သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာအစားထိုးငွေကြေးသုံးဖို့ မြန်မာ နည်းလမ်းရှာ


A Chinese bank employee counts 100-yuan notes and US dollar bills at a bank counter (Photo by AFP)
A Chinese bank employee counts 100-yuan notes and US dollar bills at a bank counter (Photo by AFP)

ဒေါ်လာအစားထိုးငွေကြေးသုံးဖို့ မြန်မာ နည်းလမ်းရှာ

တရုတ်၊ ရုရှား ဦးဆောင်ပါဝင်တဲ့ BRICS နိုင်ငံတွေ ပူးပေါင်းတည်ထောင်ထားတဲ့ NDB ဘဏ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ စဉ်းစားနေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌက ရုရှားမြို့တော် စိန့်ပီတာစဘတ်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေးဖိုရမ်မှာ ပြောကြားပါတယ်။

ဒါဟာ အမေရိကန်ဒေါ်လာကို အစားထိုး သုံးစွဲဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက နည်းလမ်းရှာနေတဲ့ မြန်မာအာဏာသိမ်း စစ်တပ်က ကမ္ဘာ့ငွေကြေးသစ်တခုကို ဖန်တီးနေတဲ့ NDB ဘဏ်နဲ့ ပူးပေါင်းဖို့ ကြိုးပမ်းလာတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ရှုမြင်ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


နိုင်ငံတကာ ငွေကြေးသစ်တခု ဖော်ဆောင်ဖို့လုပ်နေတဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ - BRICS - နိုင်ငံတွေရဲ့ New Development Bank (NDB) ဘဏ်နဲ့ ပူးပေါင်းပါဝင်သွားဖို့ စဉ်းစားထားကြောင်း ဗဟိုဘဏ်ရဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောလိုက်တာပါ။ ဒေါ်လာ လွှမ်းမိုးမှုကို လျှော့ချဖို့ ဒီအဖွဲ့က လုပ်နေတာတွေကိုလည်း မြန်မာက ထောက်ခံကြောင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေးဖိုရမ်မှာ သူက သတင်းဌာနတွေကို ပြောခဲ့တာပါ။

လက်ရှိမှာလည်း မြန်မာက နယ်စပ်ကုန်သွယ်ရေးမှာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် ယွမ်ငွေ၊ ဘတ်ငွေ၊ ရူးပီးငွေတွေကိုသုံးပြီး ကုန်သွယ်ကြဖို့ တွန်းအားပေးနေပါတယ်။ ဒါကတော့ မြန်မာအနေနဲ့ အရင်ကလည်း နယ်စပ်ကုန်သွယ်ရေးလို နေရာမျိုးမှာ သက်ဆိုင်ရာနိုင်ငံအလိုက် သူတို့ရဲ့ ငွေကြေးနဲ့ ကုန်သွယ်တာက ပိုပြီးအဆင်ပြေတဲ့ အနေအထားမှာ ရှိတာပါ။ ဒါပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာတော့ ဒေါ်လာကို ချေဖျက်ပြီး ငွေကြေးတခုခုနဲ့ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်း ပညာရှင်တွေက ပြောပါတယ်။

သန္တိအဖွဲ့ရဲ့ဒါရိုက်တာနဲ့ ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်သူ ဦးခိုင်ဝင်းကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

" New Development Bank တို့ ဘာတို့ အဲဒီအစီအစဉ်အောက်မှာလည်း တရုတ်ယွမ်ငွေနဲ့ ကုန်သွယ်ရေးလုပ်ဖို့ပေါ့၊ တရုတ်ယွမ်ကလည်း သူတို့က open capital market မဟုတ်ဘူးပေါ့၊ အလွယ်တကူနဲ့ တရုတ်ယွမ်ငွေကို တခြားငွေကြေးကို ပြောင်းဖို့၊ ဒေါ်လာဖြစ်ဖြစ် ယူရိုဖြစ်ဖြစ် ပြောင်းဖို့တို့ အဲလိုလုပ်ဖို့က အဆင်မပြေသေးဘူးပေါ့။ တရုတ်အစိုးရ ကိုယ်တိုင်က ထိန်းချုပ်ထားတာတွေ ရှိတယ်လေ၊ သူ့ရဲ့နိုင်ငံသားတွေ အပေါ်မှာလည်း ကန့်သတ်ချက်တွေ ရှိတယ်။ အမေရိကန်ဒေါ်လာက အချိန်မရွေး လဲလို့ရတယ်ဆိုတော့ များသောအားဖြင့်က အရံငွေကြေးအနေနဲ့က အားလုံးက တရုတ်ကိုယ်တိုင်လည်း အမေရိကန်ဒေါ်လာတွေပဲ ဝယ်ထားသေးတာလေ။ အဲဒီတော့ ချက်ချင်းကြီးတော့ ဒါကြီးက ရေရှည် ကြာဦးမယ့်ဟာပဲ။"

မြန်မာစစ်ကောင်စီဟာ ဇူလိုင်လထဲမှာ ရုရှားနဲ့ ခရီးသည်တင်လေကြောင်းလိုင်း ပြေးဆွဲဖို့ စကားပြောနေတာလည်း ရှိပါတယ်။ အလားတူ တရုတ်ဦးဆောင်ပါဝင်နေတဲ့ NDB ဘဏ်နဲ့ ပူးပေါင်းဖို့ စဉ်းစားနေတာဟာ စီးပွားရေး အလားအလာအပြင် နိုင်ငံရေး အသိအမှတ်ပြု ခံရဖို့အတွက် ရည်ရွယ်ချက်တွေလည်း ပါနိုင်တယ်လို့ တချို့က ခန့်မှန်းပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို ရုရှားမြို့တော်မှာ ကျင်းပတဲ့ စီးပွားရေးဖိုရမ်ကို တက်ရောက်ရတာကလည်း အဖွဲ့ရဲ့ မူဝါဒနဲ့ ရည်မှန်းချက်ကို အားသွန်ခွန်စိုက် ထောက်ခံဖို့ထက် စစ်ရေး၊ နိုင်ငံရေး ထွက်ပေါက်တခုအဖြစ်သာ ရည်ရွယ်ထားကြောင်း တချို့ကလည်း သုံးသပ်ပါတယ်။

စစ်တပ်ဟာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေကြောင့် ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့ နည်းလမ်းရှာတဲ့ အခြေအနေ တခုလို့သာမြင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်သိန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်တပ်က တရုတ်ဖော်ဆောင်တဲ့ ကမ္ဘာ့အစီစဉ်သစ်ကို အားသွန်ခွန်စိုက်၊ စိတ်ရောကိုယ်ပါ ထောက်ခံတယ်ဆိုတာထက် နိုင်ငံရေးထွက်ပေါက်အတွက် နိုင်ငံတကာ အသိုင်းအဝန်းကို အကျိုးရှိအောင် အသုံးချနေတာလို့ သူကမြင်ပါတယ်။

" နိုင်ငံတကာ အသိုင်းအဝန်းတွေဘက်က ထောက်ခံအားပေးမှုတွေက ရုရှားဆီကနေ လာတယ်ပေါ့လေ။ အဓိက တရုတ်ဆီကတောင် အပြည့်အဝ မရပါဘူး။ သို့သော်လည်းပဲ ဒီ BRICS နိုင်ငံတွေဆီက တစုံတရာ အသိအမှတ်ပြုမှုမျိုး ရတယ်။ ဒါကြောင့်မို့ BRICS နိုင်ငံတွေနဲ့ ရုရှားတို့ တရုတ်တို့ ကမကထ ကြီးမှူးကျင်းပတဲ့ ပွဲတွေမှာ တက်ရောက်ခွင့်ရတာက နိုင်ငံတကာ အသိအမှတ်ပြုမှု ရတဲ့သဘောမျိုး မှတ်ယူထားပုံရတယ်။ အဲလို အစည်းအဝေးတွေ တက်တိုင်းတက်တိုင်းမှာ သတိထားမိတာက အစည်းအဝေးရဲ့ main theme ကို သူက support (ထောက်ခံတဲ့) သဘောမျိုး အမြဲနေတာ တွေ့ရတယ်။ အဲလို ထွက်ပေါက်ရှာနေတဲ့ အခြေအနေမျိုးမှာ ပြည်တွင်းမှာတော့ ဩဇာကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံစကားပြောဖို့ဆိုတဲ့ သတင်းမျိုးတွေ တက်လာတာလည်း ရှိတော့ ထွက်ပေါက်က သူ့အတွက် အဖြေ ဖြစ်မယ်လို့ ယူဆပုံရတယ်။ အဲဒါတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေဘက်က ပံ့ပိုးပေးနိုင်ဖို့၊ ကူညီထောက်ပံပေးနိုင်ဖို့က သူ့အတွက် အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်နေတယ်။"

အမေရိကန်ဒေါ်လာ ဘီလီယံချီပြီး ရေနံအရောင်းအဝယ်လုပ်နေတဲ့ ဆော်ဒီနိုင်ငံကလည်း BRICS ရဲ့ နောက်တိုး အဖွဲ့ဝင်ဖြစ်လာဖို့ စိတ်ဝင်စားကြောင်း ပြောနေပါတယ်။ ဆော်ဒီနိုင်ငံကို အဖွဲ့ဝင်ဖြစ်လာဖို့ အခုနှစ် ဩဂုတ်လ၊ တောင်အာဖရိကမှာလုပ်မယ့် အဖွဲ့ရဲ့ ညီလာခံမှာ BRICS နိုင်ငံတွေက ဆုံးဖြတ်ကြမှာပါ။ အလားတူ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီညီလာခံမှာ အဖွဲ့ဝင်ဖြစ်လာဖို့ အလားအလာ ကောင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အခု ကြာသပတေးနေ့က ပြောခဲ့တာပါ။ တရုတ်ဦးဆောင်နေတဲ့ NDB ဘဏ်ကတော့ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီးနဲ့ အီဂျစ်နိုင်ငံတွေကို ပြီးခဲ့တဲ့နှစ်တွေကတည်းက အဖွဲ့ဝင်သစ်အဖြစ် သတ်မှတ်ထားပါတယ်။

စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF)ကို ဇွန်လ ၁၄ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတာပါ။ အယ်ဂျီးရီးယား၊ ပါကစ္စတန်၊ ဗင်နီဇွဲလား၊ ဟန်ဂေရီ၊ နီကာရာဂွာ (Nicaragua) နဲ့ မြန်မာနိုင်ငံတို့လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG