သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ−မြန်မာ ကုန်သွယ်ရေး ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်သုံးစွဲရေး ဆွေးနွေး



ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်သုံးစွဲရေး ကနဦးဆွေးနွေးပွဲ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်သုံးစွဲရေး ကနဦးဆွေးနွေးပွဲ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

မြန်မာနဲ့ အိန္ဒိယနိုင်ငံအကြားက ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာအစား နှစ်နိုင်ငံငွေကြေးနဲ့ တိုက်ရိုက် အရောင်းအဝယ်လုပ်သွားဖို့ မြန်မာဗဟိုဘဏ်နဲ့ အိန္ဒိယနိုင်ငံပိုင် ဘဏ်တာဝန်ရှိသူတွေ အင်္ဂါနေ့က ပထမဆုံးအကြိမ်အဖြစ် စတင်နွေးခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ အိန္ဒိယသံအမတ်ဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အဖွဲ့ဆိုင်ရာ ကိစ္စတွေကို မြန်မာဘက်နဲ့ ဆွေးနွေးခဲ့ပြီး စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှာ ပူးပေါင်းနိုင်မယ့် အလားအလာတွေကို ညှိနှိုင်းခဲ့ကြပါတယ်။ လေ့လာသူတချို့ကတော့ အိန္ဒိယဟာ မြန်မာစစ်ကောင်စီနဲ့ အကျိုးစီးပွားအခြေခံတဲ့ ဆက်ဆံရေးကို တဖြည်းဖြည်း တိုးချဲ့လာနေကြောင်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။


မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတချို့ နေပြည်တော်မှာ မနေ့ကတွေ့ခဲ့ပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့ စုဖွဲ့ထားတဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အဖွဲ့ဆိုင်ရာ ကိစ္စတွေကို အဓိကဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံပိုင် ဘဏ်တချို့၊ အိန္ဒိယ Punjab National Bank နဲ့ မြန်မာဗဟိုဘဏ်တို့ တွေ့ဆုံခဲ့ပြီး အပြန်အလှန် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား နှစ်နိုင်ငံငွေကြေးနဲ့ပဲ တိုက်ရိုက်လဲလှယ်သွားမယ်လို့ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာဗဟိုဘဏ်ရဲ့ အစည်းအဝေးကို စီမံဘဏ္ဍာဌာန၊ နိုင်ငံခြားရေးဌာန၊ စီးပွားကူးသန်းဌာန၊ ပြည်တွင်းဘဏ်တွေနဲ့ အိန္ဒိယနိုင်ငံပိုင်ဘဏ်တချို့ အပါအဝင် အိန္ဒိယ Punjab Nation Bank က တာဝန်ခံတွေ တက်ရောက်ခဲ့ကြတာပါ။ စီးပွားကူးသန်းဌာနရဲ့ အရာရှိတစ်ဦးကတော့ ဒီအစီအစဉ်ကို ကနဦးအဆင့် လုပ်ဆောင်နေကြောင်း ဗွီအိုအေကို ပြောပါတယ်။

"အခုမှစပြီး ဆွေးနွေးတာကိုး AD (လိုင်စင်ရဘဏ်တွေနဲ့) ဝိုင်းဆွေးနွေးနေတုန်း၊ ဘယ်တော့စမလဲဆို Pilot project လုပ်ရဦးမှာပေါ့။ ဒါကတော့ သူတို့ အချိန်တစ်ခုသတ်မှတ်ရဦးမှာ။ အခုမှ သူတို့က ဒီလိုလုပ်ချင်တယ်ဆိုပြီး ဆွေးနွေးတော့ ဘဏ်တွေကလည်း သိချင်တာတွေ မေးတာပေါ့နော်။ အဲဒီအဆင့်လောက်ပဲ ရှိပါသေးတယ်။ အခုမှစပြီး မိတ်ဆက်သဘောမျိုးပေါ့နော်။ ပထမဆုံးအကြိမ် စလုပ်တာဆိုတော့လေနော်။"

အိန္ဒိယရူးပီးနဲ့ မြန်မာကျပ်ငွေ အသုံးပြုပြီး ကုန်သွယ်တာမှာ လိုက်နာရမယ့် ညွှန်ကြားချက်တွေကို ပြည်တွင်းက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေဆီ အကြောင်းကြားသွားမယ်လို့ မြန်မာဗဟိုဘဏ် အကြီးအကဲက မနေ့က ပြောခဲ့တာပါ။ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ ကုန်သွယ်တာမှာ အဆင်ပြေနေကြောင်းလည်း မြန်မာဘက်က ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယဟာ အခုနောက်ပိုင်းမှာ ရုရှား၊ တရုတ်တို့ထက် မြန်မာနဲ့ သံတမန်ဆက်ဆံရေးကို ပေါ်ပေါ်တင်တင် ထူထောင်နေတာဖြစ်ပြီး စစ်လက်နက် အပါအဝင် စီးပွားရေး ကိစ္စတွေမှာလည်း အကျိုးတူ ပတ်သက်မှုတွေ ရှိလာကြောင်း သတင်းတွေက သုံးသပ်ကြပါတယ်။ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို အိန္ဒိယက ထောက်ခံကြောင်း ပြောဆိုထားပြီး သူ့ရဲ့အကျိုးစီးပွားတွေအတွက် စစ်ကောင်စီနဲ့ ဆက်ဆံရေး ထူထောင်နေတာဟာ မှားယွင်းကြောင်း ဝေဖန်၊ ထောက်ပြနေတာတွေလည်း ရှိပါတယ်။ India For Myanmar အဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"တော်လှန်ရေး အင်အားစုအပေါ် အထင်သေးမှုကြောင့်လား၊ သို့မဟုတ် စကစက သူ့အကျိုးစီးပွားကို ကူညီပေးနိုင်မယ်ဆိုတဲ့ ထင်မြင်ချက်ကြောင့်လား မပြောတတ်ဘူး၊ ဒါပေမဲ့ သေချာတာတခုကတော့ အိန္ဒိယအနေနဲ့ စကစနဲ့ ဒီအတိုင်းပူပေါင်းပြီး သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားနေရင်တော့ ဒါ ပိုပြီးမှ အိန္ဒိယရဲ့ အကျိုးစီးပွားတွေက ဆိုးရွားသွားနိုင်မယ့် အနေအထားဖြစ်နေတယ်လို့ သုံးသပ်ချင်တယ်။"

အိန္ဒိယဟာ မြန်မာနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ကုလားတန် ဘက်စုံစီမံကိန်းကို အပြီးသတ်ဖို့ အားခဲထားပေမဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက မတည်ငြိမ်မှုတွေကြောင့် အပြီးမသတ်နိုင်ဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့ တစိတ်တပိုင်းပြီးနေတဲ့ စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယ Kolkata မြို့အကြား ကုန်သင်္ဘော စတင်ပြေးဆွဲဖို့တော့ ရှိပါတယ်။ Kolkata မြို့ Syama Prasad Mookerjee ဆိပ်ကမ်းကနေ ဘိလပ်မြေတန်ချိန် ၃,၀၀၀ ကို စတင် ပို့ဆောင်သွားမယ်လို့ အိန္ဒိယ Economic Times သတင်းမှာ မနေ့ ဧပြီလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG