သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့အနီး တိုက်ပွဲပြင်းထန်


ကော့ကရိတ် (ကျားဖြူတပ်ခွဲ-၁)
ကော့ကရိတ် (ကျားဖြူတပ်ခွဲ-၁)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နားမှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွါးခဲ့တဲ့နောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ရှောင်ပြေးနေရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည် ကော့ကရိတ်မြို့အနီးက ဆင်ကုန်းကျေးရွာနဲ့ တတန်ကူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA / PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကပြောပြပါတယ်။

“စကစက စစ်ကြောင်းထိုးလာတဲ့အချိန်မှာ တတန်းကူးရွာနားမရောက်ခင်မှာပဲ ဆင်းလာချိန်မှာကျနော်တို့ဘက်က ချောင်းပြီးပစ်ခတ်တဲ့အခါမှာ သူတို့ဘက်ကတော့ အထိနာသွားတယ်။ ဒီတော့ သူတို့ဘက်က အမြောက်တွေနဲ့ဆက်တိုက်ပစ်တယ်။ ပြီးတော့လေကြောင်းကနေ တိုက်ခိုက်တယ်။ နှစ်ကြိမ်သုံးကြိမ်လောက် လေကြောင်းကနေ ပစ်တယ်၊ စစ်ကူပစ်ပေးတာပေါ့။ ဆင်ကုန်းနဲ့တတန်းကူးရွာနားမှာဖြစ်တော့ ကော့ကရိတ်နားမှာပဲ မြို့ပေါ် ရပ်ကွက်လို့ပြောလို့ရပါတယ်။ ဆင်းကုန်းရွာနဲ့ တတန်ကူးရွာတွေကတော့ ပြေးရှောင်ရတာပေါ့၊ သူတို့က အဲဒီရွာထဲတွေကိုပစ်ထည့်တာကိုး။”

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ဆင်ကုန်းရွာနဲ့တတန်ကူးရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ အခုဆိုရင် ကရင်ပြည်နယ်အတွင်းမှာ ဒုက္ခသည် ၇ သိန်းလောက်ရှိလာပြီး တိုက်ပွဲတွေဖြစ်တိုင်း ထွက်ပြေးနေရတာကြောင်း ပြည်တွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည် ပိုများလာတယ်လို့လည်း

ကရင်ငြိမ်းချမ်းရေး အထောက်ကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလားကပေါ်က အခုလိုပြောပါတယ်။

“ဒုက္ခသည် များလာတဲ့အကြောင်းရင်းကတော့ သူတို့ (စကစ) က လက်နက်ကြီးနဲ့ လေယာဉ်တွေကြောင့်ပဲ။ လက်နက်ကြီးကလည်း ရွာထဲကလူတွေကိုပစ်တယ်။ လေယာဉ်ကလည်း ရွာတွေရှိတဲ့နေရာ၊ လူတွေရှိတဲ့နေရာတွေကိုပစ်တယ်။ အဲဒီတော့ ရွာသားတွေက တိုက်ပွဲဖြစ်တာနဲ့ သူတို့ရွာတွေမှာမနေရဲတော့ဘူး။ ပြီးတော့ ပတ်ဝန်းကျင်ရွာတွေကလည်း အဲဒီလိုပဲထွက်ပြေးနေရတယ်။”

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင်တွေမှာ စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိိုးဖောက်မှုနဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရတဲ့ လူထုအရေအတွက် (၇၁၇,၆၂၆) ဦးအထိ ရှိလာပြီလို့ကေအန်ယူက အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG