(Zawgyi / Unicode)
ငွေကြေးမတည်မငြိမ် အခြေအနေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို အာဏာပိုင်တွေ ပြင်ဆင်လိုက်ပေမယ့် လက်တွေ့ ထိရောက်မှုရှိပါ့မလား ဆိုတာကို အကဲခတ်တွေ မေးခွန်းထုတ်နေကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာတွေနဲ့ ကိုဗစ်ကပ်ဘေးဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သုံးသပ်သူတွေကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဝင်းမင်း မေးမြန်းထားသူတွေထဲက နိုင်ငံခြားငွေလုပ်ငန်းလည်း ပါဝင်တဲ့ ဝါးခယ်မရောင်းဝယ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကတော့ အောက်တိုဘာလ ၆ ရက်နေ့က ပြင်ဆင်လိုက်တဲ့ နိုင်ငံခြားငွေ စီမံမှုဥပဒေရဲ့ ထူးခြားမှုကို အခုလို ရှင်းပြပါတယ်။
“သူတို့ ရေးထားတာကတော့ တချက်ပေါ့၊ မည်သူမဆို ဆိုတဲ့ဟာ ပါတယ်။ မည်သူမဆို ဆိုတော့ တဦးတယောက်က နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ဈေးကစားတဲ့သူတွေ ဒါတွေကို အရေးယူမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဒုတိယတချက်ကတော့ လက်ရှိ လိုင်စင်ပေးထားတဲ့ ဘဏ်တွေနဲ့ Money Changer (နိုင်ငံခြားငွေလဲဌာန) တွေမှာ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားရင် ထားရှိရမယ့် စာရွက်စာတမ်းတွေ စနစ်တကျထားဖို့၊ ပြစ်ဒဏ်အနေနဲ့လည်း အရင်တုန်းက ၁ နှစ်ကနေ ၃ နှစ်ကို တိုးမြှင့်လိုက်တာ တွေ့တယ်။”
အဲဒီတော့ ဒီဥပဒေမှာ အဓိက ပြောင်းလဲသွားတာ အသေးစိတ်ကိုလည်း အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးက အခုလိုပြောပါတယ်။
“နိုင်ငံသားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေက အရင်ကတည်းက ရှိပြီးသားလေ။ အရင်တုန်းက ၄၁ (ပုဒ်မ) မှာ နိုင်ငံခြားသုံးငွေ လိုင်စင် ဒီ AD (Authorized Dealer) လိုင်စင်ရရှိသူ မည်သူမဆိုလို့ပဲ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမယ်လို့ ပြောတာ။ အဲဒီတော့ AD လိုင်စင် မရှိတဲ့လူတွေက လိုက်နာစရာ မလိုဘူးလို့ ပြောချင်တာ။ အခုကြတော့ မည်သူမဆို ဆိုတဲ့ စကားလုံးက AD လိုင်စင်တင် မဟုတ်ဘူး၊ Anybody (ဘယ်သူမဆို) လို့ ပြောချင်တာ။ တခြားလူပေါ့၊ AD လိုင်စင်မရရှိတဲ့ အပြင်က ကစားတဲ့လူပဲဖြစ်ဖြစ် ဝယ်တဲ့လူပဲဖြစ်ဖြစ် အဲဒီလူတွေကို အကျုံးဝင်တယ်လို့ ပြောချင်တာ။”
ဒါ့အပြင် အခု ဥပဒေ ပြင်ဆင်မှု မထုတ်ခင်မှာလည်း Export Earning နိုင်ငံခြားပို့ကုန် ဝင်ငွေကို ရက် ၃၀ တလထက်ပို မကိုင်ထားရဘူးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေ အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ခဲ့တာရဲ့ ရည်ရွယ်ပုံကိုလည်း အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသုံးသပ်သူတဦးက အခုလိုဆိုပါတယ်။
“ပို့ကုန်ရငွေတွေ တရားဝင်ရတဲ့ နိုင်ငံခြားငွေတွေကို အရောင်းအဝယ် လုပ်တာမှာ လက်လွှဲပြောင်းတာကို သူက ကန့်သတ်လိုက်တယ်။ ပထမ ၄ လအတွင်းမှာ အသုံးမပြုရင် ဘဏ်ကိုအပ်ရမယ်ဆိုပြီး ပထမတခါ ထွက်တယ်။ နောက်တခါ တလအတွင်းလို့ ထွက်လာတယ်၊ စသည်ဖြင့် အဲ့လို တဆင့်ချင်း ကန့်သတ်လိုက်တဲ့အခါ ဈေးကွက်က မလွတ်လပ်တော့ဘူး။ မလွတ်လပ်တော့ အရောင်းအဝယ် အားနည်းသွားပြီး ကန့်သတ်တာက ဈေးကျအောင် လုပ်လိုက်ရာ ရောက်တယ်လို့ ယူဆပုံပေါ်ပါတယ်။ အဲဒီတော့ ဆက်ပြီး ကန့်သတ်သွားတာကပဲ ဒေါ်လာဈေးနှုန်း မြန်မာငွေတန်ဖိုး ကျတာကို ထိန်းနိုင်မယ်လို့ စဉ်းစားပုံရပါတယ်။ အနည်းဆုံးတော့ ယာယီဖြေရှင်းနိုင်လည်း မဆိုးဘူးလို့ တွေးကောင်းလည်း တွေးမှာပေါ့။”
အဲဒီတော့ အခု နိုင်ငံခြားငွေစီမံမှု ဥပဒေကို ပြင်ဆင်လိုက်တာကြောင့် သက်ရောက်နိုင်ပုံကို မေးရာမှာ ဒေါက်တာစိုးထွန်းက…
“ပုံမှန်တော့ လုပ်ငန်းရှင်တွေက ဒေါ်လာအရွက်ကိုင်တာတော့ နည်းပါတယ်။ ဒါပေမယ့် Import, Export လုပ်လို့ရတာတော့ ကျနော်တို့က အကောင့်ထဲမှာရှိတဲ့ Export Earning (နိုင်ငံခြားပို့ကုန် ဝင်ငွေ) ခေါ်တာပေါ့၊ ဒီဟာကို အဓိကသုံးတယ်။ Export Earning ကိုပဲဝယ်ပြီး သူတို့ ကုမ္ပဏီအကောင့်ထဲထည့်ပြီး သုံးကြတာပေါ့။ ဒေါ်လာအရွက် ဝယ်တယ်၊ စုတယ်၊ ရောင်းတယ် လုပ်ကြတာတော့ သာမန်ပြည်သူထဲကနေပြီး တချို့လည်း မြန်မာငွေအပေါ် ယုံကြည်မှုနည်းလို့ ဒေါ်လာကိုင်ချင်တဲ့လူပဲ ဝယ်ကြ ရောင်းကြတာ။ ဒေါ်လာဈေးငြိမ်သွားတာ တွေ့တယ်။ ခုနဥပဒေကြောင့်တော့ မဟုတ်ဘူး။ စပြီး တည်ငြိမ်သွားတာ ရက်ပေါင်း ၃၀ အတွင်းမှာ Export Earning တွေ ပြန်လည်ရောင်းချရမယ်ဆိုတဲ့ဟာပေါ့၊ အဲဒီ ပြဋ္ဌာန်းပြီးတဲ့ နောက်ပိုင်းမှာတော့ ဒေါ်လာဈေး ငြိမ်သွားတာ တွေ့တယ်။” လို့ ပြောပါတယ်။
အခုလို ဒေါ်လာဈေး စကျလာပေမယ့် ဈေးကွက် စထိခိုက်နိုင်ပုံကိုတော့ စီးပွားရေး လေ့လာသုံးသပ်သူက အခုလို ရှင်းပြပါတယ်။
“ဈေးကတော့ အဝယ်နည်းတော့ ကျသွားတာပေါ့။ ဒါလည်း လုပ်ရကိုင်ရ ခက်သွားတာကိုး။ ခက်သွားတာက ဥပမာ ပို့ကုန်တင်ပို့တဲ့လူက နိုင်ငံခြားကို ပစ္စည်းပို့မယ်၊ ရလာတဲ့ငွေကို သူ လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ၊ ဒါမှမဟုတ် ဈေးကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရောင်းရမယ်ဆိုတာမျိုး တွန်းအားပေးခံရတာပေါ့။ ပို့ကုန်သမားမှာ နစ်နာသွားနိုင်တယ်။ နောက်တချက်က သွင်းကုန်သမားကပဲ ဝယ်လို့ရမယ်။ ဆိုလိုတာက ဝယ်ပြီးတော့ ကိုယ့်စာရင်းထဲကို ပြောင်းပြီးတော့ ထပ်ပြီးတော့ လက်လွှဲတာ မလုပ်ရဘူးလို့ ကန့်သတ်တယ်။ ဝယ်ရောင်းလုပ်လို့မရအောင် တားမြစ်တဲ့ သဘောပေါ့လေ။ ဒါလည်းပဲ တကယ်လက်တွေ့ ဈေးကွက်ရဲ့ အခြေအနေနဲ့တော့ ဟနေတယ်။ ဒါက ရေရှည် အဆင်ပြေ မပြေ ဆိုတာက မသေချာပါဘူး။”
ဒါ့အပြင် အခု ဈေးကွက်ထဲ ကြီးကြီးမားမား စထိခိုက်လာပုံကိုလည်း အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်က အခုလိုဆိုပါတယ်။
“အခုဆိုရင် အရွက်နဲ့ Earning (နိုင်ငံခြားပို့ကုန် ဝင်ငွေ) က ထူးထူးဆန်းဆန်း ၂၀၀ လောက် ဟသွားတာ။ အရင်တုန်းက သိပ်မဟဘူးဗျ။ အခုဆို Earning က အောက်မှာလေ၊ အရွက်က ၂,၁၅၀၊ ၂,၁၈၀။ Earning က ၂,၀၀၀ လောက်ပဲရှိတယ်။ ၁၈၀ လောက် ဟနေတယ်၊ ၂၀၀ လောက် ၁၀ ရာခိုင်နှုန်းလောက် ဟသွားတယ်။ တခါမှ မဟဖူးဘူး။ အမှန်တော့ Earning က အပေါ်မှာရှိရမှာ ပုံမှန်ဆိုရင်။ အရင်တုန်းက ဒေါ်လာ ၁၃၅၀ ဆိုရင် Earning က ၁၃၅၅ ကျပ်တို့ အပေါ်မှာ ၅ ကျပ် ၁၀ လောက်ရှိတယ်။ တခါတလေ အောက်ရောက်သွားရင်လည်း ၁၀၊ ၂၀ ပေါ့။ ဒေါ်လာဈေးနဲ့ Earning ဈေးကွာတော့ ကျနော်တို့ Export (ပို့ကုန်) လုပ်တဲ့လူက နစ်နာတာပေါ့။ နောက်ဆုံး ရက် ၃၀ ပြည့်ရင် မဖြစ်မနေ ဘဏ်ကဖြတ်တဲ့ဈေးနဲ့ ရောင်းရမယ်ဆိုတဲ့ အနေအထား ရောက်သွားတာပေါ့။ ရောက်တော့ Exporter က နင်တာပေါ့။ ဒေါ်လာ ပေါက်ဈေးအတိုင်း မရဘူး၊ ပေါက်ဈေးအောက်မှာ ဖြစ်နေတာပေါ့။ အဲဒါကြတော့ Fair Market (ဈေးကွက် မျှမျှတတ) မဖြစ်ဘူးပေါ့။”
တကယ်တော့ အခုအခြေအနေက ဒေါ်လာငွေလဲနှုန်း စငြိမ်လာသလို ဖြစ်ပေမယ့် ဆက်ကျသွားမလား၊ ပြန်တက်လာမလား မသေချာသေးဘဲ စောင့်ကြည့်ရဦးမယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
-----------------------
(Unicode)