သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ၁ လေးလုံး စစ်ဆင်ရေး စစ်ကောင်စီစခန်း ၈ ခု သိမ်းပိုက်


ကရင်နီဒေသ ၁ လေးလုံး စစ်ဆင်ရေး စစ်ကောင်စီစခန်း ၈ ခု သိမ်းပိုက် (photo: KNDF)
ကရင်နီဒေသ ၁ လေးလုံး စစ်ဆင်ရေး စစ်ကောင်စီစခန်း ၈ ခု သိမ်းပိုက် (photo: KNDF)

၁ လေးလုံး (၁၁၁၁) စစ်ဆင်ရေး စတင်ပြီး ကရင်နီ ခေါ် ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်တဲ့ စနေနေ့ တရက်ထဲမှာတင် စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ စစ်ကောင်စီရဲ့ ဂျက်တိုက် လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲကြောင့် စစ်ကောင်စီက ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ ထေးငှားလျား ရွာခံ ၂ ဦး လက်နက်ကြီး ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီဒေသဘက်က နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။


နိုဝင်ဘာ ၁၁ ရက် စနေနေ့ မနက် ၅ နာရီ ကနေ ညနေ ၆ နာရီအထိ ကယားပြည်နယ် လွိုင်ကော်မြို့ ရေယိုရပ်ကွက်၊ ထေးငှားလျားရွာနဲ့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့၊ ဝါရီကော်ခူ၊ ဝါရီဇူးပလိုင် စတဲ့ နေရာအများစုမှာ တနေ့ကုန်နီးပါး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ကတော့ လွိုင်ကော်နဲ့ အနီးပတ်ဝန်းကျင်ပေါ့နော်၊ နန်းမယ်ခုံ နောက်ပြီးတော့ ဝါရီဇူးပလိုင်တို့ ဝါရီကော်ခူတို့ နောက်ပြီးတော့ လွိုင်ကော်မြို့ထဲက ရေယိုရပ်ကွက်နားထိကို ဒါ တိုက်ပွဲတွေ ဖြစ်ခဲ့တာပေါ့နော်။ တော်တော်များများ တိုက်ပွဲဖြစ်တယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့ ရွာအသေးစိတ်တွေကို အခုကျနော်တို့ ထုတ်ပြန်နေပါတယ်နော်။ စစ်ကောင်စီတပ်တွေရဲ့ ဂိတ်တွေကို ကျနော်တို့က သွားပြီးတော့ တိုက်ခိုက်တယ်ပေါ့နော်။ ဒါ ၁ လေးလုံး (၁၁၁၁) စစ်ဆင်ရေး အနေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။”

၁ လေးလုံး (၁၁၁၁) စစ်ဆင်းရေးအနေနဲ့ လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ စနေနေ့ တရက်ထဲမှာတင် စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီရဲ့ စစ်ဆင်ရေးဂိတ်တွေ၊ ကင်းပုန်း စခန်းတွေပေါ့နော်။ ရှေ့တန်းစခန်းတွေကို ကျနော်တို့ တိုက်ခိုက်တာဖြစ်ပါတယ်။ စခန်း အားလုံးပေါင်း ၈ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်ပေါ့နော်။ ဒီတရက်အတွင်းမှာပဲ စခန်းအားလုံးပေါင်း ၈ ခုကို ကျနော်တို့ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်ပေါ့နော်။ လက်နက်တွေ အားလုံး ၆၀ ကျော်ရတယ်ပေါ့နော်၊ လက်နက်ကြီးတွေ အားလုံး ၆၀ ကျော် ရပါတယ်။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တိုက်ခိုက်တာအပြင် လေကြောင်းကနေ ခုခံ တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

လွိုင်ကော်နဲ့ ဒီးမော့ဆို နယ်စပ်က စစ်ကောင်စီရဲ့ ဘုရားဖြူ စစ်ဆင်ရေးဂိတ်ကို သိမ်းပိုက်လိုက်တဲ့ အပြီးမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာပစ်ချိန် KNDF နဲ့ KA ကရင်နီတပ်ဖွဲ့တွေက အဲ့ဒီတိုက်လေယာဥ်ကို ပစ်ချနိုင်ခဲ့ပြီး လေထီးနဲ့ ခုန်ချလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးကိုလည်း လိုက်လံ ရှာဖွေနေတယ်လို့ KNDF က ပြောပါတယ်။

“စစ်ကောင်စီဘက်က လေယာဉ်တွေ ဂျက်သုံးပြီး လာတိုက်ခိုက်တယ်။ ရဟက်ယာဉ်ရော လာသုံးပြီး တိုက်ခိုက်ပါတယ်။ စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တစ်စီးကို ကျနော်တို့ KNDF ရယ် KA ကနေပြီးတော့မှ ပစ်ချနိုင်ခဲ့ပါတယ်ခင်ဗျ။ 4.5 ကား နှစ်စီးနဲ့ ဝိုင်းပစ်လိုက်တဲ့အခါမှာ စစ်ကောင်စီ လေယာဉ်က ဒါ…မီးခိုအူသွားပြီးတော့ ဒီဖရူဆိုမြို့နယ်ထဲမှာ ပျက်ကျတယ်ပေါ့နော်။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦးထက်မနည်း အရှင်ဖမ်းမိကြောင်းနဲ့ လက်နက်ခဲယမ်း ၆၀ လောက် သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ကယားပြည်နယ်မှာ တိုက်ခိုက်မှုတွေ ရှိနေတယ်ဆိုတာကို ပြောဆိုပေမဲ့ ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောပါဘူး။ လေယာဥ် ပျက်ကျခဲ့တာနဲ့ ပတ်သက်လို့လည်း စနေနေ့ ညနေပိုင်းက လေ့ကျင့်ရေး အပေါ့စား လေယာဥ်တစီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာလို့ Viber လူမှုကွန်ရက်ကတဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

လွိုင်ကော် ဒေသခံတွေကတော့ စနေနေ့ တိုက်ပွဲဖြစ်ပြီး နေ့ခင်းပိုင်းလောက်မှာ မြို့တွင်း အပြင်ထွက်သွားလာတာ မရှိသလောက် ဖြစ်သွားပြီး လက်နက်ကြီး လက်နက်ငယ် အသံတွေ တောက်လျှောက်ကြားနေရတာလို့ ပြောဆိုကြပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ လွိုင်ကော်မြို့နယ် ထေးငှားလျားရွာက လူ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လက်နက်ငယ်ထိတာတွေ ရှိတယ်။ လက်နက်ကြီးအစ ထိတာတွေလည်း ရှိတယ်။ ဒီ ထေးငှားလျားရွာက ဒေသခံပြည်သူ ၂ယောက် လက်နက်ကြီး ကျရောက် ထိပြီးတော့ ဆုံးသွားတာ ၂ ယောက်ပေါ့။ သူတို့က မိသားစုပေါ့။ အဲ့မှာ ရှောင်ဖို့ ပြင်နေရင်းနဲ့ ရှောင်ဖို့ အဆင်မပြေတဲ့အခါမှာ စောင့်ရင်း စောင့်ရင်းနဲ့ ပရဟိတကား လူနာတင်ကား မရောက်ခင်မှာပဲ အဲ့ဒီလူနာ ဆုံးသွားတယ်။ ၂ ယောက်ပေါ့နော်။”

တနေကုန် ပစ်ခတ်သံတွေ ကြားနေရလို့ သတိနဲ့ နေထိုင်နေရတယ်လို့ နောက်ထပ် ဒေသခံတဦးကလည်း ပြောပါတယ်။

“ပတ်ပတ်လည်ကို ပစ်နေတာ မသိတော့ဘူးပါဘူး။ ခါတိုင်းလိုကပဲ ပစ်တယ်လို့ပဲထင်တယ်။ နောက်ကျတော့ သေချာနားထောင်တာပေါ့။ လက်နက်အငယ်ရော ပါလာတယ်ဆိုတော့ အဲ့ဒါဆိုရင်တော့ ရိုးရိုးမဟုတ်တော့ဘူး ဆိုပြီးတော့ နားလည်လိုက်တယ်။ မနက် ၅ နာရီဆိုတော့ ထပြီးတော့ ထမင်းချက်လိုက်တယ်။ တနေ့ကုန်ပါပဲ ဖြစ်တာ။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ထိုင်းနယ်စပ်နဲ့ နီးတဲ့ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ စခန်းတချို့ကို ဝင်တိုက်တဲ့ ၁၁၀၇ စစ်ဆင်ရေး စတင်ခဲ့တာ ရှိပါတယ်။ အဲ့ဒီ စစ်ဆင်ရေးဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့က ဦးဆောင်ပြီး ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စနေနေ့က ၁ လေးလုံး စစ်ဆင်ရေးမှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော်(KA)၊ ဒီးမော့ဆို PDF၊ Loikaw PDF၊ KNPLF၊ အလယ်ပိုင်းတိုင်း PDF၊ ဝံပလွေပြောက်ကျား တပ်ဖွဲ့ စတဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေက ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ KNDF က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG