သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စားအုန်းဆီနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်


ယခင်မှတ်တမ်းရုပ်ပုံ | လျှော့ဈေးနဲ့ရောင်းပေးနေတဲ့ စားအုန်းဆီကို ဝယ်ယူဖို့တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၈၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | လျှော့ဈေးနဲ့ရောင်းပေးနေတဲ့ စားအုန်းဆီကို ဝယ်ယူဖို့တန်းစီနေတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၈၊ ၂၀၂၂)

ကျပ်ငွေ တန်ဖိုးကျဆင်းပြီး အထွေထွေ ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့ မြန်မာနိုင်ငံမှာ အရင်က တပိဿာကို ၆,၀၀၀ ကျပ် ဝန်းကျင်ရှိတဲ့ စားအုန်းဆီဈေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တပိဿာကို ကျပ် ၁၀,၀၀၀ ကျော်အထိ ဖြစ်လာပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်နှုန်း ပြင်ပပေါက်ဈေး ၃,၀၀၀ ကျော် ရောက်လာပြီးနောက် သွင်းကုန်တချို့ ဈေးတွေ တက်လာတာပါ။ ရန်ကုန်ကပေးပို့လာတဲ့ ကုန်ဈေးနှုန်း အခြေအနေတချို့ကို ကိုစံကျော်က တင်ပြပေးပါမယ်။

ပြည်တွင်းက နိုင်ငံပိုင် ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ပြီးတဲ့နောက် နိုင်ငံခြားငွေ အလွှဲအပြောင်းတွေမှာ သက်ရောက်မှု ရှိခဲ့ပြီး ပြင်ပဈေးကွက်မှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၃,၀၀၀ အထက်အထိ ဖြစ်လာပါတယ်။ အဓိကလိုအပ်တဲ့ သွင်းကုန်ပစ္စည်းတချို့အတွက် လုပ်ငန်းရှင်ကြီးတွေကို ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းပေးပြီး ကျားကန် ပေးထားတယ်လို့ တချို့က ပြောပါတယ်။ ဈေးကွက်ထဲမှာတော့ စားအုန်းဆီတွေ ဈေးတက်လာတယ်လို့ လက်လီဈေးကွက်က လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ကုန်ခြောက် လက်လီ၊ လက်ကား ရောင်းချသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ဒီ ဆီတခုဆိုတာ ကျနော်တို့ပြည်တွင်းက မလုပ်တတ်ဘူး၊ စားအုန်းဆီက ပြည်ပကမှာရတာ။ အခု ဒေါ်လာတွေဘာတွေ အပြင်မယ် ဖမ်းတာတွေ၊ ဆီးတာတွေနဲ့ဆိုတော့ အကြမ်းဖျဉ်း ၃,၀၀၀၊ ၃,၅၀၀ လောက်ကို သွားနေတာကိုး။ သူတို့လက်ထဲမယ် ဆီရှိတယ်ဆိုရင်ဗျာ ဆိုပါစို့ ၃,၃၀၀ လောက်နဲ့ ချိန်လိုက်မယ်ပေါ့။ ဆီကို ဒေါ်လာဈေး ၃၃၀၀ နဲ့ချိန်ပြီး ဈေးကွက်ဖွင့်မယ်ဆိုတဲ့ လုပ်နည်းနဲ့ လုပ်တာကိုး။ ဒီကိစ္စပြောရဆိုရတဲ့ နိုင်ငံခြားဈေးရော၊ လက်တဆုပ်စာက လုပ်စားတာရယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်မျိုးနဲ့ ဒီလောက်အပေါက်လောက်လေး ပြည်သူပြည်သားတွေ ကျေနပ်အောင် ဖွင့်ပေးပြီး အစွမ်းကုန် တို့လုပ်ပေးမယ်ဆိုတဲ့ စိတ်မျိုးမရှိဘူး။ စာနာစိတ်နဲ့ အလုပ်လုပ်တဲ့သူ နည်းတယ်။"

စားသုံးဆီ ဖြန့်ဖြူး၊ ကြီးကြပ်ရေးကော်မတီကတော့ စားအုန်းဆီတပိဿာ ရည်ညွှန်းဈေးနှုန်းကို ၄,၀၃၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒီဈေးနှုန်းအတိုင်း ဆီလုပ်ငန်းရှင်များအသင်းက လူတယောက်ကို ၅၀ သား၊ တပိဿာနှုန်းနဲ့ ရပ်ကွက်တချို့မှာ ရောင်းချပေးနေပါတယ်။ ဒါကလည်း ပမာဏ အနည်းအကျဉ်းကိုပဲ ရောင်းချပေးနေတာလို့ ဆီလုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ စားအုန်းဆီရောင်းချတဲ့ လုပ်ငန်းကြီးတချို့ကတော့ ဆီတင်ပို့တဲ့ နိုင်ငံတွေက ဒီရက်ပိုင်းထဲမှာ ပုံမှန်ပမာဏအောက်ကို လျှော့ချပြီး ရောင်းချနေလို့ အခုလို ဈေးတွေတက်လာတာလို့ ထုတ်ပြန်ထားကြပါတယ်။ စားသုံးသူအခွင့်အရေးနှင့် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးကတော့ အခြေခံ ကုန်စည်တွေနဲ့ ဆက်စပ်ပြီး တခြား စိုက်ပျိုးရေးသီးနှံတွေ၊ စားသောက်ကုန်တွေ ဈေးတက်လာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

" အခုတော့ ဗဟိုဘဏ်က ငွေလဲနှုန်းနဲ့ စက်သုံးဆီကို မတက်အောင်တော့ ထိန်းထားတယ်။ ဒါပေမဲ့ စားအုန်းဆီလိုမျိုးကတော့ တသောင်းဘာလို့ ကျော်သွားလဲဆိုတော့ မလေးကနေ US ဒေါ်လာနဲ့ဆိုတော့ ဒေါ်လာဈေးက ၃,၂၀၀ အပြင်မှာ ၃,၀၀၀ ကျော်သွားပြီဆိုတော့ ဒေါ်လာနဲ့ဝယ်ရတဲ့ သွင်းကုန်မှန်သမျှ အကုန် လိုက်တက်တယ်လို့သာ ဆရာတို့က သုံးသပ်တယ်။ အခြေခံစားကုန်ဖြစ်လို့ အိမ်ရှင်မတွေမှာတော့ တနေ့ဈေးအသုံးစရိတ်က ခါတိုင်း ၅,၀၀၀ကျရင် အခု ၁၀,၀၀၀၊ အရင်က ၁၀,၀၀၀ ကုန်တဲ့အိမ်က အခုဆိုရင် တသောင်းခွဲ၊ နှစ်သောင်း ကုန်တော့မှာပဲပေါ့။"

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ကားဓါတ်ဆီဖြည့်ပေးနေတဲ့ ဝန်ထမ်းတဦး (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ဓါတ်ဆီဆိုင်တဆိုင်မှာ ကားဓါတ်ဆီဖြည့်ပေးနေတဲ့ ဝန်ထမ်းတဦး (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၃)

ဓာတ်ဆီ၊ ဒီဇယ်ဈေးကတော့ တလီတာကို ကျပ် ၂,၀၀၀ ဝန်းကျင်မှာ ငြိမ်နေပါတယ်။ ဒီရက်ပိုင်းထဲမှာ အနည်းငယ် ပြန်ကျနိုင်တယ်လို့ ဆီလုပ်ငန်းတချို့က ပြောထားပေမဲ့ တချို့နေရာတွေမှာတော့ ကျပ် ၂,၀၀၀ အထက်မှာပဲ ရှိနေပါတယ်။

ဆန်ဈေးကလည်း ၂၄ ပြည် တအိတ်ကို မြို့ပေါ်မှာ ကျပ် ၈၀,၀၀၀ ကနေ ၁ သိန်းကျော်အထိ ရှိပါတယ်။ အခုနှစ်မှာ ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးတွေလည်း တက်နေတာကြောင့် လယ်သမားတွေလည်း မိုးစပါးထွန်ယက်ဖို့ အခက်တွေ့နေပါတယ်။ ဒါကြောင့် တင်းတရာကို ကျပ်၁၆ သိန်းကနေ ဆက်တက်လာတဲ့ စပါးဈေးဟာ အမြင့်ဈေးမှာပဲ ဆက်ရှိနေနိုင်တယ်လို့ စပါးဝယ်ရောင်းလုပ်သူတွေက ခန့်မှန်းထားပါတယ်။ ပဲခူးတိုင်းက စပါးသိုလှောင်သူတဦးက အခုလိုပြောပါတယ်။

"စပါးစိုက်ဖို့ဆိုတာကတော့ အခက်အခဲ ရှိတော့ရှိတယ်။ ရှိပေမဲ့လည်း တောင်သူတွေဟာ ဒီအနေအထားအတိုင်း ရအောင်တော့ နှစ်စဉ် စိုက်နေကြရတာပဲ။ စပါးဈေးက သိန်း ၂၀၊ ၅ သောင်းဝန်းကျင်လောက် ရှိတယ်၊ ဒါကတော့ လုံးဝထိပ်စ အကောင်းဆုံး စပါးကိုပြောတာပေါ့။ အားလုံးကတော့ အများဆုံး ခန့်မှန်းကြည့်တာပေါ့ (တင်းတရာကို) ၂၂ သိန်းဟာ အမြင့်ဆုံးပဲ ဖြစ်သွားမယ်လို့ မှန်းလို့ရပါတယ်။ ဒါကလည်း နောက်ဆုံးမှာ ဖြစ်သွားနိုင်တဲ့ ဈေးပေါ့နော်။"

စပါးစိုက်ပျိုးချိန်မှာ ဓာတ်မြေဩဇာဈေးက တအိတ်ကို ၁ သိန်းကျပ်အောက် ပြန်ကျလာပေမဲ့ လုပ်အားခ၊ စက်သုံးဆီခတွေ တက်လာတယ်လို့ လယ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။ လယ်လုပ်သူရှားပါးတာ၊ မုန်တိုင်းကြောင့် စပါးမစိုက်နိုင်တဲ့နေရာတွေ များလာတာကြောင့် စားနပ်ရိက္ခာဖူလုံရေး စိုးရိမ်ရသလို၊ သိပ်မကြာခင်က ကြုံခဲ့ရတဲ့ မိုခါမုန်တိုင်းကြောင့်လည်း ဒီအခြေအနေကို ပိုဆိုးသွားစေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက သတိပေးပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG