သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်ဒေသ တိုက်ပွဲတွေရပ်ဖို့ တရုတ်အစိုးရတောင်းဆို


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်း (Wang Wenbin) ကို ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရစဉ်
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်း (Wang Wenbin) ကို ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ်နားမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်တိုင်းရင်းသား လက်နက်ကိုင်ညီနောင် မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး တရုတ် မြန်မာနယ်စပ်က အရေးပါတဲ့ စစ်တပ်စခန်းတွေ ထိန်းချုပ်နယ်မြေတွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့ပြီးကတည်းက တိုက်ပွဲတွေဖြစ်နေတာမို့ အပစ်ရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက နယ်စပ်လုံခြုံရေးအတွက် ဒီနေ့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို တရုတ်နိုင်ငံက အနီးကပ်လေ့လာနေတာနဲ့အတူ တိုက်ခိုက်နေတဲ့အဖွဲ့အားလုံးကို အမြန်ဆုံး အပစ်အခတ်ရပ်ကြဖို့ တိုက်တွန်းပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီကနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်မြန်မာနယ်စပ် လုံခြုံတည်ငြိမ်ရေးအတွက် လက်တွေ့ကျ၊ ထိရောက်တဲ့ဆောင်ရွက်မှုတွေ လုပ်ကြဖို့နဲ့ အခြေအနေ ပိုဆိုးမလာအောင် ငြိမ်းချမ်းတဲ့နည်လမ်းနဲ့ တိုင်ပင်၊ ဆွေးနွေး အ‌ဖြေရှာကြဖို့လည်း သူကဒီနေ့လုပ်တဲ့ ပုံမှန်သတင်းစာရှင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

သီတင်း ၁ ပတ်နီးပါးရှိသွားပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်အတွက်အရေးပါတဲ့ တပ်စခန်း ၃ ခုကျသွားတယ်ဆိုတာကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကျူဂုတ်မြို့တွေက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို လုံးဝ လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းသတင်းဌာနတခုနဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီနေ့နိုဝင်ဘာ ၂ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာမှာ ကိုးကန့်ခရိုင် ၊ တုန်ရှမ်းဒေသထဲက စစ်တပ်စခန်းနှစ်ခုကို MNDAA ကိုးကန့်တပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ ကိုးကန့် သတင်းဌာနက ထုတ်ပြန်ပါတယ်။ ခုလို ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း UWSA ဝတပ်ဖွဲ့တွေ ပါဝင်ခြင်းမရှိပေမဲ့ ဝ နယ်မြေထဲက ဝ ပြည်သူတွေနဲ့ ဝ တပ်တွေရဲ့ လုံခြုံရေးကို ခြွင်းချက်မရှိကာကွယ်သွားမှာဖြစ်ပြီး စစ်တပ်ဘက်က ဝ နယ်မြေနဲ့ လေကြောင်းပိုင်နက်ထဲကို ကျူးလွန်လာခဲ့ရင် အပြင်းအထန် ချေမှုန်း တိုက်ခိုက်သွားမယ်လို့ WUSA က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG