သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ အိမ်ခြံမြေနဲ့မော်တော်ယာဉ်ဈေးထိုးတက်


ရန်ကုန်မြို့ မြင်ကွင်း (photo: C J)
ရန်ကုန်မြို့ မြင်ကွင်း (photo: C J)

အလုပ်အကိုင် ရှားပါးမှုနဲ့ ကျပ်ငွေတန်ဖိုး ဆက်ပြီး ကျနိုင်ခြေရှိတာကြောင့် ရွှေ၊ ကားနဲ့ အိမ်ခြံမြေ ဝယ်ယူ စုဆောင်းသူတွေ သိသိသာသာ ပိုများလာပြီး အိမ်ခြံမြေနဲ့ ကားဈေးတွေ ထိုးတက်နေတယ်လို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ကာလတခုအထိ ဒီလုပ်ငန်းတွေမှာ စျေးနှုန်း ဆက်တက်နေဦးမယ်လို့လည်း အများက ခန့်မှန်းနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။


အခု ဇူလိုင်လထဲမှာပဲ ရွှေ၊ ကားနဲ့ အိမ်ခြံမြေစျေးတွေ ဆက်တိုက်ဆိုသလို တက်လာနေတယ်လို့ ဒီစျေးကွက်မှာ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။ အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေး ကျပ် ၃,၀၀၀ ကျော်နေသလို၊ မရေရာတဲ့ နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းတွေထဲ ဒီလုပ်ငန်းတွေကိုပဲ အများစုက စိတ်ဝင်စားလာကြတာပါ။

နိုင်ငံခြားငွေ ရှားပြီး ကျပ်ငွေတန်ဖိုး ဆက်ကျနိုင်ခြေ ရှိနေတာအပြင် ငွေကြေး ခဝါချတာတွေကြောင့် ငွေအမြောက်အများ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေမှာ စုပြုံလာတာလို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ဒါက ငွေကြေးခဝါချမှုနဲ့လည်း ဆိုင်သွားပြီလေ။ အခုဟာက နိုင်ငံရေး အခြေအနေအရ တချို့နေရာတွေမှာလည်း တိုင်းပြည်အခြေအနေ မကောင်းတာလည်း ရှိတယ်။ အဲဒီတော့ တချို့က ငွေမည်းကို ငွေဖြူ ပြန်လုပ်ကြတာလည်း ပါတယ်။ အဲဒီအတွက် အိမ်ခြံတွေက နည်းနည်း လှုပ်သွားတာလည်း ပါတယ်။ သူတို့ရဲ့ငွေက ငွေမည်း ဖြစ်နေတဲ့အတွက် သိန်း ၁၀၀ တန်တာကို ၁၅၀ ပေးချင်လည်း ပေးလိုက်မှာပဲ။ အရောင်းအဝယ်က အဲဒီမှာပြန်ပြီး သွက်သွားကြတာ။ နိုင်ငံရေး အနေအထားအရ လူတွေက ခြံတွေဘက် အာရုံပြန်စိုက်သွားတဲ့ သဘောပါပဲ။ တချို့တွေက တခြားနေရာမှာ ရင်းနှီးမှု မလုပ်တော့ဘူး၊ တခြားမှာ invest လုပ်ထားမယ်ဆိုရင် ဆယ်နှစ်ကြာရင် ကြာမယ် ရှုံးမယ်၊ မြတ်မယ် သေချာ မသိဘူး၊ အိမ်ခြံမြေကျတော့ နောက် ၁၀ နှစ် ၁၅ နှစ် ကြိမ်းသေတယ်။ သိန်း ၅၀၀ အထက်ပဲ ရှိသွားမှာ။ တချို့ကျတော့လည်း ဝင်ငွေစီးကြောင်း တခုအနေနဲ့ ရင်းနှီးမြှုပ်နှံတာ ပါတာပေါ့။"

ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာလည်း အိမ်ခြံမြေစျေးတွေ အတက်စျေးမှာပဲ ရှိနေဦးမှာဆိုတာကို အသင်းဝင်တွေက ဆွေးနွေးသွားခဲ့တာပါ။

နိုင်ငံခြားငွေကို ထိန်းချုပ်ထားဖို့ စစ်ကောင်စီက မော်တော်ယာဉ်ကားသစ်တွေ တင်သွင်းတာကို ပိတ်ထားပါတယ်။ အထူးပါမစ် ခွင့်ပြုထားတာတွေကလွဲလို့ အများပြည်သူအနေနဲ့ ပုဂ္ဂလိက ဝယ်ယူတင်သွင်းတာတွေကို ပိတ်ထားတယ်လို့ စစ်ကောင်စီက ၂၀၂၂ ဇွန်လ ၁ ရက်မှာ ပြောခဲ့တာပါ။

အဲဒီအချိန်ကစလို့ တဖြည်းဖြည်း တက်လာတဲ့ ကားစျေးနှုန်းတွေဟာ လူလတ်တန်းစားတွေတောင် လက်လှမ်းမမီတဲ့ အခြေအနေ ဖြစ်လာပါတယ်။ အရင်က ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဂျပန်ကျ ကားတစီးရဲ့ တန်ဖိုးဟာ အခုအချိန်မှာ ကျပ်သိန်း ၅၀၀ အထက်ကို ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန် ဟံသာဝတီ ကားပွဲစားတန်းက ဝယ်ရောင်းတဦးက အခုလို ပြောပါတယ်။

"ကားသွင်းခွင့် မရှိတာရယ်။ ပြီးတော့ EV ကားတွေကလည်း အခုသွင်းရတာ အခက်အခဲတွေ ဖြစ်နေလို့။ ဝင်ရမယ့်ဟာ မဝင်ဘူးဖြစ်နေလို့ ရှိတဲ့ကားတွေက တက်သွားရော။ Belta တို့ဘာတို့က ၅၀၀ ပတ်ချာလည်။ GE6 တို့ဆို ၅၀၀၊ ၅၀၀ အထက်ပေါ့လေ။ Insight တို့ဘာတို့ဆို ၆၀၀ နီးပါးတွေ ဖြစ်ကုန်တာပေါ့လေ။ မော်ဒယ်မြင့်ရင် ၂၀၁၂ တို့ဘာတို့ဆို ၇၀၀ တွေဖြစ်ကုန်ရော။ အရင်တုန်းကဆို ဘယ်လောက်မှ မရှိဘူးလေ။ ၃၀၀ ပတ်ချာလည်၊ အများဆုံးမှ ၃၅၀။ သူတို့ ကားသွင်းခွင့် မရှိမချင်းကတော့ တက်နေဦးမှာပေါ့။"

ကားဝယ်ရောင်း တချို့ကတော့ စျေးနှုန်းတွေ တက်နေတာက ကားတင်သွင်းခွင့် ပိတ်ထားတာထက် နိုင်ငံခြားငွေတန်ဖိုး တက်နေတာက အဓိက အကြောင်းအရင်းလို့ မြင်ကြပါတယ်။

ရွှေစျေးကတော့ ကမ္ဘာ့ရွှေက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၀၀ ဝန်းကျင်ကနေ နှစ်ပတ်အတွင်း ၁,၉၆၀ ဖြစ်လာပါတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း ရွှေစျေးတွေ တက်နေပြီး ပြည်ပ တင်ပို့တာကို ခဏ ရပ်နားထားတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းကလည်း အသိပေးထားပါတယ်။ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေတကျပ်သား ရည်ညွှန်းစျေးက ကျပ် ၂၃ သိန်းကျော်ပဲ ရှိပေမယ့် ပြင်ပစျေးကွက်မှာတော့ ကျပ်သိန်း ၃၀ အထက်မှာ အရောင်းအဝယ် လုပ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG