သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်ဆိုင်းထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်း (၈၀၀)ခန့် ဖျက်သိမ်းခံရဖွယ်ရှိ


ပြင်ဦးလွင်မြို့က ဆောက်လက်စ အိမ် (photo: C J)
ပြင်ဦးလွင်မြို့က ဆောက်လက်စ အိမ် (photo: C J)

=== [[ ZAWGYI ]] ===

ရပ်ဆိုင်းထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်း (၈၀၀)ခန့် ဖျက်သိမ်းခံရဖွယ်ရှိ

ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းခံထားရတဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလထဲမှာ ငွေကြေး မတည်ငြိမ်တာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် အများစုက နလန် မထူနိုင်သေးပါဘူး။ ရပ်ဆိုင်းထားတဲ့ လုပ်ငန်းခွင်တွေ အများအပြားရှိကြောင်း ကန်ထရိုက်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာ ဆောက်လုပ်ရေးဌာနကတော့ သက်တမ်းပြန်မတိုးတဲ့ ကန်ထရိုက်လုပ်ငန်း ၈၀၀ နီးပါးကို လိုင်စင် ပယ်ဖျက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုရဲမွန်က တင်ပြထားပါတယ်။


လိုင်စင်သက်တမ်းကုန်နေပြီး တနှစ်ကျော်တဲ့အထိ သက်တမ်း လာမတိုးသေးတဲ့ ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၇၈၀ ကို လိုင်စင်ဖျက်သိမ်းသွားမယ်လို့ မြန်မာဆောက်လုပ်ရေးဌာနက ဧပြီလ ၅ရက်နေ့က ကြေညာလိုက်ပါတယ်။

အဓိက ကတော့ ကိုဗစ်နောက်ပိုင်းကစလို့ တဖြည်းဖြည်း တက်လာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးတွေကြောင့် အများစုက ရပ်ဆိုင်းကုန်တာပါ။ ဒီအခြေအနေဟာ အာဏာသိမ်းခံရတဲ့နောက်မှာ ပိုသိသာလာပြီး ကျန်ခဲ့တဲ့ ၆ လအတွင်းမှာ လုပ်ငန်းအများစုက တောင့်မခံနိုင်တော့ကြောင်း ရပ်နားသွားတဲ့ ကန်ထရိုက် လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အခု ကာလပေါက်ဈေးနဲ့ ကျနော်တို့ တွက်ချက်ပြီး လက်ခံကြတယ်ပေါ့။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ တဝက်လောက် တက်သွားတဲ့အချိန်မှာ လုပ်ငန်းအများကြီး လက်ခံထားတယ်၊ အလုံး လေးငါးခြောက်လုံး ခုနစ်လုံး အဲလိုလက်ခံထားတဲ့ သူတွေကျတော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူးလေ၊ ဘယ်လိုမှ မလုပ်ပေးနိုင်တော့ ရှိတဲ့ လက်စတွေ ရှိတဲ့နေရာက ရပ်ပြီးတော့ ဒီလိုပဲ ရှောင်ကြရတာပေါ့။ အဲလို နာမည်ပျက်တာတွေလည်း အများကြီးပေါ့။ ရပ်တဲ့သူတွေတင်မဟုတ် ပြေးတဲ့သူတွေပါရှိတယ်။"

ဆောက်လုပ်ရေးဌာနဘက်က ဖျက်သိမ်းမယ်လို့ မကြေညာရင်တောင် ဆန္ဒအလျောက် ကိုယ့်အစီအစဉ်နဲ့ ဖျက်သိမ်းကြမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေက အများအပြား ရှိနေကြောင်းလည်း သူကပြောပါတယ်။

အမေရိကန်ဒေါ်လာဈေး၊ ယွမ်ဈေး၊ ထိုင်းဘတ်ငွေ ဈေးကလည်း မြန်မာကျပ်ငွေနဲ့ လဲလှယ်တာမှာ တဖြည်းဖြည်း ကွာဟလာပြီး အိမ်ဆောက်ပစ္စည်းတွေလည်း ဈေးတက်နေပါတယ်။ စော်ဘွားကြီးကုန်း အိမ်ဆောက်ပစ္စည်း လက်ကားဈေးက လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

"အဓိကတော့ ကျနော်တို့က China ပဲ အသုံးများတာပေါ့ ဒီမှာ။ ငွေဈေးက တက်တယ်၊ ဟိုဘက်ကငွေကလည်း တက်တယ်၊ ဒီဘက်မှာ ပစ္စည်းတွေကလည်း ပို့ကုန်၊ သွင်းကုန် ကန့်သတ်ချက်စနစ်နဲ့ သွင်းလိုက်တော့ အဲဒီမှာ ကုန်ဈေးနှုန်းက ပိုတက်သွားတာ။ မဖြစ်မနေ မသွင်းနိုင်တဲ့သူကျတော့ မသွင်းတော့ဘူးပေါ့။ သွင်းထားပြီးသား ပစ္စည်းတွေကျတော့လည်း မရောင်းရတော့ ပါမစ်မပေးတဲ့ အပေါ်မှာလည်း ကုန်သည်တွေက ဈေးနှုန်းဆွဲတင်။ အိမ်ဆောက်ပစ္စည်းက ထပ်တက်မယ်ဆိုရင် ဝယ်သူလည်း မရှိသလောက် ဖြစ်သွားမှာပေါ့။"

လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်းအများစုက အမြတ်ရရုံ ဆိုသလောက်နဲ့ ဆက်ပြီး လည်ပတ်နေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေက နောက်ထပ် နှစ်အနည်းငယ်လောက်အထိ ဆက်ရှိနေလိမ့်မယ်လို့လည်း အများစုက ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===











XS
SM
MD
LG