သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံး 


ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့ဝင်များ
ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့ဝင်များ

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ၊ လက်နက်ကြီး ထိမှန်မှုတွေကြောင့် သီတင်းတပတ်အတွင်း ၅ ဦးထက်မနည်း သေဆုံးကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

အောက်တိုဘာလ ၂၇ရက်နေ့မှာ ကော့ကရိတ်မြို့နေရာအနှံ့ မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ပူးပေါင်းတပ်ဖွဲတွေဘက်က စစ်ကောင်စီရဲ့စအဖ ရုံးတွေ အထူးသတင်းတပ်ဖွဲ့ရုံးတွေ ကို တိုက်ခိုက်မီးရှို့ခဲ့သလို စစ်ကောင်စီကလည်း ကော့ကရိတ်မြို့နယ်ထဲက ရပ်ကွက် တွေကော ကျေးရွာတွေပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွေကြောင့်ကော လက်နက်ကြီး ကျည်ဆံတွေကျရောက်တာကြောင့် ဒေသခံတွေ ၅ဦးထက်မနည်းသေဆုံးခဲ့ရ သလို လူ ၂၀ လောက်လည်း ဒဏ်ရာတွေ ရထားတယ်လို့ သေဆုံးမူတွေကို မျက်မြင်တွေ့ရှိသူ ကော့ကရိတ်ဒေသခံ တဦးက VOA ကို ပြောပါတယ်။

"ကျနော်ပြောရမယ်ဆိုရင် ဒဏ်ရာရတာက ၁၀ ယောက်နဲ့ အထက်ပေါ့ အားလုံး ၂၀လောက်ရှိ တယ်ခင်ဗျ ၊ အဲဒီမှာ ၅ ယောက် ၆ယောက်က ပွဲချင်းပြီးသေပါတယ် ၊ ဒီနေ့လည်း သတင်းကြားထားပါတယ် ၊ တိုက်ပွဲဖြစ်နေတာတွေတော့ မဟုတ်ဘူး မြို့အစွန်ဘက်မှာ လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာတွေ ရထားပါတယ်"

ကော့ကရိတ်မြို့အတွင်းမှာ အခုအချိန်မှာ နှစ်ဘက်တိုက်ပွဲတွေ မရှိတော့ပေမဲ့လည်း စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၉၇) နဲ့ လှိုင်ဝ အမြှောက်ကုန်းကနေ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ နေ့စဉ် ဆိုသလို ထိခိုက်မူတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတွေဟာ မြဝတီ၊ ဘားအံ ကျုံဒိုး၊ မော်လမြိုင် အစရှိတဲ့မြို့တွေကို သွားရောက်တိမ်းရှောင်နေ ရသလို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေ ဘာသာရေး အဆောက်အဦး နေရာတွေကို သွားရောက် တိမ်းရှောင်နေကြသလို စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ်တွေ သူတို့ ရှောင်ပုန်းနေတဲ့ နေရာကို လာပြီး တပ်စွဲလာလို့ပြန်ပြီးထွက်ပြေး နေရတာ လည်းရှိတယ်လို့ဆိုပါတယ်။ ၊ တချို့ ဒေသခံတွေကတော့ အိမ်တွေမှာပဲ ဗုံးခိုကျင်းတွေ တူးပြီး နေထိုင်နေကြရတယ်လို့ဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်ကူပြုကွန်ယက် က ပြောရေးဆိုခွင့်ရှိသူ စောလားကပေါ် ကတော့ တိုက်ပွဲဖြစ်တိုင်းမှာ စစ်ကောင်စီက ကရင်လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်မူတွေ လုပ်တာ တွေ့ရ တယ်လို့ အခုလိုပြောပါတယ်။

"လက်နက်ကြီးပစ်တာကတော့ နေရာတိုင်းမှာဖြစ်နေတယ် ကော့ကရိတ်တင်မကဘူး ပြည်တခုလုံး နေရာတိုင်းမှာ တခြားတိုင်းဒေသပြည်နယ်တွေ မှာလည်း လူထုကို ပစ်မှတ်ထားတယ်၊ ကွန်ဖန်းလုပ်နိုင်တာ ကတော့ ကျနော်တို့သိတာ စကစနဲ့ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲ ဖြစ်တိုင်းမှာ သူတို့က ရွာသားတွေကိုပဲ လက်နက်ကြီးနဲ့ပစ်တယ် အဲဒီလုပ်တယ်"

အခုဆိုရင်ကရင်ပြည်နယ်နဲ့ ကေအန်ယူထိမ်းချုပ်ရာ တပ်မဟာ အသီးသီးမှာ စစ်ဘေးရှောင်သူ ၇ သိန်း ထက်မနည်း ရှိလာနေပြီသလို နေ့စဉ်လည်း စစ်ဘေးရှောင်အရေအတွက် တိုးလာနေတာကြောင့် ဒီကိစ္စကို နိုင်ငံတကာကနေ အရေးယူဆောင်ရွက်မှ ဖြစ်မယ်လို့စောလားကပေါ်က ပြောပါတယ်။

"စစ်ရာဇဝတ်မူတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက အရေးယူဆောင်ရွက်မူတွေလုပ်မှာသာ အခုလို ဖြစ်နေတာတွေ ရပ်တန့်သွားနိုင်မှာဖြစ်ပါတယ်"

အခုဆိုရင် ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲတွေဘက်က မြို့ထဲထိ စစ်ဆင်ရေးတွေလုပ်ပြီး တိုက်ခိုက် နေတာ ကြောင့် စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေကို ပြန်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြို့ပေါ် ဒေသခံ ပျောက်ကြားတပ်ဖွဲတွေ ပူးပေါင်းမူတွေ ပိုရှိလာနေပြီး မြို့တွင်းတိုက်ပွဲတွေပါ ဆင်နွှဲလာကြသလို စစ်ကောင်စီဘက်ကလည်း မြေပြင်မှာခံစစ်နဲ့ သာ ရပ်တည်လာရပြီး တပ်စခန်းတွေ ထဲကနေ လက်နက်ကြီးနဲ့ ရမ်းပြီး ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ပိုမို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG