သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးခဝါချမှုနဲ့ ဆက်စပ်နေတဲ့ အိမ်ခြံမြေ ဈေးကွက်


ရန်ကုန်မြို့
ရန်ကုန်မြို့

မြန်မာနိုင်ငံမှာ အိမ်ခြံမြေ၊ ရွှေနဲ့ ကားစျေးတွေ ထိုးတက်နေတာမှာ ဒါဟာ ငွေကြေးခဝါချမှုတွေနဲ့လည်း ဆက်စပ်နေတယ်လို့ စောင့်ကြည့် လေ့လာသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာနယ်စပ်က တရုတ်အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို စတင် နှိမ်နင်းလာချိန်မှာ ဒီလိုလုပ်ငန်းတွေကနေ တရားမဝင် ရရှိထားတဲ့ ငွေကြေးတွေဟာ မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းတွေထဲ အဓိက ဝင်ရောက်လာနိုင်ခြေ ရှိတယ်လို့ တချို့က ထောက်ပြကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်း က တင်ပြပေးပါမယ်။

ငွေကြေး မတည်ငြိမ်မှု၊ ငွေကြေးခဝါချမှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အခု ဇူလိုင်လထဲမှာ အိမ်ခြံမြေနဲ့ ကားစျေးနှုန်းတွေ ထိုးတက် သွားပါတယ်။ မြန်မာကျပ်ငွေ ထပ်ပြီး ကျနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေသလို၊ တချိန်တည်းမှာလည်း မြန်မာနယ်စပ်က တရုတ် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ငွေကြေးလိမ်လည် သူတွေရဲ့ ငွေကြေးခဝါချမှုတွေကြောင့် ဒီလထဲမှာ အိမ်ခြံမြေ ဈေးကွက် ပိုပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတယ်လို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ကားနဲ့ အိမ်ခြံမြေစျေးတွေ ဒီရက်ပိုင်းမှာ အလုံးအရင်းနဲ့ အဝယ်လိုက်လာပြီး မတန်တဆစျေးတွေ ပေးဝယ်နေကြတယ်လို့ မန္တလေးက လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အိမ်ခြံမြေနဲ့ ကားဝယ်ရောင်း ပွဲစားတွေကို တဆင့်ခံပြီး ချိတ်ဆက်၊ ဝယ်ယူနေကြောင်း သူက ပြောပါတယ်။

"ထူးခြားတယ် သိသိသာသာကို အိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်တယ်။ ပြီးတော့ ကားပွဲစားလောကမှာ ရှိသမျှကားတွေ၊ ကိုင်ထားသမျှ ကားတွေ အကုန် ကုန်အောင်အထိ ရောင်းရတယ်။ စျေးတွေကလည်း မတန်မဆတွေ ရက်ရက်စက်စက်ကို ဖြစ်သွားတာ။ အိမ်ခြံမြေကတော့ အခု (သိန်း) ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀၊ ၃၀၀၀ ဒါမျိုးတွေ အခုလိုက်ဝယ်နေကြတယ်။ တချို့ဆို အိမ်ရှင်တွေကိုယ်တိုင်က အဲလောက်ကြီး လိုက်ဝယ်နေတာ ကြောက်ပြီးတော့ မနေ့က ရောင်းမယ်ဆိုတဲ့ သူတွေက ဒီနေ့ မရောင်းတော့ဘူး ဆိုတာတွေ။ ဒီတရက်၊ နှစ်ရက်အတွင်းမှာ ဖြစ်နေတယ်။ အပ်ထားတဲ့ဟာတွေက ကိုယ်သွားပြလို့ အဝယ်လာပြီလို့ သွားပြလိုက်ရင် တော်ပြီ ဒီနေ့တော့ မရောင်းသေးပါဘူး၊ ရုန်းရုန်းနဲ့ဆိုတော့ မရောင်းသေးပါဘူး ဆိုတာတွေ ဖြစ်လာတယ်။ အဝယ်တွေက အရမ်းများပြီးတော့ အရောင်းက နည်းနေတာ ဒါမျိုးတွေဖြစ်နေတယ်။"

ဇူလိုင်လ ၁၆ ရက်မှာလုပ်တဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာလည်း ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ မြို့နယ်အလိုက် အိမ်ခြံမြေ အသင်းတွေကတော့ ပေါက်စျေးထက် အဆမတန်ပေးပြီး ဝယ်ယူနေသူတွေဟာ ငွေကြေးခဝါချဖို့ ဖြစ်နိုင်ခြေများတဲ့ အကြောင်း သတိပေးစာတွေ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာ ဘွဲ့ရလူငယ်ဦးရေ တိုးလာပြီး ဘွဲ့ရ အလုပ်လက်မဲ့နှုန်း များလာတယ်လို့ တရုတ်ဗဟိုစာရင်းအင်းအဖွဲ့က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ ဝင်ငွေကောင်းတဲ့ မြန်မာနယ်စပ်က တရုတ်အွန်လိုင်း လောင်းကစားနဲ့ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ တရုတ် လူငယ်တချို့ လာအလုပ် လုပ်ကြတာရှိသလို၊ ဒီလုပ်ငန်းတွေက တရုတ်ပင်စင်စား သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လိမ်လည်လာကြတဲ့ အကြောင်း တရုတ်သတင်းတွေက ဖော်ပြကြပါတယ်။ ဒီလို ရာဇဝတ် လုပ်ငန်းတွေကို တားဆီးနှိမ်နင်းဖို့ တရုတ်အစိုးရက မြန်မာကို ဖိအားပေးနေတာ ရှိသလို၊ ဒီလုပ်ငန်းလုပ်ကိုင်သူတွေဟာ မြန်မာနိုင်ငံတွင်း အိမ်ခြံမြေတွေ ဝယ်ပြီး ငွေကြေးခဝါချတာတွေ လုပ်လာနိုင်တယ်လို့ တရုတ်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ် ပြောဆိုပါတယ်။

"ပြောနိုင်တာပေါ့။ ဒီလိုပြောရင် လာအိုက ဟိုတလောက ဒီမှာလာပြီး ကျောင်းတက်နေတဲ့ လာအို ကျောင်းသားလေးတွေတောင် ပြောနေတယ်။ သူတို့နိုင်ငံတွေကို တချို့တရုတ်တွေက ငွေထုပ်ပိုက်ပြီး လာအိုကမြေတွေ အကုန်လျှောက်ဝယ်နေတာ။ မြန်မာပြည်က မန္တလေးက ခံလိုက်ရတာ နည်းလားဗျ။ ငွေထုပ်ပိုက်ပြီး ဆင်းသွားတာ၊ ကိုးကန့်တို့ ဘာတို့က ၊ ဘိန်းတွေ ဘာတွေနဲ့ ချမ်းသာတဲ့သူတွေ။ တရုတ်က တချို့နဲ့ ပေါင်းပြီးတော့။ ဒါကြောင့်မို့ မန္တလေးက တချို့ဆောင်းပါးတွေတောင် ထွက်ပါရောလား တရုတ်မြို့ ဖြစ်ပါပြီတို့ ဘာတို့။ အဲ့လိုလေ။"

ရွှေ၊ ကားနဲ့ အိမ်ခြံမြေ ဈေးတွေဟာ စစ်ကောင်စီ ဗဟိုဘဏ်က ကျပ် နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်မယ်ဆိုတဲ့ သတင်းကြောင့်လည်း လှုတ်ခတ်ခဲ့တာတွေ ရှိပါတယ်။ ဒါ့အပြင် စစ်ပွဲဖြစ်နေတဲ့ ဒေသတွေက ငွေကြေးချမ်းသာသူတွေဟာ စိတ်ချရတဲ့ ပြင်ဦးလွင်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စတဲ့မြို့ကြီးတွေမှာ မြေဝယ်တာမျိုးတွေလည်း ရှိသလို၊ ငွေစက္ကူသစ် ထုတ်ဝေမယ့်သတင်း မတိုင်ခင်ကတည်းက အိမ်ခြံမြေ ဈေးတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် တက်နေတာလို့ လေ့လာ စောင့်ကြည့်သူတချို့က ပြောပါတယ်။ မန္တလေးက ဒေသခံတဦးက အခုလို ပြောပါတယ်။

"ဒီ ဇူလိုင်က ဒီ ငွေ မကြော်ငြာချိန်အထိ ဟုတ်တယ်။ မန္တလေးမှာ အိမ်ခြံမြေရယ်၊ ကားရယ်၊ ရွှေပေါ့ ရွှေကတော့ တိုင်းရင်းသားလည်း ပါပါတယ်။ အဲဒါမျိုး ဝယ်ကြတာတွေ ရှိတယ်။ တော်တော်များများ မြင်တွေ့နေရတာပေါ့ဗျာ။ ငွေတန်ဖိုးသိပ်ကြီးတဲ့ အကွက်ကြီးတွေကြတော့ ဝယ်တာကြည့်လိုက်ရင် တရုတ်တွေ များတာပေါ့ဗျာ။ တရုတ်လူမျိုးလို့ ထင်တာပေါ့နော်။ အဲလိုမျိုးလူတွေက များတာပေါ့နော်။ အဲ့ဒါမျိုး တွေ့ရတယ်ဗျ။"

တိုင်းပြည် အခြေအနေ မကောင်းတဲ့ အခုလိုအချိန်မျိုးမှာ အကြောင်းအမျိုးမျိုးနဲ့ အိမ်ခြံမြေတွေဆီ ဝင်ရောက်လာတဲ့ ငွေမည်းတွေလည်း ရှိနိုင်တယ်လို့ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက တာဝန်ရှိသူတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

"အခုက နိုင်ငံရဲ့ အခြေအနေအရက တချို့နေရာတွေမှာလည်း တိုင်းပြည်အခြေအနေ မကောင်းတာလည်းရှိတော့ တချို့က ငွေမည်းကို ငွေဖြူပြန်လုပ်ကြတာလည်း ပါတယ်ပေါ့။ ငွေမည်းကို ငွေဖြူပြန်လုပ်ကြတော့ သူတို့ရဲ့ ငွေက ငွေမည်းဖြစ်နေတဲ့အတွက် သိန်း ၁၀၀ တန်တဲ့ဟာကို ၁၅၀ ပေးချင်လည်း ပေးလိုက်မှာပဲ။ အရောင်းအဝယ်က အဲဒီမှာ ပြန်ပြီး သွက်သွားကြတာ။"

ဒီလို ငွေမည်း ခဝါချမှုတွေနဲ့ ဆက်စပ်နေတဲ့ မြန်မာနယ်စပ်က အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေနဲ့ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကို နှစ်နိုင်ငံ ပူးပေါင်း နှိမ်နင်းဖို့ ဒီလ ၂၅ ရက်နေ့က မြန်မာဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်း (Mr. Chen Hai) နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ တွေ့ဆုံအချိန် ဆွေးနွေးခဲ့ကြပြီး ရလဒ်ကောင်းတွေ ရခဲ့တယ်လို့ တရုတ်ဘက်က ပြောပါတယ်။ မြန်မာထဲမှာ ခိုအောင်းနေတဲ့ အွန်လိုင်းလိမ်လည်မှု ရာဇဝတ် လုပ်ငန်းတွေကို ထပ်မံရှင်းလင်းပြီး ပိတ်မိနေတဲ့ သူ့တို့ နိုင်ငံသားတွေကို ကယ်တင်သွားမယ် လို့လည်း တရုတ်သံရုံးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG