သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေးတိုးမြှင့်


ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေးတိုးမြှင့် (အောက်တိုဘာ ၃၁၊ ၂၀၂၃)
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ နယ်စပ်လုံခြုံရေးတိုးမြှင့် (အောက်တိုဘာ ၃၁၊ ၂၀၂၃)

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ပေါ်မှာ စစ်ပွဲတွေဖြစ်လာတာကြောင့် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တကြောမှာ တရုတ်က လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပါတယ်။ လုံခြုံရေး စိုးရိမ်ရတာကြောင့် အစိုးရ ဌာနဆိုင်ရာဝန်ထမ်း မိသားစုတွေလည်း ဘေးလွတ်ရာ တရုတ်နယ်မြေထဲမှာ စစ်ရှောင်နေ ရသလို နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလည်း လုံးဝရပ်သွားပြီလို့ ကုန်သည်တွေက ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မဆုမွန်က ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်က မြန်မာစစ်ကောင်စီရဲ့ စခန်းတခုကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့တွေက တနင်္လာနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုဝင်တွေ တရုတ်ဘက်ကို ထွက်ပြေးစစ်ရှောင်ခဲ့ရပါတယ်။

မြန်မာဘက်က ရှုပ်ထွေးတဲ့ စစ်ရေး အခြေအနေတွေကြောင့် တရုတ်ကလည်း မြန်မာနဲ့ နယ်စပ်တကြော မှာ လုံခြုံရေးကို တိုးပြီးချထားလိုက်ပါတယ်။ မြန်မာနဲ့ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းတလျှောက်မှာ နယ်ခြားစောင့်တပ်တွေ၊ စစ်ကားတွေနဲ့ တရုတ်ဘက်က လုံခြုံရေး ယူထားတာ တွေ့ရတယ်လို့ နယ်စပ်ကုန်သည်တဦးက လည်း ပြောပါတယ်။

" ဖြစ်တာနဲ့ သူတို့ နယ်ခြားစောင့်တပ်တွေ၊ သံချပ်ကာတပ်တွေ နယ်စပ်တလျှောက်မှာ တန်းစီ ချထားတယ်၊ ဒါကတော့ သူတို့ရဲ့ လုံခြုံရေးဆိုတဲ့ ဟာမျိုးပေါ့နော်။ အဲဒီ ၂၇ရက်နေ့နဲ့ ရှေ့ရှေ့နောက်နောက် ပေါ့နော် အဲဒီကာလ ကတည်းက နယ်ခြားစောင့်တပ်တွေ ချထားတယ်၊ သူတို့နိုင်ငံ လုံခြုံမှု အတွက်ပေါ့နော်။"

တရုတ်နိုင်ငံ ကျယ်ခေါင်မြို့က မြန်မာတွေရဲ့ Facebook ဗွီဒီယိုမှတ်တမ်း တချို့မှာတော့ တရုတ်သံချပ်ကာ ကားတွေ လှည့်လည်နေတာ၊ ရဟတ်ယာဉ် ဆယ်စီးလောက် စုဝေး ပျံသန်းနေတာကို တွေ့ရပါတယ်။

၂၀၁၆ နိုဝင်ဘာလထဲမှာလည်း မူဆယ်ခရိုင်ထဲမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် မုံးကိုး၊ မုံးပေါ်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)က မြန်မာဒေသခံ ထောင်နဲ့ချီပြီး တရုတ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

အဲဒီတုန်းကလည်း တရုတ်စစ်တပ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာနယ်စပ်တကြောမှာ စစ်ကားတွေလှည့်လည်ပြီး နယ်ခြားစောင့် တပ်တွေနဲ့ လုံခြုံရေးယူခဲ့သလို စစ်ရှောင်တွေအတွက်လည်း တရုတ်အစိုးရက ယာယီဆေးကုသရုံတွေ ပြင်ဆင်ခဲ့တာပါ။ အခုတခါမှာတော့ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ ခြံစည်းရိုး ကာရံထားတဲ့အတွက် အရင်လို အလုံးအရင်းနဲ့ တရုတ်ဘက်ကူးပြီး စစ်ရှောင်ဖို့ မဖြစ်နိုင်ဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် စစ်ကောင်စီရဲ့ ကုန်သွယ်ရေးနဲ့ အကောက်ခွန်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ လဝက အပါအဝင် ဝန်ထမ်း အများအပြား မိသားစုလိုက် တရုတ်ရွှေလီဘက်မှာ စစ်ရှောင်နေကြတယ်လို့ မူဆယ် နယ်စပ် ကုန်သွယ်ရေး ကုန်သည်အသင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" မူဆယ်မြို့ထဲတော့ အခုဝန်ထမ်းတွေလည်း အပြင်မထွက်တော့ဘူးပေါ့နော်၊ ဝန်ထမ်းမိသားစု တွေလည်း ရဲစခန်း ဘာညာကနေ အကုန်လုံး တခြားနေရာမှာ သွားနေကြတယ်။ နောက် အကောက်ခွန် အရာရှိတွေလည်း ၁၀၅မိုင် ရုံးလည်း မတက်တော့ဘူးပေါ့နော်။ ရုံးထဲမှာတောင် သိပ်မနေဘဲ ရှောင်နေကြရ တယ်ပေါ့။ မိသားစုတွေကတော့ သွားလို့လာလို့ရတဲ့ နေရာတွေပေါ့နော် ရွှေလီမြို့တို့ ကျယ်ခေါင်တို့ သွားနေကြတာပါ။"

အရင်ကလည်း အခုလို အခြေအနေ ကြုံခဲ့ရဖူးပေမဲ့ ဒီတခါမှာတော့ ပဋိပက္ခဖြစ်တဲ့ အတိုင်းအတာက ပိုပြီး ကျယ်ပြန့်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ အောက်တိုဘာလထဲမှာ တရက်ကို မြန်မာဘက်က ပို့ကုန် အမေရိကန်ဒေါ်လာ တသန်းဖိုး တရုတ်ကို တင်ပို့နေတဲ့ နယ်စပ်ကုန်သွယ်ရေး ဟာ မူဆယ်မြို့ပေါ်က စစ်ပွဲကြောင့် ရပ်တန့်သွားတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG