုန်စည်စီးဆင်းမှု ပြဿနာတွေတော့ တော်တော်လေးကို ဖြစ်နေတယ်ရှင့်။ လဲချားကနေ သွားမယ်ဆိုရင် မိုင်းနောင်။ မိုင်းရှုးဘက် သွားလို့ ရမယ်။ ပြီးရင် လမ်းခုလတ်မှာ မိုင်းနမ်းကနေ ကျေးသီးကို သွားလို့ရမယ်။ အဲလို လမ်းရှိတယ်ပေါ့။ အဲဒီကနေမှ မြောက်ပိုင်းလမ်း မိုင်းရယ်- လားရှိုး။ အဲ့လို ဖြတ်တဲ့လမ်းရှိတယ်။ အဲဒီမှာ အကုန်ပိတ်တော့ ကျမတို့က ဒီဘက် မိုင်းကိုင်၊ တုံလော၊ နမ့်လန် ဒီ တလမ်းကိုပဲ သုံးရတော့ ကုန်စည်စီးဆင်းမှုက အခက်အခဲဖြစ်တယ်။ သွားလို့ လာလို့ မရဘူး။ အဲလိုတွေတော့ ရှိတယ်ရှင့်။”

အခြားဒေသခံတဦးကလည်း လဲချား- မိုင်းနောင်ကား လမ်းပိတ်တဲ့အတွက် လဲချားကနေ မိုင်းရှုးဘက် သွားလာရာမှာ ခရီးလမ်း ပိုထောက်ပြီး အခက်အခဲ ဖြစ်ရတဲ့အကြောင်း ပြောပါတယ်။

“ မိုင်းနောင်နဲ့ လဲချားတော့ မရတော့ဘူး။ ပိတ်ထားတယ်။ တကယ်လို့ မိုင်းရှုးကို သွားချင်တယ်ဆိုရင် လွိုင်လင်ကနေ နမ့်စန်၊ ခိုလမ်ကပဲ သွားရတယ်။ လဲချားနဲ့ မိုင်းရှုးဆိုတာ အမှန်တကယ် သွားရရင် ၂ နာရီလောက်ပဲ ကြာတာလေဗျာ။ လဲချားကနေ ခိုလမ်ဘက် ပတ်သွားရမယ်ဆို ၅ နာရီ ကျော်ကျော် ၆ နာရီလောက် ကြာသွားတာပေါ့ဗျာ။ အချိန်က။ ကုန်ကျစရိတ်တွေ များသွားတာပေါ့ဗျာ။ လဲချားနဲ့ မိုင်းနောင်က Main ကျနေတာပေါ့ဗျာ။ အဓိက နေရာကြီးဖြစ်တောပေါ့။ ဆက်သွယ်ရေးလမ်းကြောင်းမှာက။”

လဲချား- မိုင်းနောင်ကားလမ်း ပိတ်ထားတာဟာ အခုဆိုရင် ရက် ၂၀ လောက်ရှိပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ SSPP တပ်တွေဟာ လဲချား- မိုင်းနောင်ကားလမ်း တောင်ဘက်ခြမ်းကို စိုးမိုးနေပြီး ကားလမ်းပိတ်ရတဲ့ ရည်ရွယ်ချက်ကတော့ SSPP တပ်တွေဆီကို ရိက္ခာနဲ့ စက်သုံးဆီတွေ မရောက်ရှိစေဖို့ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက လဲချားမြို့နယ် အတွင်းမှာရှိတဲ့ SSPP တပ်စခန်း ၁၀ ခုလောက်ကို ရုတ်သိမ်းဖို့ စစ်ကောင်စီဘက်က အကြောင်းကြားခဲ့ပါတယ်။ SSPP ဘက်က ဒီတောင်းဆိုချက်ကို လက်မခံတဲ့နောက် နှစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ဇူလိုင်လ တတိယပတ်အတွင်းကတော့ SSPP ကိုယ်စားလှယ်အဖွဲ့ဟာ UWSA ဝ နဲ့ NDAA မိုင်းလား အဖွဲ့ ကိုယ်စားလှယ်တွေနဲ့အတူ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပေမဲ့ တင်းမာမှုတွေကလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG