သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၁၀ သန်းဖိုး မြန်မာပိုင်ကုန်ပစ္စည်းတွေ ယူနန်အာဏာပိုင်တွေ သိမ်းဆည်း


တရုတ်ပြည်တင်ပို့တဲ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး (ယခင်ပုံဟောင်း)
တရုတ်ပြည်တင်ပို့တဲ့ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး (ယခင်ပုံဟောင်း)

တရုတ် ဝမ်တိန်နယ်စပ် ဂိုထောင်တွေထဲက မြန်မာကုန်သည်တွေရဲ့ အမေရိကန်ဒေါ်လာ ဆယ်သန်းလောက် တန်ကြေးရှိတဲ့ ကုန်စည်တွေကို အခွန်မဆောင်ဘူးဆိုပြီး တရုတ်ယူနန် အာဏာပိုင်တွေက သိမ်းဆည်းလိုက်ပါတယ်။ ဒီကုန်စည်တွေကို မကြာခင် လေလံပစ်သွားမယ်လို့ တရုတ်ဘက်က တုံ့ပြန်ခဲ့တာပါ။ ဒါက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ပထမဆုံးနဲ့ တန်ဖိုးအများဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ မူဆယ်မြို့က ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က ပြောမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးဇုန်၊ တရုတ် ဝမ်တိန်မြို့ထဲမှာ သိုလှောင်ထားတဲ့ မြန်မာကုန်သည်တွေပိုင်တဲ့ ကုန်ပစ္စည်းတွေကို တရုတ်အာဏာပိုင်တွေက မေလကုန်ပိုင်းမှာ သိမ်းဆည်းလိုက်ပါတယ်။ ပဲ၊ နှမ်း အပါအဝင် သိုလှောင်ထားတဲ့ ကုန်စည်မျိုးစုံရဲ့တန်ဖိုးက မြန်မာကျပ်ငွေ ၃၀ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ဆယ်သန်းကျော်လောက် တန်ကြေးရှိတယ်လို့ မူဆယ်က ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။

ဒီကုန်ပစ္စည်းတွေဟာ အခွန်ဆောင်မထားလို့ သိမ်းဆည်းရတာဖြစ်ကြောင်း တရုတ်ဘက်က မြန်မာနယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာပါ။ အခုဒီကုန်တွေကို တရုတ်အာဏာပိုင်တွေက လေလံပစ်ပြီး ရောင်းချတော့မယ်လို့ မူဆယ်ကုန်သည်အသင်းရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့ကတော့ အပြီးပိုင် သိမ်းပစ်လိုက်ပြီ။ မြန်မာငွေ သိန်းပေါင်း သုံးသိန်းကျော်ဖိုးလောက် ပါသွားတယ်။ အခု ၁၄ရက်နေ့ကို သူတို့ လေလံပစ်မယ် အွန်လိုင်းကနေ။ စျေးပြိုင်စနစ်နဲ့ ရောင်းချမယ်။ ဒီပဲတွေက မြန်မာနိုင်ငံသားတွေ ပိုင်တာပဲ၊ ဒါပေသည့် လေလံပစ်တဲ့အချိန်မှာ မြန်မာနိုင်ငံသား ဝင်ရောက်ဆွဲလို့ မရဘူး။ တရုတ်နိုင်ငံသားပဲ ဆွဲခွင့်ရှိတယ်။"

ကုန်သည်တွေကတော့ သူတို့အနေနဲ့ မြန်မာနဲ့တရုတ် နှစ်ဘက်စလုံးကို အခွန်ဆောင်ပြီးမှ တရုတ်ဝမ်တိန်မြို့က ဂိုထောင်တွေမှာ သိမ်းဆည်းလို့ရတာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒီဂိုထောင်တွေမှာ ဆေးဖြန်းပြီး သိမ်းဆည်းထားတဲ့ နှမ်းတို့၊ ပဲတီစိမ်းတို့ကို တရုတ်ကုန်သည်တွေက လာပြီးဝယ်ယူကြတာပါ။ တကယ်တော့ ဒီဖြစ်ရပ်မတိုင်ခင်က တရုတ်ရွှေလီမြို့ထဲမှာ တရားမဝင်သိုလှောင်ထားတဲ့ သစ်မျိုးစုံကို တရုတ်အာဏာပိုင်တွေက တွေ့ရှိခဲ့ပြီး ဒါနဲ့ဆက်စပ်လို့ ဒီဂိုထောင်တွေကိုလည်း တဆက်တည်းမှာ သိမ်းဆည်းလိုက်တာပါ။

မေလ ၃၁ရက်မှာတော့ ယူနန်က တာဝန်ရှိသူတွေနဲ့ မြန်မာ မူဆယ်ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူတွေ ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ လျှော့ပေါ့စဉ်းစားပေးမယ်လို့ တရုတ်ဘက်ကတုံ့ပြန်ခဲ့ပေမဲ့ အခုတော့ လေလံပစ်ရောင်းချဖို့အထိ ဖြစ်လာတာပါ။ လွဲမှားတဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ အများကြီးနစ်နာကြောင်း ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။

" ဒါတွေက ဟိုတလောက ရွှေလီမှာ သစ်ကွင်းကြီးတခု မီးလောင်တဲ့အခါကြတော့ ဒီသစ်ကွင်းကြီး မီးလောင်မှုကို စုံစမ်း စစ်ဆေးတာကနေ အစိုးရကို အခွန်ဆောင်ပြီးတော့မှ တရားဝင် လမ်းကြောင်းကနေ ဝင်ထားတာမဟုတ်ဘဲနဲ့ စုပုံထားတဲ့ဟာတွေ ဖြစ်နေတဲ့သဘောနဲ့တူတယ်။ အဲဒါတွေနဲ့ပါ တွဲပြီးတော့မှ ဒီပဲတီစိမ်းကိစ္စလည်း ပေါ်လာတဲ့သဘောလို့ ပြောကြတယ်။ အဲဒီမှာ လူတွေ တော်တော်များများတော့ အရေးယူမယ်၊ ဖမ်းမယ်၊ ဆီးမယ်ပေါ့။ သို့သော်လည်း ကုန်ပစ္စည်းကတော့ မြန်မာပြည်ဘက်က ကုန်သည်ရဲ့ ပစ္စည်းဖြစ်တဲ့အခါကြတော့ မြန်မာပြည်ဘက်ကတော့ သူတို့ကို နစ်နာပါတယ်၊ နစ်နာတယ်ပေါ့။"

အခွန်ဆောင်ပြီး နယ်စပ်ကိုဖြတ်၊ ပြီးရင် တရုတ်ဝမ်တိန်ထဲက ဂိုထောင်တွေထဲမှာ လှောင်ထားပြီး ဝယ်လက်ကို စောင့်ရောင်းတဲ့ပုံစံက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကလည်းက လုပ်လာခဲ့ကြတာလို့ ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး တရုတ်နိုင်ငံသား ၆၀လောက်ကိုလည်း ယူနန်ဘက်က ဖမ်းဆီးထားကြောင်း တချို့က ပြောပါတယ်။ အရင်လည်း ယူနန်အစိုးရဟာ ငွေဖြူ၊ ငွေမည်း စုံစမ်းစစ်ဆေးတဲ့ကိစ္စကို အကြောင်းပြပြီး တရုတ်ဘဏ်ထဲက မြန်မာနိုင်ငံသားတွေရဲ့ ငွေစာရင်းတွေကို အကြိမ်ကြိမ် ပိတ်ခဲ့ဖူးပါတယ်။ အခုတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ မြန်မာအကောက်ခွန်ရုံးက တာဝန်ရှိသူတွေ၊ ကုန်သွယ်ရေး တာဝန်ရှိသူတွေကို ကုန်သည်တွေက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG