သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်လက်နက်တင်သွင်းမှု နောက်ထပ် စင်ကာပူကုမ္ပဏီ ၉၁ ခု ပတ်သက်နေ


နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်ေန့အခမ်းအနားမြင်ကွင်း၊ မတ် ၂၇၊ ၂၀၂၃
နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်ေန့အခမ်းအနားမြင်ကွင်း၊ မတ် ၂၇၊ ၂၀၂၃

မြန်မာစစ်ကောင်စီ စစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီ နောက်ထပ် ၉၁ ခု ပါဝင်ပတ်သက်နေတယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူ ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်တယ်လို့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဖော်ပြခဲ့တဲ့နောက် အခု နောက်ထပ် ကုမ္ပဏီ ၉၁ ခုကို ထပ်မံ ဖော်ထုတ်တွေ့ရှိရတာလို့ ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်လို့ စင်ကာပူလွှတ်တော်အမတ်နှစ်ဦးက စင်ကာပူအစိုးရကို မေးမြန်းရာမှာ မြန်မာနဲ့ပတ်သက် လို့ စင်ကာပူအစိုးရအနေနဲ့ အထွေထွေကုန်သွယ်ရေးတားမြစ်အရေးယူတာမျိုးလုပ်ဖို့ မရှိဘူးလို့ပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖြေကြားရှင်းလင်းတယ်လို့ CNA က ရေးပါတယ်။ခိုင်မာတဲ့အချက်လက်အပေါ် ထိထိရောက်ရောက်နဲ့ စုံစမ်းစောင့်ကြည့်နိုင်ဖို့ကတော့ မြန်မာနိုင်ငံတွင်း စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ကြားခံဘယ်လိုပတ်သက်နေလဲဆိုတာ သိနိုင်ဖို့အတွက် ပို့ကုန်ငွေပေးငွေ ချေတဲ့ အထောက်အထားလိုမျိုး အသေးစိတ်ပိုသိနိုင်ဖို့ ကြိုးစားနေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က တုန့်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် မြန်မာကို တရားဝင်ကုန်သွယ်ရေးပိတ်ဆို့မှုမျိုးလုပ်ဖို့ စင်ကာပူအစိုးရမူဝါဒ ရည်မှန်းချက်မရှိဘူး လို့ ရှင်းပါတယ်။ စင်ကာပူနဲ့ မြန်မာအကြားအပြန်အလှန်ကုန်သွယ်မှုဟာ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုန်သွယ်ရေးပိတ်ဆို့မှုဟာ မြန်မာနိုင်ငံဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မြန်မာလူထုရဲ့အခက်အခဲတွေကို ပိုပြီး ဆိုးရွားစေမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်ထားပါတယ်။

ကုလ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာထဲမှာတော့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရုရှားကနေဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်း ဖိုးဝယ်ယူတင်သွင်းခဲ့သလိုပဲ၊ စင်္ကာပူဟာ အရေးပါတဲ့ကြားခံနေရာအဖြစ် ဒါဇင်နဲ့ချီတဲ့လက်နက်ကုမ္ပဏီတွေထံကနေ ဒေါ်လာ ၂၅၄ သန်းဖိုး စင်္ကာပူကတဆင့် မြန်မာစစ်တပ်ထံကို ပေးပို့တင်သွင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်နက်ပွဲစားတွေမှာ စင်ကာပူဘဏ်တွေကို အသုံးပြုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။စင်ကာပူနိုင်ငံခြား ရေးဝန်ကြီးဌာနကတော့ မြန်မာကို စစ်လက်နက်တင်ပို့မှုတွေ ဟန့်တားဖို့ လုပ်ဆောင်သွားမယ်လို့ အဲဒီတုန်းက တုန်ပြန်ခဲ့ပါတယ်။ စင်္ကာပူအစိုးရ အနေနဲ့ လက်နက်မဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက်ရာမှာ သုံးနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေပေးပို့ဖို့ ဘယ်တုန်းကမှ ခွင့်ပြုခဲ့တာမရှိဘူးလို့ တုန့်ပြန်ပါတယ်။

စင်္ကာပူအစိုးရရဲ့ ကုလသဘောတူညီချက်အတိုင်း ချမှတ်ထားတဲ့ ဥပဒေကို ချိုးဖေါက်သူ လူပုဂ္ဂိုလ်ဖြစ်စေ၊ ကုမ္ပဏီကိုဖြစ်စေ ချက်ချင်း အရေးယူမှာဖြစ်သလို၊ ဒီလိုချိုးဖေါက်ဖို့ ကြိုးစားသူတွေကို စုံစမ်းဖေါ်ထုတ် ရာမှာ ကုလအထူးကိုယ်စားလှယ်ပေးတဲ့ သတင်းအချက်လက်တွေအတွက် ကျေးဇူးတင်ကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဌာန ပြောခွင့်ရက အဲဒီအချိန်က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG