သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမြောက်ပိုင်းနယ်စပ် အွန်လိုင်းရာဇဝတ်မှုနဲ့ တရုတ်နိုင်ငံသား ၇၀၀ ကျော်ဖမ်းဆီးခဲ့


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အွန်လိုင်းပေါ်ကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ရာဇဝတ်လုပ်ငန်းတွေကနေ လူပေါင်း ၇၀၀ ကျော်ကို ရက်ပိုင်းထဲမှာ ဖမ်းဆီးမိခဲ့တယ်လို့ တရုတ်အစိုးရရဲ့အာဘော်တွေကို ဖော်ပြပေးနေတဲ့ China News သတင်းဌာနက တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ ဒါကို ထည့်တွက်မယ်ဆိုရင် မြန်မာနိုင်ငံထဲကနေ တလအတွင်း ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားအရေအတွက်ဟာ ၂,၃၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ မြန်မာနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲဖို့ တရုတ်ဘက်က ဆောင်ရွက်လာတာတွေနဲ့ပတ်သက်လို့သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေပးထားပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးကြောင့် မြန်မာဘက်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ အွန်လိုင်း ကာစီနိုလုပ်ငန်းတွေက တရုတ်နိုင်ငံသား ၇၀၆ ယောက်ကို မြန်မာစစ်ကောင်စီဘက်ကနေ လွှဲပြောင်းရရှိခဲ့တယ်လို့ တရုတ်သတင်းဌာနတချို့က ထုတ်ပြန်ပါတယ်။ လူပေါင်း ၄၀၀ နီးပါးကိုတော့ အောက်တိုဘာလ ၇ ရက်မှာ မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်နယ်ခြားစောင့်တပ်က တရုတ်ရဲတပ်ဖွဲ့ဆီကို ရန်လုံးကျိုင်း နယ်စပ်ဂိတ်ကနေ လွှဲပြောင်းပေးခဲ့တာပါ။ နယ်ခြားစောင့်တပ်က လုပ်ငန်းရှင်တွေဟာ သူတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို စုစည်းပြီး တရုတ်ရဲလက်ထဲကို အပ်ခဲ့တယ်လို့ လောက်ကိုင်မြို့က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"၃၀၀ ကျော်တယ်ဗျ။ အဲဒီရန်လုံကျိုင်းဂိတ်ကနေ ပြန် ရဲလက်အပ်ပေးတာ။ ဒီလောက်ကိုင်မြို့မှာ မြန်မာရဲတွေလည်း အရမ်းခြေရှုပ်နေတယ်၊ တရုတ်ပြည် ကနေ နိုင်ငံကူးလက်မှတ်မပါဘဲနဲ့ without ဝင်ခဲ့တဲ့ တရုတ်တွေပေါ့၊ အဲဒါကိုမှ ကုမ္ပဏီတွေကနေ ပြန်ပြီးတော့ ဖမ်းဆီးပြီးတော့မှ တရုတ်ပြည်ကို ပြန်ပို့ပေးတာ တရုတ်ရဲလက်ထဲကို ပြန်အပ်ပေးတာပါဗျ။"

မဲခေါင်နိုင်ငံတွေ အထူးသဖြင့် မြန်မာနယ်စပ်ဒေသတွေမှာ အခြေပြု လှုပ်ရှားနေတဲ့ တရုတ်အွန်လိုင်း လောင်းကစားတွေ၊ ငွေကြေး လိမ်လည်လှည့်ဖြားမှုတွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ သက်ရောက်မှု ရှိလာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူ USIP က သတိပေးခဲ့ပါတယ်။ ဒီအပေါ်မှာ တရုတ်အစိုးရဘက်ကလည်း တစတစ စိုးရိမ်စပြုလာတယ်လို့ ယူဆရပါတယ်။ ဒီ ဒုစရိုက်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသားတွေကိုလည်း ပစ်မှတ်ထား လိမ်လည်နေတယ်လို့ တရုတ်အစိုးရဘက်ကလည်း လက်ခံထားပါတယ်။ လောက်ကိုင်မြို့က အွန်လိုင်းအလိမ်ညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သူက ဒေသခံ လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

" သူတို့ target က မြန်မာနိုင်ငံကို ထားတာမဟုတ်ဘူး၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှု ရှယ်ယာရှင်တွေရှာပြီး ဒီလိုပဲ လုပ်ကြတာ။ တကယ် target ထားတာ တရုတ်ပြည်ရယ်၊ စင်္ကာပူတို့ဘာတို့၊ ဗီယက်နမ်တို့ ထိုင်းတို့ အဲလိုမျိုးပဲ target ထားပြီး Line တို့ What App တို့နဲ့ လုပ်ကြတာ များပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းက ဒီကိစ္စတွေကို ထိုင်း၊ လာအိုတို့နဲ့ အတူပူးပေါင်းပြီး ဆောင်ရွက်ကြဖို့ အခုနှစ် ဩဂုတ်လ ၂၂ ရက် မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီလုပ်ငန်းတွေရဲ့နောက်ကွယ်မှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူဖို့ တရုတ်အာဏာပိုင်တွေဘက်က မြန်မာစစ်ကောင်စီကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်တပ်တချို့က ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုငန်းတွေကို အကာအကွယ်ပေးခဲ့တာကြောင့် တရုတ်ဘက်က အလိုရှိတဲ့ ရာဇဝတ်သားတွေကို ဖမ်းမိဖို့ ခက်ခဲနေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကျရောက်တဲ့ တရုတ်နိုင်ငံ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ဖို့ ယူနန်အစိုးရက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက စီးပွားရေး လုပ်ငန်းရှင်တချို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီပွဲကို တက်လာတဲ့ ကိုးကန့် လုပ်ငန်းရှင်တွေထဲက ၁၁ ယောက်ကို တရုတ်ရဲတပ်ဖွဲ့က အဲဒီနေ့မှာပဲ ဖမ်းဆီးခဲ့ပါတယ်။ ဒီ ၁၁ ယောက်ထဲမှာ ကို့ကန့်နယ်ခြားစောင့်တပ်ရဲ့ကုမ္ပဏီလုပ်ငန်းရှင်တချို့ ပါဝင်တယ်လို့ ပြောဆိုကြပါတယ်။ တရုတ်ဘက်က သတင်းတွေထဲမှာတော့ သူတို့ကို စစ်ဆေးနေတယ်လို့ ဖော်ပြပါတယ်။


သူတို့နဲ့ပူးပေါင်းဖို့ တရုတ်အစိုးရက အကြိမ်ကြိမ်ပြောနေပေမဲ့ မြန်မာစစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေက လျစ်လျူရှုနေတာကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းနေလုပ်ငန်းရှင်တဦးက ခန့်မှန်းပါတယ်။ တရုတ်အစိုးရရဲ့ တုံ့ပြန်မှုအတွက်လည်း အံ့ဩမိကြောင်း သူက ပြောပါတယ်။

" အဲဒီ ကျားဖြန်ကိစ္စက ကိုယ့်အမြင်ပြောရင် မပူးပေါင်းလို့ ဖြစ်မှာပါနော်၊ ကျားဖြန်လုပ်တဲ့သူတွေကို (တရုတ်က) နှိမ်နင်းချင်တယ် ဒါပေမဲ့ မပူးပေါင်းလို့ ပူးပေါင်းအောင် လုပ်ကြတာ ဖြစ်မှာပါ။ ကျမတို့ အံ့ဩတာက အစည်းအဝေး ဖိတ်ပြီးတော့မှ ဒီလိုခေါ်သွားတာ တရုတ်ပြည်က ထုံးစံတော့မရှိဘူး။ ဒါပေမဲ့ သူတို့ဘယ်လိုပုံစံမျိုးနဲ့ လုပ်လိုက်တာလဲပေါ့နော် ကိုယ်တောင်မှ အံ့ဩတယ်။ နောက်ဆုံး တရုတ်ပြည်ထဲတောင်မှ အစည်းအဝေးတွေဘာတွေ မသွားရဲတော့တဲ့ အဖြစ်တောင် ဖြစ်သွားတယ်။ အခုကျ အစည်းအဝေးကြီးခေါ်ပြီး ဖမ်းလိုက်တယ်ဆိုကတည်းက ကျမတောင် အရမ်း ဘယ်လိုခေါ်မလဲ surprise ဖြစ်သွားတာပေါ့နော်။"

ဒီကိစ္စကြောင့် ကိုးကန့်က တာဝန်ရှိသူတွေနဲ့ မြန်မာစစ်ကောင်စီဟာ တရုတ်နိုင်ငံသား ၄၀၀ နီးပါးကို ရက်ပိုင်းထဲမှာ ဖမ်းဆီးပြီး ရန်လုံကျိုင်းဂိတ်ကနေ အောက်တိုဘာလ ၇ ရက်မှာ လွှဲပြောင်းပေးခဲ့ရပါတယ်။ တရုတ်တာဝန်ရှိသူတွေက မြန်မာပြည်မြောက်ပိုင်းက 'ဝ' လက်နက်ကိုင်အဖွဲ့ကိုလည်း မကြာသေးခင်က တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ အွန်လိုင်း အလိမ်အညာလုပ်ငန်းတွေကို နှိမ်နင်းပြီး တရုတ်လူမျိုး ၁,၂၀၇ ယောက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ အဲ့ဒီလက်နက်ကိုင်အဖွဲ့ရဲ့ ဆက်ဆံရေးတာဝန်ခံက ဗွီအိုအေကို ပြောခဲ့ပါတယ်။

တရုတ်လူမျိုးတွေ ပါဝင်ပတ်သက်နေတဲ့ အရှေ့တောင်အာရှက ဆိုက်ဘာ ရာဇဝတ်မှုတွေရဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုတခုဟာလည်း တရုတ်လူမှုကွန်ရက်ပေါ်မှာ မကြာသေးခင်က ပျံ့နှံခဲ့ပါတယ်။ ဒီမှတ်တမ်းဗွီဒီယိုကြောင့် တရုတ်အစိုးရလည်း နိုင်ငံသားတွေရဲ့ ဝေဖန်၊ ဖိအားပေးတာတွေကို ရင်ဆိုင်နေရပါတယ်။ အခု မြန်မာနိုင်ငံ မြောက်ပိုင်းဒေသက ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား နှစ်ထောင်ကျော်ထဲမှာ နောက်ကွယ်ကနေ ငွေရင်းမတည်ပြီး အဓိကထိန်းချုပ်နေသူ အယောက်၂၀ ကျော်နဲ့ လွတ်မြောက်နေတဲ့ ရာဇဝတ်သား ၉၀ ကျော် ပါဝင်တယ်လို့ တရုတ်သတင်းတွေက ရေးသားထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG