သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'o' ဒေသမှာ ထုတ်လုပ်မှု ဆိုင်းငံ့မယ့် အစီအစဉ်ကြောင့် သံဖြူဈေးတက်


ဝ ဒေသ
ဝ ဒေသ

မြန်မာနိုင်ငံတွင်းက သံဖြူ အဓိက ထုတ်လုပ်တဲ့ ၀ ဒေသမှာ သံဖြူ ထုတ်လုပ်မှုတွေ ဒီနှစ် နှောင်းပိုင်း ဆိုင်းငံတော့မယ့် အစီအစဉ်ကြောင့် စိုးရိမ်မှုတွေ ပိုများလာနေတာနဲ့အမျှ သံဖြူဈေး သိသိသာသာ တက်သွားပါတယ်။ ၀ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ထိန်းချုပ်ရာ ဒေသမှာ ရှိတဲ့ သတ္ထု တူးဖော်ရေး လုပ်ငန်းအားလုံး သြဂုတ်လ ၁ ရက်နေ့ကစပြီး ဆိုင်းငံ့မယ် အစီအစဉ် အသေးစိတ်ကို ဒီလ အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့အကြောင်း နိုင်ငံတကာ သံဖြူထုတ်လုပ်ရေးအဖွဲ့ ITA က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့၊ သတ္ထုတူးဖော်ရေး လုပ်သားတွေ လူမှုဖူလုံမှု ရှိစေဖို့နဲ့ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေ လိုက်နာသင့်တဲ့ စည်းကမ်းတွေ ရေရှည်တည်တံ့အောင် ထားရှိနိုင်ရေး ကြိုးပမ်းနေတဲ့ ၀ ပြည်အစိုးရရဲ့ သန္နိဌာန်ချမှတ် ဆောင်ရွက်မှုတွေကို ခိုင်ခိင်မာမာ အသိပေးထားတဲ့ အကြောင်း ITA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၀ တပ်ဖွဲ့အနေနဲ့ သံဖြူထုတ်လုပ်မှုတွေ ဆိုင်းငံ့မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့လက ထုတ်ပြန် ပြောခဲ့တာ ရှိပေမဲ့ အခုနောက်ဆုံး ITA ကြေညာချက် ထွက်လာအပြီးမှာတော့ တစုံတရာ တုံ့ပြန်ချက် ထွက်မလာသေးပါဘူး။

လန်ဒန် သတ္ထုဈေးကွက်မှာတော့ သံဖြူဈေး ၁ တန်ကို ဒေါ်လာ ၂ သောင်း ၅ ထောင်နီးပါး အထိ တက်သွားပြီး သုံးလအတွင်း ၁.၃ % တက်သွားပါတယ်။ သံဖြူ အရောင်းအဝယ် အများဆုံးဖြစ်တဲ့ ရှန်ဟိုင်းဈေးကွက်မှာဆိုရင်တော့ သံဖြူ ၁ တန်ကို ဒေါ်လာ ၂ သောင်း ၉ ထောင်နီးပါးအထိ၊ ၂.၂ % လောက် တက်သွားပါတယ်။ ဝဒေသမှာ သံဖြူထုတ်လုပ်မှု ဆိုင်းငံမယ်ဆိုတဲ့ သတင်းကြောင့် ပြီးခဲ့တဲ့လကစပြီး သံဖြူဈေးတွေ အကြီးအကျယ် တက်သွားခဲ့တာပါ။

ကမ္ဘာပေါ်မှာ သန့်စင်ပြီးသား သံဖြူ အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံ ကတော့ မြန်မာနိုင်ငံက ထုတ်လုပ်မှုတွေ ရပ်ဆိုင်းတာကနေ ကမ္ဘာတဝန်းမှာ သံဖြူ သတ္ထုရိုင်းတွေ အကြီးအကျယ် ပြတ်လပ် သွားစေလိမ့်မယ်လို့ ပြောဆိုထားပါတယ်။ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သံဖြူသတ္ထုသိုက်တွေ တတိယ အများဆုံးရှိတဲ့ နေရာဖြစ်ပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG