သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မြို့ပေါ်  တိုက်ပွဲပြင်းထန်ဆဲ


ထိီးချိုင့်မြို့နယ်အတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သုံးနေရာကို ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး ဖေ့စ်ဘုတ်မှာ တွေ့ရပုံ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)
ထိီးချိုင့်မြို့နယ်အတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သုံးနေရာကို ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး ဖေ့စ်ဘုတ်မှာ တွေ့ရပုံ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၈ ရက်ကတည်းက PDF ပြည်သူ့ကာကွယ်ရေးတပ်၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီဖက်က ဒီ ၂ ရက်အတွင်း လေကြောင်းကနေ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်တာကြောင့်လည်း ဒေသခံတွေ ထိခိုက်သေဆုံးနေရကြောင်း ထီးချိုင့်ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့တွင်းက တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ပြီး PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲက ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ ထီးချိုင့်မြို့ပေါ်နေရာတော်တော်များများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ထဲမှာတော့ နေရာတွေ အကုန်လုံးနီးပါး နေရာယူထားပြီးပြီပေါ့လေ။ သူတို့က(စကစ) အခု တောင်ကုန်းပေါ် မြသိန်းတန် တောင်ကုန်းပေါ်မှာ၊ အဲ့ဖက်မှာပဲ ကျန်တော့တယ်။ အပေါ်ကနေ မဆင်းရဲပါဘူး သူတို့လည်း။ ပြီးတော့ သူတို့က မြတောင်ဖက်ကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ တအားကူတာ။ လေယာဥ်ကော အဲ့ဒီဟာကောဆိုတော့ ဒီဖက်ကလည်း လုပ်ရကိုင်ရတာ ခက်ခဲကြတာပေါ့။”

ထီးချိုင့်မြို့မှာ တိုက်ပွဲဖြစ်တဲ့ မနေ့ကရော ဒီကနေ့မှာပါ စစ်ကောင်စီဖက်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ရော ဂျက်တိုက်လေယာဥ်တွေနဲ့ပါ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“သူတို့က လေယာဥ်နဲ့လည်း ထောက်ပို့လုပ်တယ်။ Mi 35 နဲ့လည်းပစ်တယ်၊ ဖိုက်တာနဲ့လည်း ချတယ်။ ဒီကနေ့က တိတိကျကျ ဘယ်နှစ်စင်းနဲ့ ဘယ်လောက်ချတယ်ကို မပြောတတ်တော့ဘူး ဒီနေ့က။ သူတို့က လေယာဥ်နဲ့ကတော့ တောက်လျှောက်ကိုပစ်နေတာပါ။ ဒီကနေ့ လေယာဥ်နဲ့ ပစ်တာက မြို့ထဲကနေတော့ မီးခိုးထွက်တယ်။ ဘယ်နေတွေကို လောင်မှန်းတော့ မသိဘူး။ ကျောင်းဘေးနဲ့ ဆေးရုံဘေးက အိမ်တွေလောင်တာဖြစ်ဖို့များတယ်။ ဒါပေမယ့် အဲ့အိမ်တွေက လေယာဥ်နဲ့ ပစ်ကြတဲ့နေကတည်းက ရှောင်ထားကြပြီးပါပြီ။”

နိုဝင်ဘာ ၉ ရက်နေ့က စစ်ကောင်စီဖက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေ သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် VOA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ နိုဝင်ဘာ ၈ ရက် မနေ့က စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုကြောင့် လျောင်းတော်မူ ဘုန်းတော်ကြီးကျောင်းနဲ့ ရွှေဂူတောင် ဘုန်းတော်ကြီးကျောင်းတို့ကို ထိမှန်ပြီး ကျောင်းတွင်း သီတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ ဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့အရပ်သားတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်က မြို့တွင်းက မထွက်ရသေးတဲ့တချို့က ပိတ်မိသွားတာလေ၊ အဲ့မှာ အရပ်သား ၂ ယောက်သေတယ်။ လေယာဥ်နဲ့ချတာ အဲ့ဒီ အရပ်သား ၂ ယောက်သေတယ်။ အဲ့ဒါပြီးတော့ ၈ ယောက်လောက် ဒဏ်ရာ ရတယ်၊ ပြည်သူတွေ ပြည်သူတွေ။ အဲ့ဒါ မနေ့ကပါ။

နိုဝင်ဘာ ၉ ရက်နေ့ကတော့ စစ်ကောင်စီတပ်ဘက်က ထီးချိုင့်မြို့ထဲ Mi 35 တိုက်ခိုက်ရေး ရဟတ်ယဉ်နဲ့ ပစ်ခတ်ခဲ့သလို ထီးချိုင့်မြို့အထွက် မင်းဝံတောင်ခြေမှာရှိတဲ့ မရသိမ်ရွာနဲ့ တောမရွာတို့ကို ဂျက်တိုက်လေယာဥ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ ထိခိုက်မှုအတိအကျကိုတော့ မသိရပါဘူး။

မြို့တွင်းက ဒေသခံတွေကတော့ နိုဝင်ဘာ ၆ ရက်နေ့ကတည်းက စတင်ပြီး တိမ်းရှောင်နေကြတာဖြစ်ပေမယ့် အိမ်စောင့်ကျန်နေခဲ့ကြတဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်ချိန်မှာ မြို့ထဲပိတ်မိနေပြီး ထိခိုက်သေဆုံးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး မကြာခင်မှာပဲ စစ်ကိုင်းတိုင်းအတွင်းမှာလည်း မြို့သိမ်းတိုက်ပွဲတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖော်ဆောင်လာကြတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို သိမ်းပိုက်ရရှိထားတယ်လို့ NUG ကြားကာအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG