သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'ဝ' ဒေသမှာ သံဖြူထုတ်လုပ်ရေး ဆိုင်းငံ့မယ့်သတင်းကြောင့် ဈေးကွက်မှာရိုက်ခတ်


အင်ဒိုနီးရှားနိုင်ငံ တိုဘိုအာလီဒေသမှာတွေ့ရတဲ့ သံဖြူတူးဖော်ရေးမိုင်းတွင်း (ဧပြီ ၂၉၊ ၂၀၂၁)
အင်ဒိုနီးရှားနိုင်ငံ တိုဘိုအာလီဒေသမှာတွေ့ရတဲ့ သံဖြူတူးဖော်ရေးမိုင်းတွင်း (ဧပြီ ၂၉၊ ၂၀၂၁)

မြန်မာနိုင်ငံက ‘ဝ’ ဒေသမှာ သံဖြူထုတ်လုပ်မှုတွေ ဆိုင်းငံ့မယ့် သတင်းကြောင့် ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်နေပါတယ်။ တနင်္လာနေ့က လန်ဒန်ဈေးကွက်မှာ သံဖြူဈေးဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကစလို့ အမြင့်ဆုံးအဖြစ် ၉.၂ ရာခိုင်နှုန်းကျော် တက်ခဲ့ပြီး တတန်ကို ဒေါ်လာ ၂၇,၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့ပါတယ်။ ကမ္ဘာမှာ သံဖြူထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက ‘ဝ’ ဒေသမှာ သံဖြူထုတ်လုပ်မှုတွေကို သြဂုတ်လကစ ဆိုင်းငံ့မယ့်အကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) တာဝန်ရှိသူ တဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း သံဖြူထုတ်လုပ်မှု ဆိုင်းငံ့ဖို့ UWSA ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ လက်တွေ့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသလို၊ အရင်ကလည်း အလားတူ သတင်းတွေ ထွက်ခဲ့ဖူးတယ်လို့လည်း တရုတ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနရဲ့ အချက်အလက်တွေအရ ကမ္ဘာမှာ သံဖြူသတ္ထုသိုက်တွေ တတိယအများဆုံးရှိတဲ့ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အကောက်ခွန်ဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ သံဖြူသတ္ထုရိုင်းတင်ပို့မှုရဲ့ ၇၇ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်သွင်းခဲ့တာပါ။ ဒါပေမယ့်လည်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေကစလို့ မြန်မာနိုင်ငံ တင်ပို့မှုတွေ ကျဆင်းလာခဲ့ရာက တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတွေမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း အပြည်ပြည်ဆိုင်ရာ သံဖြူလုပ်ငန်းအသင်း တာဝန်ရှိသူ Jeremy Pearce ကပြောပါတယ်။ ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလထဲ သံဖြူ တန်ချိန် ၅၈၀၀ တရုတ်နိုင်ငံက တင်သွင်းခဲ့ပေမယ့် ဒါဟာ အရင်တနှစ်ထက် တဝက်လောက် လျော့နည်းခဲ့ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံက ထုတ်လုပ်မှုတွေ ဆိုင်းငံ့မယ့် သတင်းကြောင့် သံဖြူထုတ်လုပ်မှုမှာ ရိုက်ခတ်လိမ့်မယ်လို့လည်း လုပ်ငန်းရှင်တွေ ခန့်မှန်းနေကြတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG