သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲတရုတ်အခန်းကဏ္ဍ Stimson Center ဆွေးနွေး


နိုင်ငံတကာလုံခြုံရေးကို အထူး သုတေသနပြုတဲ့ လွတ်လပ်တဲ့ပညာရှင်အဖွဲ့ တခု ဝါရှင်တန် ဒီစီ အခြေစိုက် Stimson Center ရဲ့ နိုဝင်ဘာ (၈)ရက် အွန်လိုင်း ဆွေး‌နွေးပွဲ။ (Screenshot/ Nov 9, 2023
နိုင်ငံတကာလုံခြုံရေးကို အထူး သုတေသနပြုတဲ့ လွတ်လပ်တဲ့ပညာရှင်အဖွဲ့ တခု ဝါရှင်တန် ဒီစီ အခြေစိုက် Stimson Center ရဲ့ နိုဝင်ဘာ (၈)ရက် အွန်လိုင်း ဆွေး‌နွေးပွဲ။ (Screenshot/ Nov 9, 2023

ရှမ်းမြောက်က ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ က မြန်မာ့ စစ်အာဏာရှင် တော်လှန်ရေး ခေတ်သစ်သမိုင်းမှာ မကြုံဖူးတဲ့ ကြီးမားတဲ့ စစ်ဆင်ရေးတခုဖြစ်ပြီး အာဏာသိမ်းစစ်တပ် ဖရိုဖရဲဖြစ် အားနည်းလာတာကိုပြသတာဖြစ်သလို စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်နေကြတဲ့ မြန်မာ့အရေးအပေါ် အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲ အစ ကနဦးအဖြစ် ရှုမြင်နိုင်ကြောင်း မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးက အရင်က မကြုံဖူးတဲ့ ထိုးစစ်ကြီးဖြစ်ပြီး စစ်ကောင်စီရဲ့အာဏာကို လှုပ်ကိုင်နိုင်သလို နောက်ဆက်တွဲအဖြစ် နိုင်ငံတဝန်းက အင်အားစုအသီးအသီးပါဝင်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး နိုင်ငံရေးရည်မှန်းချက်မြင့်မားတဲ့ တော်လှန်ရေးကြီးအသွင် ဖြစ်လာကြောင်း နိုင်ငံတကာလုံခြုံရေးကို အထူး သုတေသနပြုတဲ့ လွတ်လပ်တဲ့ပညာရှင်အဖွဲ့ တခု ဝါရှင်တန် ဒီစီ အခြေစိုက် Stimson Center ရဲ့ နိုဝင်ဘာ (၈)ရက် အွန်လိုင်း ဆွေး‌နွေးပွဲမှာ ပါဝင်သူတွေက သုံးသပ်ကြပါတယ်။ တရုတ်နယ်စပ်က ကိုးကန့်ဒေသကို ပြန်လည်ချုပ်ကိုင်နိုင်ဖို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို အဓိကဦးတည်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်အပါအဝင် ညီနောင် မဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်တွေက အခု နှစ်ပတ်အတွင်း ကမ္ဘာ့ အာရုံစိုက်မှုရခဲ့သလို အထူးသဖြင့် တရုတ်နဲ့ ထိုင်းနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကြား စိုးရိမ်မှုများ မြင့်တက်လာစေခဲ့တာပါ။

ရှမ်းမြောက်တိုက်ပွဲတရုတ်အခန်းကဏ္ဍ Stimson Center ဆွေးနွေး
please wait

No media source currently available

0:00 0:06:15 0:00

အရင် စစ်အစိုးရခေတ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မြန်မာ့အရေး နှစ်ပေါင်းများစွာ အနီးကပ် လေ့လာစောင့်ကြည့်နေသူ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုရဲ့ အကြီးတန်းအကြံပေး Priscilla Clapp ကတော့ ဒီစစ်ဆင်ရေးက စစ်အစိုးရကိုဆန့်ကျင်တော်လှန်နေကြတဲ့ အစုအဖွဲ့တွေကြား ကြိုတင်ချိတ်ဆက် အချိန်ယူပြင်ဆင်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့မှု ရလဒ်ဖြစ်ကြောင်းကို ဒီဆွေးနွေးပွဲမှာ မီးမောင်းထိုးထောက်ပြသွားခဲ့ပါတယ်။ ကာလရှည်ကြာ စေ့စေ့စပ်စပ်စီစဉ်ထားတဲ့ ဒီညှိနှိုင်းတိုက်ခိုက်မှုက သမိုင်းဝင် အလှည့်အပြောင်းတခုဖြစ်ပြီး စစ်တပ်က ဆယ်စုနှစ်များစွာကြာ တိုင်းရင်းသားတပ်တွေကို သွေးခွဲဆက်ဆံခဲ့တဲ့ဗျူဟာကို ချိုးဖျက်လိုက်နိုင်တာလို့ Priscilla Clapp က ရှုမြင်ပါတယ်။

“မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ တခုတည်း မဟုတ်ဘူးဆိုတာကို သတိပြုရပါမယ်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ကချင်၊ ကရင်၊ ကရင်နီနဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေလည်း တပြိုင်တည်း တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ စခန်းတွေကို သိမ်းယူထားကြပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ပြန်ဖြစ်မယ့် အနေအထား ရှိပါတယ်။ အရင်တခေါက် AA နဲ့ ဖြစ်ခဲ့တဲ့ စစ်တုန်းကဆိုရင် စစ်တပ်ဘက် က အတော် အထိနာခဲ့တာပါ။ အခုက အလွန် ကြီးမားတဲ့စစ်ဆင်ရေးဖြစ်ပြီး အချိန်အတော်ကြာအောင် စီစဉ်ခဲ့ရတာ ထင်ရှားပါတယ်။ တိုင်းပြည်သမိုင်းမှာ ဒီလိုမဖြစ်ခဲ့ဖူးပါဘူး။ စစ်တပ်က နှစ်ပေါင်း ၇၀ ကြာ တိုင်းရင်းသားအဖွဲ့တွေကို စစ်ရေးအရရော နိုင်ငံရေးအရပါ သွေးခွဲ၊ ခွဲခြား ထားခဲ့တာပါ။ အခုတော့ စစ်တပ် မအောင်မြင်တော့ပါဘူး။ ဒီစစ်အစိုးရဟာ ဆိုးရွားတဲ့ အနေအထားနဲ့ ကျရှုံး ပြိုလဲနေပါပြီ။”

နိုင်ငံတကာအကျပ်အတည်းတွေကြား အာဆီယံနဲ့မြန်မာ့အရေး
please wait

No media source currently available

0:00 0:07:42 0:00

အာဏာသိမ်း စစ်ကောင်စီအပေါ် ဘက်ပေါင်းစုံကနေ စစ်ရေးအရ ပိုပြီး ဖိအားပေးနိုင်ခြေနဲ့ လက်ရှိ ရခိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ယာယီ အပစ်ခတ်ရပ်ထားတဲ့ ရက္ခိုင့် တပ်တော် (AA) နဲ့ စစ်ကောင်စီကြား စစ်မျက်နှာအသစ် ဖွင့်ရနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီးလည်း ဒီပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ ပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့ ရခိုင့် စစ်ရေး၊ နိုင်ငံရေး အထူးပြုသူလည်းဖြစ်၊ ဟာဝိုင်ယီ အခြေစိုက် East West Centerသုတေသနအဖွဲ့နဲ့ အတူ ဟာဝိုင်ယီတက္ကသိုလ်မှာ အာရှရေးရာ လေ့လာနေသူ ကိုကျော်ဆန်းလှိုင်က ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ စစ်တပ်ဘက်က သတိကြီးကြီးထားနေတယ်လို့ သုံးသပ်ပါတယ်။

“ရခိုင်ပြည်နယ်မှာ နှစ်ဖက်လုံးက စစ်မီး ပြန်စချင်တာမျိုးတွေ မတွေ့ရပါဘူး။ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ရခိုင်ရဲ့အခြေအနေကိုလည်း ထည့်တွက်တာ ပါ, ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေဘက်က ရက္ခိုင့် တပ်တော် (AA) တပ်တွေကို ဘယ်လို တုံ့ပြန်မလဲအပေါ်လည်း မူတည်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်မျက်နှာအသစ်ဖွင့်ဖို့ စစ်ကောင်စီဘက်က သတိကြီးကြီးထားနေတာကို တွေ့ရပါတယ်။ အရင် တရက်ကမှ AA ဘက်က မြောက်ဦးမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာ ရှိပေမယ့် စစ်ကောင်စီရဲ့ ဒေသ အာဏာပိုင်တွေက ပြန်လွှတ်ပေးဖို့ ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့တာတွေ ရှိပါတယ်။”

ဒါပေမယ့် ရခိုင်မှာ စစ်ကောင်စီဘက်က ရန်လိုမှုတွေ စတင်လာပြီဆိုရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ကိုကျော်ဆန်းလှိုင်က သုံးသပ်ပါတယ်။

တဖက်မှာလည်း ရှမ်းမြောက်က စစ်ဆင်ရေး ၁၀-၂၇ မှာ MNDAA ကိုးကန့် တပ်ရဲ့ အဓိက ပါဝင်ပတ်သက်မှုနဲ့ ပဋိပက္ခအတွင်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း သတိပြုစရာ ဖြစ်နေတယ်လို့ ဆွေးနွေးသူတွေက သုံးသပ်ပါတယ်။ ဒေသတွင်း အခြေစိုက် လုပ်ကိုင်နေတဲ့ ဆိုင်ဘာ ရာဇဝတ်မှု ဆက်စပ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရ စိုးရိမ်ချက်က MNDAA ရဲ့ ကိုးကန့် ဒေသ၊ အထူးသဖြင့် လောက်ကိုင်ကို ပြန်လည် ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ အခု စစ်ဆင်ရေးအတွက် အကြောင်းပြချက် ပေးစရာတခု ဖြစ်လာတယ်လို့ ဆိုပါတယ်။ နယ်စပ်မှာ မတည်မငြိမ်ဖြစ်ရင် ချက်ချင်းတုံ့ပြန်လေ့ရှိတဲ့ တရုတ်အစိုးရရဲ့ မူဝါဒတွေကိုလည်း ဒီအချက်က လွှမ်းမိုး သက်ရောက်သွားတယ်လို့ ဆွေးနွေးသူတဦး ဖြစ်တဲ့ Priscilla Clapp က ယူဆပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေ ပြင်းထန်လာနေလို့ စစ်ကောင်စီဟာ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး စိန်ခေါ်မှုတွေ တိုးရင်ဆိုင်ရချိန် တရုတ်ဘက်က သူ့ရဲ့ ရပ်တည်ချက်ကို ပြန်လည်အကဲဖြတ်တာမျိုး ဖြစ်နိုင်ခြေကို သူက ထောက်ပြခဲ့ပါတယ်။

“ဒီ အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေပိတ်ဖို့ တရုတ်အစိုးရက စစ်ကောင်စီကို (၆) လကြာ အားထားပြောခဲ့ပေမယ့် ဘာမှ မဖြစ်မလာခဲ့ပါဘူး။ အပေါ် ယံလောက်ပဲ လုပ်ခဲ့လို့ တရုတ်ဘက်က မကျေမနပ်ဖြစ်နေတာပါ။ ဒါကို အကြောင်းပြချက်တခုအဖြစ် ကိုးကန့် ဒေသကို ချုပ်ကိုင်ဖို့လုပ်တဲ့လုပ်ရပ်ကို လက်ခံတဲ့သဘော လုပ်ခဲ့တာပါ။ ဒီလှုပ်ရှားမှုအပေါ် နယ်စပ်တလျှောက်မှာ တရုတ်ရဲ့တုံ့ပြန်မှုက အများကြီးမရှိပါဘူး။ တရုတ်ဘက်က အတော်လေး နှုတ်ဆိတ်နေခဲ့ကြတာပါ။ အဲဒါ အရမ်းအရေးကြီးတဲ့ အချက်ပါ။”

လက်တွေ့မှာလည်း နယ်စပ်ဒေသ တည်ငြိမ်ရေး ပုံမှန် ထုတ်ပြန်လေ့ရှိတဲ့ ကြေညာချက်တွေနဲ့ စစ်ပွဲတွေကြောင့် အထူးသဖြင့် စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် တရုတ် နိုင်ငံသားတွေ ထိခိုက်ခဲ့ရတာကိုပဲ တရုတ်ကကန့်ကွက်ခဲ့တာတွေ့ရပါတယ်။ အွန်လိုင်းလိမ်လည်မှုတွေရဲ့ အဓိက သားကောင်တွေက တရုတ် နိုင်ငံသားတွေ ဖြစ်နေတာ၊ ကိုးကန့် ဒေသအပြင် စစ်ကောင်စီ သစ္စာခံ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်တဲ့ မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ ဆိုင်ဘာ ရာဇဝတ်မှုလုပ်ငန်းတွေ ဆက်လည်ပတ်နေတာကို Priscilla Clapp က ဥပမာပြုထောက်ပြပါတယ်။ တပြိုင်တည်းမှာ အခု အခြေအနေမှာ တရုတ်ဘက်က စစ်ကောင်စီ အပေါ် ထောက်ခံပေးမှုကို ပြန်လည် သုံးသပ်လာနိုင်ဖွယ်ရှိတဲ့ အနေအထားလို့ Priscilla Clapp က သုံးသပ်ပါတယ်။

“နောက်ဆုံးမှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေနဲ့ စ စကားပြော တာမျိုးလို တရုတ်အနေနဲ့ သူတို့ရဲ့ ထောက်ခံမှုကို ပြောင်းလဲဖို့ ပြန်စဥ်းစားလာမယ်လို့ ကျမ ထင်ပါတယ်။ ဒီစစ်ဆင်ရေး ၁၀၂၇ ဟာ တပ်မတော်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တခုဖြစ်ပြီး နေပြည်တော်မှာ စတင်ပြိုလဲနေပါပြီ။ စစ်ခေါင်းဆောင်က သူ့ တပ်သားတွေကို ဘုရားစာတွေ၊ တရားတော်တွေ ရွတ်ဆိုဖို့ အမိန့်ပေးထားပါတယ်။ ဒါဟာ တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ဖရိုဖရဲ စိတ်ဓာတ်ကျနေတဲ့ လက္ခဏာဖြစ်တာကြောင့် တပ်မတော်အတွင်း ရုတ်တရက် တခုခုဖြစ်လာခဲ့ရင်လည်း အံ့သြစရာမရှိပါဘူး။ သူတို့ဟာ အလွန့်ကို ဆိုးဆိုးရွားရွား အခြေအနေ မကောင်း ဖြစ်နေတာပါ။”

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲကတော့ ချက်ချင်း ရုတ်တရက် ပြောင်းလဲမှာမျိုးတော့ မဟုတ်ဘူးလို့ Priscilla Clapp က ရှုမြင်ပါတယ်။

“တရုတ်နိုင်ငံက ဘယ်တော့မှ အပြောင်းအလဲကို သိသိသာသာ မလုပ်ပါဘူး။ ဖြည်းဖြည်းချင်းပဲ အဆင့်ဆင့် လုပ်ပါတယ်။ အခု သူတို့ရဲ့ ပထမခြေလှမ်းနှစ်ရပ်ကို မြင်ခဲ့ရပြီးပါပြီ။ ပထမတခုက အွန်လိုင်း ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ သဘောထား ကွဲလွဲခဲ့ပါတယ်။ ဒုတိယ တချက်ကတော့ အခု သူ့ နယ်စပ်တလျှောက် ဖြစ်နေတဲ့ စစ်ဆင်ရေးတွေကို နောက်ဆုတ်၊ အသာရပ်ကြည့်နေပြီး ခွင့်ပြုပေးခဲ့တာပါ။ သူတို့ ဘက်ခြမ်းကို လက်နက်ကျည်တွေကျလို့ နိုင်ငံသားတွေ ထိခိုက်တာကိုပဲ ကန့်ကွက်ခဲ့ပါတယ်။”

ဒါပေမယ့် တဘက်မှာလည်း ဒီကိစ္စက တရုတ်အတွက် ရှုပ်ထွေးတဲ့ ပုစ္ဆာတခုဖြစ်တယ်လို့ Priscilla Clapp က ရှုမြင်ပါတယ်။ မြန်မာပြည်တွင်းမှာ တရုတ်အကျိုးစီးပွားတွေ အများကြီးရှိနေလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ တဖက်မှာ ပိုထိတွေ့လာကာ ဆက်ဆံရေးကို နှစ်ဖက် ဖွင့်ထားဖွယ်ရှိတယ်လို့ သူက သုံးသပ်ပါတယ်။

ဒီပွဲမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ NUG ယာယီ သမ္မတရုံးရဲ့ ပြောခွင့်ရဦးကျော်ဇောကတော့ ညီနောင် (၃) ဖွဲ့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒီစစ်ဆင်ရေးဟာ စစ်ရေးအရသာမကဘဲ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်အာဏာရှင်စနစ်ကို ချေမှုန်းပစ်ဖို့ နိုင်ငံရေး ရည်ရွယ်ချက်ရှိနေပြီး အတူတူ တိုက်ပွဲဝင်နေကြောင်း ပြောပါတယ်။ တခါ စစ်ကောင်စီ ရှိနေသရွေ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေမယ့် အကြောင်းကို တရုတ် အပါအဝင် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံအားလုံးကို သူက သတင်းစကားပါးခဲ့ပြီး တော်လှန်ရေး အင်အားစုကသာ ဒေသတွင်းအကျိုးစီးပွား အကာအကွယ်ပေးနိုင်မှာ ဖြစ်ကြောင်း ဆွေးနွေးသွားပါတယ်။

XS
SM
MD
LG