သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ SSPP/SSA စစ်ရေးတင်းမာ


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်များ
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်စခန်း ၁၀ခုခန့်ကို စစ်ကောင်စီက ရုတ်သိမ်းဖို့ တောင်းဆိုနေပြီး SSPP က လက်မခံတာကြောင့် စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ SSPP ကတော့ ဒီဒေသအတွင်းမှာ သူတို့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ တပ်တွေအကြား စစ်ရေးပဋိပက္ခတွေရှိနေတာကြောင့် မရုတ်သိမ်းတာဖြစ်ကြောင်းနဲ့ RCSS ဘက်က တပ်တွေ ရုတ်သိမ်းရင် ပြေလည်မှုရမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး မဆုမွန်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်ထဲက တပ်စခန်း ၁၀ ကို ရုတ်သိမ်းဖို့အတွက် စစ်ကောင်စီဘက်က ဒီလ ၉ရက်နဲ့ ၁၁ရက်နေ့က နှစ်ကြိမ်သတိပေးခဲ့ကြောင်းနဲ့ ဒါကို သူတို့ဘက်က လက်မခံတာကြောင့် စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ ဖြည့်တင်းခဲ့ပြီး စစ်ရေးတင်းမာနေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က သတင်းထုတ်ပြန်ခဲ့တာပါ။ လက်ရှိ နှစ်ဘက်အကြား ဆက်ဆံရေးအခြေအနေကို မေးမြန်းရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက ဗွီအိုအေကို အခုလို ပြောပါတယ်။

“လဲချားဘက်က ဘယ်လိုအခြေအနေရှိလဲဆိုတော့ ဟို RCSS နဲ့ ကျနော်တို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေဒေသတွေကို ကျနော်တို့ တွန်းလှန်တဲ့အချိန်မှာ တပ်မတော်က ကြားထဲမှာ ဝင်ရောက်လာတာပေါ့။ ဝင်ရောက်တော့ ဟိုမှာ ဖယ်ပေးပါ၊ ဒီမှာ ဖယ်ပေးပါ၊ အဲလိုမျိုးတွေ ပြောတယ်။ ရလခတိုင်းရဲ့ စရဖ အနေနဲ့ ဖုန်းဆက်ပြောဆိုတာမျိုးတွေပဲ ရှိပါတယ်။ တရားဝင် နေပြည်တော်ကနေ ပြောတာမျိုးတော့ မရှိပါဘူး ခင်ဗျ။ တရားဝင် စာရွက်စာတမ်းနဲ့ ကျနော်တို့ ဗဟိုအဆင့်ပို့ပြီးတော့ ဟိုမှာရွှေ့ခိုင်းတာမျိုး၊ ဒီမှာ ရွှေ့ခိုင်းတာမျိုးတွေ မရှိပါဘူး။ ”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်များ
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်များ

အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) က ရုတ်သိမ်းဖို့တောင်းဆိုတဲ့ တပ်စခန်းတွေဟာ လဲချား၊ မိုင်းနောင်၊ ခိုလမ် သုံးပွင့်ဆိုင် ဒေသအတွင်းက တပ်စခန်းတွေ ဖြစ်ပါတယ်။ ဒီဒေသဟာ လွန်ခဲ့တဲ့နှစ်တွေက SSPP နဲ့ RCSS အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး နောက်ပိုင်းမှာ SSPP တပ်တွေက ထိန်းချုပ်ခဲ့တာပါ။ RCSS တပ်တွေ ဆုတ်ခွာသွားတဲ့ နောက်ပိုင်း အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ရဲ့ ညှိနှိုင်းမှုအရ SSPP တပ်တွေလည်း ဒီနယ်မြေ အတွင်းက ရုတ်သိမ်းခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတော့ တပ်စစ်ဆေးပြီး ပြန်လာတဲ့ SSPP စစ်ဦးစီးချုပ်ယာဉ်တန်းကို RCSS ဘက်က မိုင်းနောင်-လဲချား ကားလမ်းမှာ မိုင်းခွဲတိုက်ခိုက်ကြောင်း၊ ဒါကြောင့် SSPP က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပြီး ဒီဒေသအတွင်း ယာယီတပ်စခန်းချ ပြန်လည် နေရာယူထားတာဖြစ်ကြောင်း ဆက်ပြောပါတယ်။ SSPP က RCSS တပ်တွေကို တောင်ကြီး-ကျိုင်းတုံ ကားလမ်းတောင်ဘက်ကို တောင်းဆိုထားပြီး ဒီအချက်သဘောတူညီမှုရရင် SSPP တပ်တွေလည်း ရုတ်သိမ်းမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

“အဓိကက RCSS က ကျနော်တို့ တောင်းဆိုနေတဲ့နေရာကို သူတို့ ရွှေ့သွားဖို့က အဓိက ဖြစ်တယ်။ အဲဒါရွှေ့လိုက်လို့ ရှိရင် ကျနော်တို့ကလည်း မဖယ်ခိုင်းတာတောင်မှ ကျနော်တို့ ဖယ်မှာပါ။ RCSS က ထွက်မသွားခိုင်းဘဲနဲ့ ကျနော်တို့ကို ဖယ်ခိုင်းတယ်ဆိုတော့ ကျနော်တို့ လက်ခံလို့ မရဘူး။ RCSS နဲ့ ကျနော်တို့နဲ့ နယ်နမိတ်ပိုင်းခြားနိုင်ပြီ ဆိုလို့ ရှိရင် အားလုံး ငြိမ်းချမ်းသွားမှာပါ။ အခုက ကျနော်တို့က နှစ်ဘက်စလုံးကိစ္စ မပြီးတဲ့နေရာမှာ တပ်မတော်က ဝင်ပြီးတော့ စွက်ဖက်လာတာမျိုးတော့ ကျနော်တို့က မလိုလားဘူးပေါ့။”

ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က ဒီဒေသအတွင်း တပ်အင်အား ၃၀၀လောက် ချထားကြောင်းလည်း SSPP ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။ ဗိုလ်မှူးကြီး စိုင်းဆုက လက်ရှိမြေပြင်အခြေအနေကို အခုလို ဆက်လက်ပြောဆိုပါတယ်။

“ဟုတ်တယ် တခါ နည်းနည်း၊ တခါ နည်းနည်းပေါ့။ တခါ ၂၀-၃၀-၆၀-၈၀ အဲလိုမျိုး ဝင်လာတာပေါ့။ တသုတ်ပြီး တသုတ် အကြောင်း အမျိုးမျိုးနဲ့ ဝင်လာတာပေါ့။ သူတို့က အင်အားလာဖြည့်ထားတာတော့ ရှိတယ်။ နောက်ပြီး သူတို့အနီးအနား ဝန်းကျင်မှာ RCSS လည်း စုပုံထားတာ ရှိတယ်လေ။ RCSS ကလည်း ထပ်ဆင်းလာနေတယ်လို့ ကြားရတယ်။ ကျနော်တို့ ရှိနေတာနဲ့ သူတို့က ဝင်ပြီးတော့ ဖြန့်ထားတယ်ဆိုတော့ ဒါတွေကျတော့ နည်းနည်းတော့ တင်းမာတယ်လို့ ပြောလို့ရတယ်။”

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက မိုင်းရှုးမြို့နယ်အတွင်းက တပ်စခန်း ၃ခုကို ဆုတ်ခွာဖို့ စစ်ကောင်စီဘက်က တောင်းဆိုဖူးပေမဲ့ SSPP ဘက်က လက်ခံတာ မရှိခဲ့ပါဘူး။ ဒီနှစ် ဧပြီလအတွင်းမှာတော့ SSPP နဲ့ RCSS တပ်တွေဟာ လဲချားမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ရာနဲ့ ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။ လဲချားဒေသခံ အမျိုးသမီးတဦးက လက်ရှိ ဒေသတွင်းအခြေအနေကို အခုလို ပြောပါတယ်။

“ကျမတို့ မြို့ထဲမှာဆိုရင်တော့ အေးချမ်းတယ်။ ဒါပေမဲ့ ရွာမှာဆိုရင်တော့ နည်းနည်းတော့ ဆိုးတာပေါ့လေနော။ လဲချားမြို့ရဲ့ တောင်ဘက်ပိုင်းပေါ့နော်။ အဲဒီဘက်ကတော့ SSPP က ဟိုဘက် တိုးသွားတာပေါ့လေ နော်။ တိုးသွားပြီးတော့ စစ်တပ်က တားထားတာပေါ့လေနော်။ ဆက်မတိုးဖို့ပေါ့လေနော။ ပြန်ရုတ်ဖို့ဆိုပြီးမှ အဲလိုမျိုး တားထားတာပေါ့လေနော်။ တကယ်လို့ ရုတ်ရင်လည်း ကောင်းတာပေါ့။ မရုတ်လို့ ရှိရင်လည်း ဘယ်လိုလာနိုင်မလဲဆိုတာ မသိသေးဘူးပေါ့လေ။ တိုက်တာတော့ မကြားသေးပါဘူး။ ဒါပေမဲ့ သူ့နေရာနဲ့ သူပေါ့။”

လက်ရှိမှာလည်း လယ်ယာစိုက်ပျိုးချိန်ရောက်တာကြောင့် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG