သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်အနီးက UWSA စခန်းတွေရွှေ့ဖို့ မြန်မာကို ထိုင်းတောင်းဆို


ယခင်မှတ်တမ်းရုပ်ပုံ | ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)
ယခင်မှတ်တမ်းရုပ်ပုံ | ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံများ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆိုင်-တာချီလိတ် နယ်ခြားကော်မတီ အစည်းအဝေးကို ဇွန်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ကျင်းပခဲ့တာမှာ ထိုင်းနယ်စပ်နဲ့နီးတဲ့ UWSA စခန်း ၅ခုကို ဖယ်ရှားပေးဖို့ ဆွေးနွေးခဲ့သလို မြန်မာဘက်ကလည်း စစ်ကောင်စီကိုဆန့်ကျင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူတွေ တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်ခြင်း မရှိသူတွေကို ဖမ်းဆီး ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆိုင်-တာချီလိတ် နယ်ခြားကော်မတီ (Thai- Myanmar Township Border Committee -TBC) ပုံမှန် အစည်းဝေးကို ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံ၊ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ထိုင်းဘက်ကကော၊ မြန်မာဘက်ကပါ အရေးပါတဲ့ တောင်းဆိုချက်တွေ ရှိခဲ့ပါတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ ထိုင်းဘက်က "ဝ" တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA စခန်း ၅ခုကို နယ်စပ်ကနေ ဖယ်ရှာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုင်းဘက်က တောင်းဆိုချက်ကိုတော့ ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဗိုလ်မှူး နတီတင်စံ Colonel Natee Timsen ထိုင်းဘာသာစကားနဲ့ အခုလို တင်ပြခဲ့တာပါ။

“မိမိတို့အနေနဲ့ နှစ်နိုင်ငံနယ်စပ်မှာ ငြိမ်ချမ်းစွာအတူရှင်တွဲ နေထိုင်ရေးနဲ့ နယ်စပ်တလျှောက်မှာ နေထိုင်နေတဲ့ ထိုင်းနဲ့ မြန်မာ နိုင်ငံသားတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး အခုလို နယ်ခြားကော်မတီအစည်းအဝေးကို ကျင်းပခဲ့တဲ့အကြောင်း” ထိုင်းဘာသာစကားနဲ့ ပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာပဲ UWSA စခန်း ၅ခုကို နယ်စပ်ကနေ ဖယ်ရှာပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

"ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ရဲ့ တပ်စခန်းငါးခုကတော့ ဘန်မယ်ဆိုင်ခရိုင်ခွဲ၊ ဝီယန်းဖန်ခမ်းခရိုင်ခွဲ၊ မယ်ဆိုင်ခရိုင်နှင့် ချင်းမိုင်းခရိုင် အတွင်းမှာရှိတဲ့ တပ်စခန်းတွေဖြစ်ကြောင်းသိရပါတယ်။ ဒီစခန်းတွေ ဖယ်ရှားပေးဖို့ကို ထိုင်းဘက်က နယ်ခြားကော်မတီ ဆွေးနွေးတဲ့အခါတိုင်း မကြာခဏဆိုသလို တောင်းဆိုလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကလည်းတောင်းဆိုခဲ့တာပါ။ ဒီလိုတောင်းဆိုခဲ့ပေမယ့် မြန်မာအစိုးရအဆက်ဆက်က ဝ လက်နက်ကိုင်တွေကို ဒီနယ်စပ်ကနေ ဖယ်ရှာပေးဖို့ နားချနိုင်ခြင်းမရှိခဲ့ပါဘူး။

ဇွန်လ ၁၉ ရက်နေ့ကကျင်းပခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆိုင်-တာချီလိတ် နယ်ခြားကော်မတီ (Thai- Myanmar Township Border Committee -TBC) ပုံမှန် အစည်းဝေး (တာချီလိတ်၊ ရှမ်းပြည်နယ်)
ဇွန်လ ၁၉ ရက်နေ့ကကျင်းပခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆိုင်-တာချီလိတ် နယ်ခြားကော်မတီ (Thai- Myanmar Township Border Committee -TBC) ပုံမှန် အစည်းဝေး (တာချီလိတ်၊ ရှမ်းပြည်နယ်)

မြန်မာ-ထိုင်း နယ်စပ်စည်းမျဉ်းပေါ်က တပ်စခန်းတွေ ဆုတ်ခွာပေးဖို့ ထိုင်းနိုင်ငံရဲ့ တောင်းဆိုချက်ကို လက်ခံမှာမဟုတ်ကြောင်း "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တောင်ပိုင်းဆက်ဆံရေရုံး တာဝန်ခံက"ဝ"ချန်နယ် ကတဆင့် ဇွန်လ ၂၁ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ UWSA အဖွဲ့ကို ဗွီအိုအေက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ထိုင်းဘက်ကလည်း မကြာခဏဆိုသလို ထိုင်းဘက်ကိုဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေက ဝ ဒေသထုတ်တွေအဖြစ် ပြောကြားလေ့ရှိပြီး နယ်စပ်က ဝ တပ်စခန်းတွေကိုလည်း ဖယ်ရှားပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့တာပါ။ ဝလက်နက်ကိုင်တွေဘက်ကတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ထိုင်းနိုင်ငံမှာဖမ်းမိတဲ့ စိတ်ကြွဆေးပြား အရေအတွက်ဟာ ၄၃ သန်းရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အများစုကတော့ ချင်းရိုင်ပြည်နယ်အတွင်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီမူးယစ်ဆေးဝါးအများစုဟာ ရွှေတြိဂံဒေသထုတ် မူးယစ်ဆေးဝါးတွေနဲ့ ဝ ဒေသဘက်ကလာတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့လည်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ကြတာရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်တဲ့နယ်ခြားကော်မတီဆွေးနွေးပွဲမှာတော့ တာချီလိတ်ခရိုင်နဲ့ချင်းရိုင်ခရိုင်ကြားက မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာနေမူတွေကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာဘက်ကတော့တောင်းဆိုခဲ့တာကတော့ စစ်ကောင်စီဘက်က အလိုရှိနေတဲ့ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးပြီးပြန်ပို့ပေးဖို့တွေကိုလည်းတောင်းဆိုခဲ့ပါတယ်။ မကြာသေးခင်လတွေတုန်းကတော့ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကနေ မြန်မာနိုင်ငံမြဝတီဘက်က နယ်ခြားစောင့်တပ်ဆီ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ လူငယ် ၃ ဦးကို ထိုင်းဘက်က ပြန်ပို့လိုက်တဲ့အတွက် ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာတို့ဟာ မကြာခဏဆိုသလိုရာဇဝတ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေပူးပေါင်းလုပ်ဆောင်ပြီးတရားခံပြေးတွေကို ပြန်လွှဲပြောင်းပေးဖို့တွေကို နယ်ခြားကော်မတီ ဆွေးနွေးပွဲတွေမှာ တောင်းဆိုလေ့ရှိပြီး မြန်မာဘက်ကလည်း ထိုင်းဘက်ကအလိုရှိနေတဲ့ မူးယစ်တရားခံပြေးတွေကို ပြန်လည်လွှဲပြောင်းပေးလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG