သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး


လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး (photo: KHRG)
လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး (photo: KHRG)

လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်‌ကောင်စီတပ်စခန်း ကနေ ဇွန်လ ၉ ရက်နေ့က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကမိုင်ကုန်းကျေးရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ဆိုပါတယ်။ ဇွန်လ ၇ ရက်နေ့ကနေ ၃ ရက်အတွင်းမှာ လက်နက်ကြီးတွေကော လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး၊ ၈ ဦးလောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာထဲ ဇွန်လ ၉ ရက်ည စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းကျေးရွာ ဒေသခံ ၃ ဦး ဒဏ်ရာတွေရရှိခဲ့ပြီး ဒီရက်ပိုင်းအတွင်း ကလေးငယ်တဦးအပါအဝင် ၂ ဦး သေဆုံးကာ ၈ ဦးလောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

" ကော့ကရိတ် ကမိုင်ကုန်းမှာ ရွာသားတွေ အတော်များများ ထိတယ်။ လက်နက်ကြီးနဲ့ ရမ်းသမ်းပမ်းသမ်း ပစ်တာလည်းပါတယ်၊ ညဘက် အချိန်မတော်ဆို လေယာဉ်နဲ့ လာတာလည်းပါတယ်။ အခုဆိုရင် ဒီရက်ပိုင်းအတွင်း ဒဏ်ရာရတာ ၇ ယောက် ၈ ယောက်လောက် ရှိတယ်။ သေဆုံးသူက ၂ ဦးထိရှိပြီ၊ ကလေးတွေပါသေးတယ်။ "

အခုလို‌ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကော လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့်ပါ ဒေသခံလူထုတွေဟာတောတောင်တွေထဲ ပုန်းအောင်းနေထိုင်နေရပြီး နေထိုင်ဖို့ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ကရင်လူ့အခွင့်ရေးအဖွဲ့KHRG က ‌ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပါတယ်။

" တောတောင်ထဲမှာ အိုင်ဒီပီ(IDPs)တွေ ဆိုရင်တော့ ခိုင်ခံ့လုံခြုံတဲ့ နေရာထိုင်းခင်းတွေရဖို့ လိုအပ်ပါတယ်၊ အခြေခံ လူသားချင်းစာနာထောက်ထားမှု အကူညီတွေ လုံလုံလောက်လောက် ရရှိဖို့လိုအပ်ပါတယ်၊ အဓိကတော့ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာကို အခု မိုးရာသီလို ရာသီဥတုဆိုးတဲ့ ကာလမှာ ဘေးအန္တရယ် မဖြစ်အောင် မဖြစ်မနေရရှိဖို့လိုအပ်ပါတယ်။ "

ဇွန်လ ၉ ရက်နေ့က လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး ၃ ဦး ဒဏ်ရာတွေရခဲ့သလို ဇွန်လ ၇ ရက်နေ့ကတော့ ရွာတန်းရှည်ကျေးရွာက ကလေးငယ်တဦး သေဆုံးပြီး နောက်ထပ် မိသားစုဝင် ၃ ဦးလည်း ဒဏ်ရာတွေရခဲ့ပါတယ် ။

အခုလို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေကတော့ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရပြီး ကရင်ပြည်နယ်အတွင်းမှာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် ၅ သိန်းထက်မနည်း ရှိနေပြီလို့လည်း ကရင်အမျိုးသားအစည်းအရုံးနဲ့ လူ့အခွင့်ရေးအဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆို ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG