သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀၂၇ စစ်ဆင်ရေး ရှေ့ဆက်အလားအလာ


ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်းတနေရာမှ TNLA တပ်သားများ၊ နိုဝင်ဘာ ၉၊ ၂၀၂၃။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်းတနေရာမှ TNLA တပ်သားများ၊ နိုဝင်ဘာ ၉၊ ၂၀၂၃။

ကိုးကန့် MNDAA၊ တအာင်း TNLA၊ ရက္ခိုင် AA တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းကစစ်တပ်စခန်းတွေကို ထပ်မံသိမ်းနိုင်ခဲ့တယ်လို့ ဒီနေ့လည်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသထဲက စစ်ကောင်စီ တပ်စခန်း ၄ ခုကို MNDAA တပ်တွေက ဒီနေ့ သိမ်းယူ ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရှီယွင်ကြည်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းရဲ့ တွဲဖက်စခန်းကို သိမ်းယူပြီး လားရှိုးတိုင်းစစ်ဌာန ချုပ်ကို လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ ကိုးကန့်သတင်းထုတ်ပြန်ရေးဌာနက ညနေပိုင်းမှထုတ်ပြန် ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီတိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေကလည်း ကယားပြည်နယ်၊ ဒေသ အခေါ်ကရင်နီနယ်၊ လွိုင်ကော်မြို့တော်အနီးဝန်းကျင်ရှိ စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက် ခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။

ညနေပိုင်းအထိ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ဘက်မှာရှိတဲ့ စစ်ကောင်စီစခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။ အခုလို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သီတင်း ၂ ပတ်ကျော်မှာ စစ်တပ်စခန်း ရာကျော်ကို လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူနိုင်ခဲ့တာကို ကြည့်ရင် စစ်ကောင်စီဟာ မကြုံစဖူးအားနည်းလာတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ရှေ့ဆက် တိုက်ပွဲတွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဒီရှမ်းမြောက်စစ်ဆင်ရေးထူးခြားမှုကို ကနေဒါနိုင်ငံ၊ York တက္ကသိုလ်မှာနိုင်ငံရေးအထူးပြု ပါရဂူဘွဲ့ယူနေတဲ့ကျောင်းသားကိုထက်မင်းလွင်က

“ ဒီမှာ အခုပေါ်လာတော့ စစ်ကောင်စီဖက်က စိတ်ဓာတ်လည်းလျော့ပါးလာတယ်၊ လူသူအင်အားလည်း လျော့ပါးလာတယ်၊ တောက်လျှောက်တော်လှန်ရေးကလည်း တရိပ်ရိပ်နဲ့ ဒီရေတက်သလို တက်လာတဲ့အခါမှာ စစ်ကောင်စီဖက် ဘယ်လောက် အားနည်းနေသလဲဆိုတာကိုလည်း မြင်သာလာတဲ့အတွက်ကြောင့်မို့လို့ ဒီဖက်က မဟာမိတ်က ပြန်ပြီးတော့PDF မဟာမိတ်အသွင်နဲ့ ပေါ်ထွက်လာတာ အလွန်ထူးခြားတဲ့အချက်ဖြစ်တယ်”

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်းတနေရာမှ TNLA တပ်သားများ၊ နိုဝင်ဘာ ၉၊ ၂၀၂၃။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်းတနေရာမှ TNLA တပ်သားများ၊ နိုဝင်ဘာ ၉၊ ၂၀၂၃။

ဒီအေပါ် CDM လေတပ် တပ်ကြပ်ကြီးဇေယျကလည်း

“အရင်တုန်းက ကိုးကန့်တို့ MNDAA တို့ တဖွဲ့ချင်းတိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ မတူတာက ဒီမြန်မာ ပြည်မှာ စစ်အာဏာရှင်၊ စစ်တပ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးကာလဖြစ်တယ်၊ ပြီးတော့ ပြည်သူ လူထု အားလုံးက စစ်တပ်ကိုဆန့်ကျင်နေတာဖြစ်တဲ့အတွက် ဒီညီနောင် ၃ ဖွဲ့စစ်ဆင်ရေးကို အားလုံး ကထောက် ခံတယ်ပေါ့နော်၊ ဒီအတွက် စိတ်ဓာတ်ခွန်အားအရရော အကုန်လုံး ..သတင်းအချက်အလက် အားလုံးက အစ အကုန်ပံ့ပိုးမှုတွေ သူတို့ရတယ်။ သူတို့ရဲ့တိုက်ရည်၊ ခိုက်ရည် စည်းစည်းလုံးလုံးနဲ့ အတူတကွ တိုက်ခိုက်မှုကြောင့်လည်း မြို့တွေစခန်းတွေကို ရက်ပိုင်းအတွင်း အများကြီးသိမ်းနိုင်တယ် ပေါ့နော်"

စစ်ကိုင်းဖိုရပ်ပြောခွင့်ရစာရေးဆရာ ကိုစိုးဝင်းဆွေက

“စစ်ဆင်ရေး ၁၀၂၇ စတဲ့ အိတ်ဖွင့်ပေးစာမှာပါတဲ့ စစ်ရေးဆိုင်ရာ တိုက်တွန်းချက်တွေကလည်းပဲ စစ်ကိုင်းဖက်က တော်လှန်ရေးရဲဘော်တွေအတွက်တော့ တော်တော်လေးလေ့လာ အတုယူစရာ တွေတွေ့ရပါတယ်ဗျ၊ ဒီခေတ်သစ် မြန်မာ့သမိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဝင်တဲ့ အထဲမှာ ဒီလောက်ကြီးမားတဲ့အောင်မြင်မှု၊ ဒီလောက်ကြီးမားတဲ့အောင်ပွဲရလဒ် ရရှိတာကတော့ ရှေ့မှာတော့ မကြုံဖူးဘူးလို့တောင်ပြောလို့ရမယ်”

ဒီစစ်ဆင်ရေးရဲ့ စစ်ကောင်စီအပေါ်သက်ရောက်နိုင်မှုကိုလည်း ကိုထက်မင်းလွင်က “အစဥ်အလာမှာ လည်းရှိပါတယ်။ ပြည်သူ့စိတ်ကို ပြည်သူ့နှလုံးကို မသိမ်းကျုံးနိုင်ရင် ဓားနဲ့ထိုးရင်ဓားကျိုးမယ်၊ လှံနဲ့ထိုးရင် လှံခွေမယ်ဆိုတာ။ အဲဒီတော့ လူထုထောက်ခံမှုက တနှစ်ထက်တနှစ်ကျဆင်းလာတယ်၊ လူထုက လုံးဝ မဆုတ်မနစ်တဲ့စိတ်နဲ့ ပြန်လည်ခုခံမယ်၊ တွန်းလှန်မယ်ဆိုပြီးဖြစ်တဲ့အချိန်မှာ ဒီလူမျိုးစုတပ်တွေ အနေနဲ့ကျ တော့လည်း မလုပ်လို့မရတော့တဲ့အခြေအနေ။ ကိုယ့်ဒေသ ကိုယ့်လူမျိုးအပေါ်မှာ လာပြီးတော့ ထိခိုက်နေ တဲ့ဟာ ရခိုင့်တပ်မတော် AA အနေနဲ့ကလည်း ဖော်ဆိုင်လာနိုင်တဲ့အခါ ရခိုင်လူထုက သူတို့စိတ်ဆန္ဒဘယ် လောက်ရှိမလဲ၊ ဒီလိုမျိုးဖြစ်လာတဲ့အခါဆိုလို့ရှိရင် ဒီဟာကိုလည်း AA ကထည့်ကို ထည့်တွက်ရမယ့်အခြေ အနေမျိုးဆိုတဲ့အခါကျတော့ AA ကရခိုင်ဖက်မှာ စစ်ပွဲဖော်နိုင်မလားဆိုတာ သုံးသပ်ရမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီတော့ ဒီ န.ဆ.က အေနနဲ့ကတော့ အခု တောက်လျှောက်ကိုပဲပေါ့နော်၊ အာဏာသိမ်း ပြီးကတည်းက လူထုအပေါ်မှာ စစ်ပွဲဟာ ပိုပြီးစစ်မျက်နှာကျယ်လာပြီးတဲ့အခါကျတော့ ဆုတ်လဲစူး၊ စား လည်းရူးဆိုတဲ့အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ ရှမ်းပြည်ထဲ မှာရှိ နေတဲ့ ရှမ်းတပ်တွေ ဘာလို့မပါသေးလဲဆိုတဲ့မေးခွန်းက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျနော်ထင် ပါတယ်”

ဒီသက်ရောက်မှုအပေါ် တပ်ကြပ်ကြီးဇေယျကလည်း

“ ဒီစစ်ဆင်ရေးကြောင့် သက်ရောက်မှုကတော့ တော်တော်ကြီးကို ကြီးမားတယ်ပေါ့နော်၊ တပ်တွင်းမှာ ဆိုရင်လည်း အတော့်ကို ဖရိုဖရဲနဲ့ တချို့ဆိုလို့ရှိရင် ဒါငါတို့တော့ အသေမခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေ ပြော ကြတယ်ပေါ့နော်၊ ရှမ်းမြောက်စစ်ဆင်ရေးမှာသုံးတဲ့ ဒရုန်းကိုကြည့်ရင် သူတို့တော်တော်ကို ကြောက် နေတဲ့ အနေအထားမှာရှိတယ်။ သူတို့ မင်္ဂလာဒုံမှာဆိုလို့ရှိရင် ဒရုန်းနဲ့ အကြဲခံရမှာစိုးလို့ ဘန်ကာတွေတူးနေပြီ၊ ကတုတ်ကျင်းတွေတူးနေကြပြီ။ ကောင်းတဲ့ ဂိတ်ကျင်းတွေအများစုကို နေပြည်တော်နဲ့ ရှမ်းထဲ အဲဒီနားကို ပို့ထားပါတယ်”

ကိုစိုးဝင်းဆွေကပါ ရှေ့ဆက်ဖြစ်လာနိုင်တာကို အခုလိုဆိုပါတယ်။

“ကျနော်တို့ ဒီစစ်ကိုင်းအညာမှာ .. ဒီကောလင်းမြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့အခါမှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ ၃၊၄ ရက်ပေါ့ဗျာ။ ဒီမြို့ကို ဝိုင်းပတ်ပြီး ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ ဘာမှ သူတို့ပြင်ဆင် နိုင်တာမရှိဘူး၊ အနီးစပ်ဆုံး ပင်လယ်ဘူးတို့ ဘာတို့ ဝန်းသိုတို့ ကနေလည်း ဒီမြို့ ကျသွားတဲ့အချိန်မှာ လာပြီး စစ်ကူမပေးနိုင်ဘူးဗျာ။ တနိုင်ငံလုံး သူတို့တပ်ဖြန့်ပြီးတော့ လုပ်နေရတဲ့အခြေအနေမှာ တုန့်ပြန်နိုင် စွမ်းတွေကျဆင်းသွားပြီဆိုတာ တွေ့ရတယ်”

ဒီစစ်ဆင်ရေးသုံးသပ်ချက်အပေါ် စစ်ကောင်စီပြောခွင့်ကို မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူးခင်ဗျား။

ဖရူဆိုမြို့နယ်ထဲမှာ စစ်ရဟတ်ယာဉ်တစင်းပျက်ကျတယ်လို့ KNDF ဘက်က အတည်ပြုထားပါတယ်။ ပျက်ကျသလား၊ ပစ်ချခံရသလားဆိုတာကိုတော့ VOA က ရှင်းရှင်း မသိရသေးပါဘူး။ အရေးပေါ်လေထီး ဖွင့် ခုန်ချခဲ့ပုံရသူ ၂ ယောက်ရဲ့ ဦးထုပ်နဲ့ လေထီးဓါတ်ပုံတွေကိုလည်း အဲဒီဒေသက လာတဲ့သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ရှေ့ဆက်အလားအလာ
please wait

No media source currently available

0:00 0:05:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG