သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မှာ ဆေးကုနေတဲ့ Lion Battalion စစ်ကြောင်းက ၃ ဦးကို ထိုင်းအာဏာပိုင်တွေက BGF ထံ အပ်နှံ


ထိုင်းနယ်စပ်မှာဖမ်းဆီးခံရတဲ့ Lion Battalion စစ်ကြောင်းတပ်ဖွဲ့ဝင် ၃ ဦး
ထိုင်းနယ်စပ်မှာဖမ်းဆီးခံရတဲ့ Lion Battalion စစ်ကြောင်းတပ်ဖွဲ့ဝင် ၃ ဦး

ထိုင်း-မြန်မာနယ် စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ Lion Battalion အဖွဲ့က ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ မဲဆောက်မြို့မှာ အဖမ်းဆီးခံရပြီးနောက် ၃ရက်အကြာမှာ ထိုင်းအာဏာပိုင်တွေက ကရင်နယ်ခြားစောင့်တပ် BGF တွေရှိတဲ့ လှေဂိတ်ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ သောင်ရင်းမြစ်အတွင်း လှေနဲ့သယ်ဆောင်သွားချိန် လှေပေါ်ကနေ ခုန်ချဖို့လုပ်တဲ့အတွက် နယ်ခြားစောင့်တပ်က ပစ်ခတ်ဖမ်းဆီးသွားတာ ခံရတယ်လို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လာရောက်ဆေးကုသနေတဲ့ ကော့ကရိတ်မြို့ ဘက်ကလာတဲ့ Lion Battalion ကွန်မန်ဒိုအဖွဲ့က ဒုစစ်ကြောင်းမှူး ကိုသီဟ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဟာ မဲဆောက်မြို့မှာဧပြီလ ၁ရက်နေ့က အဖမ်းဆီးခံခဲ့ရတာပါ။ သူတို့တွေကို လူဝင်မူ့ကြီးကြပ်ရေးအချုပ်မှာ ထိန်းသိမ်းထားပြီးနောက် နယ်စပ်က ကရင်နယ်ခြားစောင့်ဂိတ်ကို ထိုင်းဘက်က ပို့ဆောင်ခဲ့တယ်လို့ Lion Battalion ကွန်မန်ဒိုအဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပြပါတယ်။

“သူတို့က ဒဏ်ရာရလို့ ဆေးလာကုရင်းနဲ့ လမ်းမှားပြီးတော့၊ လမ်းမှားပြီး စစ်ဆေးရေးဂိတ်ကို ရောက်သွားတော့ သူတို့ကို စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာ။ သူတို့က ကော့ကရိတ်ဘက်ကလာတာ၊ မဲဆောက်မှာဆေးလာကုကြတာ။ ဧပြီလ ၁ရက်နေက အဖမ်းခံရတာ။ ဧပြီလ ၄ရက်နေ့မနက်မှာ သွားသွန်လိုက်တာ (နယ်စပ်ကို သွားပို့လိုက်တာ)။ ထိုင်းဘက်ခြမ်းက ထဆန်းဂိတ် လို့ခေါ်တယ်။ မြန်မာဘက်ကတော့ အင်ကြင်းမြိုင်ဂိတ်ဘက်ပေါ့။ တံတား (၁)ဘေးက လဝကမှာ ချုပ်ပြီးတော့ သွားသွန် (သွားပို့)တော့ ထဆန်းဂိတ်မှာ သွားသွန်တယ်။”

သူတို့ဟာ မြန်မာဘက်ကို ပြန်သွားလို့မရတဲ့သူတွေဖြစ်ပြီး စစ်ကောင်စီဘက်ကိုရောက်ရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မြန်မာဘက်ကို လွှဲပြောင်းချိန်မှာ လှေပေါ်ကနေခုန်ချဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ကိုတော့ ကရင်နယ်ခြားစောင့်တပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

“အဲဒီမှာ သွားသွန် (သွားပို့)တော့ ထိုင်းနဲ့ မြန်မာကြားမှာ လှေနဲ့ကူးရတာပေါ့။ အဲဒီ ဘက်ကို ပို့တဲ့အချိန်မှာ၊ ထိုင်းနဲ့ မြန်မာကြား လှေနဲ့ကူးချိန်မှာ သူတို့က လှေပေါ်က နေခုန်ဆင်းတယ်။ သူတို့ကိုတော့ BGF က သေနတ်နဲ့ပစ်ဖမ်းတယ်။ သေနတ်နဲ့ပစ်ဖမ်းတော့ ကိုသီဟက ရင်ဘတ်မှာ ဒဏ်ရာရတယ်။ စောဖြိုးလေးက ပေါင်မှာဒဏ်ရာရတယ်။ အဲဒီ ၃ယောက်လုံးကိုတော့ BGF က ပြန်ဖမ်းသွားတယ်။”

ဖမ်းဆီးခံရသူ ၃ ဦးကိုတော့ နယ်ခြားစောင့်တပ်က ဗိုလ်မူးနိုင်မောင်ဇော်က စစ်ကောင်စီကို လွှဲပြောင်းပေးလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ နောက်ဆုံး သတင်းအရကတော့ သူတို့ထဲက ဒုစစ်ကြောင်းမှူး ကိုသီဟ သေဆုံးသွားတယ်လို့ သတင်းတွေထွက်နေပေမယ့် သီးခြား အတည်ပြုလို့တော့မရသေးပါဘူး။

ဧပြီလ ၆ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာတော့ သူတို့ထဲက တစ်ဦးက ဆက်သွယ်လာပြီး အသက်သေဆုံးတဲ့ သူမရှိဘူးလို့ ပြောဆိုတာတွေတော့ ရှိခဲ့တယ်လို့လည်း Lion Battalion ကွန်မန်ဒိုအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က စကစ လက်ထဲမှာပဲရှိသေးတယ်။ သူတို့ဘယ်ခေါ်သွားပြီလဲဆိုတာ မသိဘူး။ သူတို့ထဲက တယောက်နဲ့ အဆက်သွယ်ရတယ်။ အသက်ရှင်သေးတယ် ပြောတယ်။”

ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက ဖုန်းဆက်သွယ်ခိုင်းပြီး ပြောခိုင်းတာဖြစ်လို့ သူတို့ ၃ ဦးဟာ ဘာတွေဖြစ်နေလဲဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ သူတို့တွေဟာ ဒဏ်ရာတွေ ရထားသူတွေဖြစ်ပြီး တကယ်ပဲ တစ်ဦးက သေဆုံးသွားသလား၊ ဘယ်လောက် ဒဏ်ရာ ပြင်းသလဲဆိုတာလည်း မသိနိုင်သေးပါဘူး။

အသက် (၃၈) နှစ်အရွယ် Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ ၊ အသက် (၃၁)နှစ်အရွယ် ပြန်ကြားရေးတာဝန်ခံ ထက်နေဝင်း၊ အသက် (၂၆) နှစ်အရွယ် တပ်ဖွဲ့ဝင် စောဖြိုးလေး တို့ဖြစ်ပြီး သူတို့တွေဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာစစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

{Unicode}












XS
SM
MD
LG