သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လက်ထက် အရှိန်မြင့်လာတဲ့  တရုတ်စီမံကိန်းများ 


(Zawgyi / Unicode)


အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီဟာ တရုတ်ရဲ့ခါးပတ်လမ်း -ပိုးလမ်းမ BRI စီမံကိန်းတွေကို အရှိန်မြှင့် ဆောင်ရွက်လာနေပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ အရှိန်မြှင့်ဆောင်ရွက်လာတဲ့ ဒီစီမံကိန်းတွေကြောင့် ဒေသခံလူထုရဲ့ အကျိုးစီးပွားထိခိုက်နစ်နာမှုတွေအပေါ် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြပေးမှာပါ။

“V Power စက်ရုံကရပ်တန့်လိုက်တယ်လေ။ အဲဒီမှာ ဖြုတ်ကြတာ။ ပြီးရင် China Power က လူခေါ်မယ်ဆိုပြီး လူက အဲလောက်ထိ မခေါ်ဘူး။ ကိုယ့်ပြည်နယ်တွင်းက လူတွေ အလုပ်အကိုင်မရကြဘူး။”

ကျောက်ဖြူက V Power လျှပ်စစ်ဓာတ်အားပေးစက်ရုံ လုပ်ငန်းရပ်ဆိုင်းတဲ့ အတွက် ဒေသခံတွေ အလုပ်ပြုတ်ကြရတယ်လို့ ဒေသခံ ကိုနေလင်းထွန်းက ဗွီအိုအေကို ပြောပြခဲ့တာပါ။

“အထူးစီးပွားရေးဇုံကြီးလည်း ရှိတယ်။ သဘာဝဓာတ်ငွေ့တွေလည်း ထုတ်လုပ်နိုင်တယ်။ အဲဒါကို မီးက တော်တော်လေးကို ပြတ်တယ်ဆိုတော့ ပြည်သူတွေ တော်တော် ဒုက္ခရောက်တယ်။”

တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း BRI စီမံကိန်းထဲမှာအခရာကျပြီး တရုတ်နိုင်ငံပိုင် CITIC Group က တည်ဆောက်ခွင့်ရထားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို မူလက ရေနက်ဆိပ်ကမ်း ၁၀ ခုထိဆောက်ဖို့ ရည်မှန်းခဲ့ကြတာဖြစ်ပေမယ့် အကြွေးပိမယ့်အရေးစိုးရိမ်ချက်နဲ့ ဆိပ်ကမ်း ၂ ခုထိ လျှော့ချတည်ဆောက်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဆုံးဖြတ်ခဲ့တာပါ။ ဒေါ်လာ သန်း ၇,၃၀၀ ကုန်ကျမယ့် မူလစီမံကိန်းကနေ ဒေါ်လာသန်း ၁,၃၀၀ စီမံကိန်းကို လျှော့ချလိုက်တာဖြစ်ပါတယ်။

“သူတို့သုံးမယ့်ဆိပ်ကမ်းကျ အကောင်းဆောက်တယ်။ ပြည်သူတွေသုံးတဲ့ ဆိပ်ကမ်းကတော့ နဂိုအတိုင်းပဲ။”

ဒေသခံကိုနေထွန်းလင်း ပြောကြားချက်အတိုင်းပဲ ၂၀၂၂ ခုနှစ် အတွင်းမှာပဲ ကျောက်ဖြူက တရုတ်စီမံကိန်းတွေကို တိုးမြှင့် အကောင်အထည်ဖော်လာခဲ့တာပါ။

“EIA Report ထွက်ဖို့အတွက် Household Survey လုပ်နေတယ်လို့ သိရတယ်။ စီမံကိန်းကတော့ မစတင်သေးပါဘူး။ EIA က အခု ၂၀၂၃ အကုန်ထိတော့ ဒီ Process ကိုသွားလိမ့်မယ်။ ပြီးရင်တော့ စီမံကိန်းစတော့မယ်။ ”

ကျောက်ဖြူကစီမံကိန်းတွေကို စောင့်ကြည့်သုံးသပ်နေတဲ့ ဦးထွန်းကြည်က ဗွီအိုအေကို Skype ကနေတဆင့် ပြောပြခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် အတွင်းမှာပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရေနက်ဆိပ်ကမ်း ၂ ခုနဲ့ စက်မှုဇုံကို ချိတ်ဆက်မယ့်လမ်းပိုင်းအတွက် EIA ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်သုံးသပ်ခဲ့ပြီးနောက် အခု ၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါတွေ ပြီးရင် စီမံကိန်းတွေ အကောင်အထည် ဖော်မယ့် အနေအထားလို့လည်း ဦးထွန်းကြည်က ပြောပါတယ်။

“သူတို့ Contract ပထမဆုံးကတော့ မဒေးကျွန်း ရေနက်ဆိပ်ကမ်းကို စတင်မယ်ဆိုပြီးမှ သဘောတူညီချက် ရှိတယ်။ ဒီရေနက် ဆိပ်ကမ်းနဲ့ အတူ ဒီ မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းကို ဆက်သွယ်ထားတဲ့တံတားတစင်းပါမယ်။ ပြီးလို့ရှိရင်တော့ မဒေးကျွန်း ရေနက် ဆိပ်ကမ်းကနေ ကျောက်ဖြူ စက်မှုဇုံစီမံကိန်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတခုပါတယ်။ ဒီ သုံးခုကတော့ ချက်ချင်း စမယ့် အခြေအနေမျိုးကို ကျနော်တို့ တွေ့မြင်နေရတယ်။

..အခုအချိန်မှာတော့ ဒီစီမံကိန်းတွေလုပ်လာတဲ့အခါမှာ သုံးဖို့ရေအတွက် ရေကာတာတွေအတွက်တော့ သူတို့လှုပ်ရှားပြီးတော့ မြေဝယ်တာတွေ၊ မြေရှာတာတွေ၊ မြေစမ်းသပ်တူးဖော်တာတွေကတော့ တောက်လျှောက်လုပ်နေတာ ရှိတယ်။ ကုန်ခဲ့တဲ့ ၂ လ ၊ ၃ လ လောက်တုန်းကတော့ ရေနက်ဆိပ်ကမ်း တည်ဆောက်မယ့်နေရာမှာ သူတို့ မြေစမ်းသပ်တာတွေ အကုန်လုပ်ပြီးသွားပါပြီ။ ”

ကျောက်ဖြူ အထူးစီးပွားရေးဇုံနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကိုတော့ ၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်မှာ တရုတ်နဲ့သဘောတူထားတာဖြစ်ပြီး မြန်မာဘက်က ၁၅ ရာခိုင်နှုန်းနဲ့ တရုတ်က ၈၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ စီမံကိန်းအရွယ်အစားကို သိသိသာသာ လျှော့ချလိုက်ပြီး မြန်မာဘက်က ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်ဘက်က ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြန်ညှိနှိုင်းခဲ့ကြပြီး သဘောတူခဲ့ကြတာဖြစ်ပါတယ်။ Covid ကပ်ဘေးနဲ့ နိုင်ငံရေးအကြပ်အတည်း ကြုံခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာတော့ စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ သွက်လက်လာခဲ့ပါတယ်။

တရုတ်ရဲ့ရေနက်ဆိပ်ကမ်း စီမံကိန်းတွေရှိနေတဲ့မဒေးကျွန်းမှာ တရုတ်က တည်ဆောက်ထားတဲ့ တယ်လီဖုန်းတာဝါတိုင်ကလည်း ဒေသခံတွေသုံးခွင့် မရသလို မဒေးကျွန်းမှာ အခုအချိန်ထိ ဖုန်းလိုင်းမမိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဒေသတွင်း အသက်မွေးဝမ်းကျောင်း အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ ငါးဖမ်းလုပ်သားတွေအတွက် ဖြစ်ပါတယ်။ အခု ရေနက်ဆိပ်ကမ်းတည်ဆောက်ထားတဲ့နေရာ၊ တည်ဆောက်မယ့် နေရာတွေမှာ မဒေးကျွန်းဒေသခံတွေရဲ့ လှေဆိပ်တွေလည်း ပါဝင်နေတာကြောင့် ဒီလူတွေအတွက် ရေရှည်အသက်မွေးဝမ်းကျောင်း အခက်တွေ့နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

“ဒီစီမံကိန်းသာ တကယ်လို့ စလိုက်မယ်ဆိုရင် အဲဒီ မဒေးကျွန်းပေါ်မှာရှိတဲ့ ရွာ ၄ ရွာ၊ အိမ်ခြေ ၇၀၀ -၇၁၀ ကျော် လူပေါင်း ၃,၀၀၀ ကျော် ရှိတယ်ပေါ့လေ။ ဒီလူတွေ ဒီရွာတွေမှာ နေဖို့ရာ တော်တော်လေး ခက်ခဲသွားမယ်လို့ ကျနော် ထင်ပါတယ်။ ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရုပ်သိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးရရှိရေး စစ်ကောင်စီဘက်က ကြိုးစားနေတာပါ။ အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ စွမ်းအင်ကဏ္ဍကနေ နိုင်ငံတကာလုပ်ငန်းကြီးတွေ ပြန်ပြီးရုပ်သိမ်းခဲ့ချိန်မှာတော့ မြန်မာ့စွမ်းအင်ကဏ္ဍမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုက ၂၇ ရာခိုင်နှုန်းရှိနေပြီး ထွက်ခွာသွားတဲ့ကုမ္ပဏီတွေထက် ပိုပြီးများတာကြောင့် အခက်အခဲမရှိဘူးလို့ စစ်ကောင်စီက တုံ့ပြန်ခဲ့ပါတယ်။ စွမ်းအင်ကဏ္ဍမှာ တရုတ်ဘက်က ပိုပြီး ပါဝင်လာဖို့လည်း စစ်ကောင်စီကမျှော်လင့်ထားတာပါ။

ဧရာဝတီတိုင်းမှာ ဒေါ်လာ ၂.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် မီးလင်းချိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်တင် အကောင်အထည် ဖော်နိုင်ရေးအတွက် တရုတ်ရဲ့ BRI တရုတ်-မြန်မာ စီးပွားရေး စကြန်အစောပိုင်း စီမံကိန်းမှာ ထည့်သွင်းပေးဖို့လည်း မြန်မာစစ်ကောင်စီက အဆိုပြုမယ့်အကြောင်း ၂၀၂၂ ခုနှစ် ဧပြီလမှာ ကြေညာခဲ့တာပါ။

မီးလင်းချိုင် စီမံကိန်းဟာဆိုရင် တရုတ်ကုမ္ပဏီတွေဖြစ်ကြတဲ့ Union Resources and Engineering Company က ၄၁ ရာခိုင်နှုန်း၊ Yunnan Energy Investment က ၃၉ ရာခိုင်နှုန်းနဲ့ Zhefu Holding Group က ၁ ရာခိုင်နှုန်း စုစုပေါင်း ၈၁ ရာခိုင်နှုန်း ရယူထားပြီး မြန်မာဘက်ကတော့ Myanmar’s Supreme Group က ၁၉ ရာခိုင်နှုန်း ပါဝင်ကြပါတယ်။ စီမံကိန်းကို အကောင်အထည် ဖော်နေပြီ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ စီးပွားဖြစ် စတင်လည်ပတ်ဖို့ မှန်းထားတာပါ။

စစ်အာဏာသိမ်းထားတဲ့ ကာလအတွင်း လွှတ်တော်ရဲ့ အခန်းကဏ္ဍ ပျောက်ဆုံးနေသလို အရပ်ဘက် အဖွဲ့အစည်းတွေ၊ မီဒီယာတွေလည်း လုပ်သာကိုင်သာ မရှိတဲ့ အခြေအနေမျိုးမှာ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အရေးက စိုးရိမ်စရာ ဖြစ်တယ်လို့လည်း ဒေသတွင်း လေ့လာ စောင့်ကြည့်သူတွေက ထောက်ပြပါတယ်။

“ ဒီစီမံကိန်းကြောင့် မြေယာ ပြဿနာတွေ လူ့အခွင့်အရေး ပြဿနာတွေ သဘာဝပတ်ဝန်းကျင် ပြဿနာတွေ အဲလို ချိုးဖောက်ခံရတဲ့ ပြဿနာတွေ အတွက် ကျနော်တို့မှာ ဝင်ရောက် ချဉ်းကပ်နိုင်မယ့် မဏ္ဍိုင်တွေ ပျောက်ဆုံး နေပါတယ်။”
=============

{{Unicode}}





















XS
SM
MD
LG