သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်စခန်းတွေ ဆက်လက် တိုက်ခိုက်ခံရ


ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်စခန်းတွေကို MNDAA ဆက်လက်တိုက်ခိုက်
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်စခန်းတွေကို MNDAA ဆက်လက်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး ဒီကနေ့ ကိုးကန့်နယ်မြေထဲက တပ်စခန်း ၃ ခုနဲ့ မုန်းကိုးဒေသ တပ်စခန်းတခုကို ထပ်မံသိမ်းယူခဲ့ကြောင်း MNDAA ကိုးကန့်တပ်ဘက်က ပြောပါတယ်။ TNLA တအန်းတပ်ကတော့ နမ့်ခမ်းမြို့ ၊ မြို့လယ်ဘုရားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်ဒေသက တိုက်ပွဲအခြေအနေကို ကိုစံကျော်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၂ရက်မြောက် နေ့မှာလည်း ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။ MNDAA ကိုးကန့်တပ်က ဒီနေ့ နေ့လယ်ပိုင်းအထိ စခန်း ၄ ခုသိမ်းယူခဲ့ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

“မနက်ပိုင်းကတော့ ကိုးကန့်ခရိုင်ထဲမှာရှိတဲ့ စခန်း ၃ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်။ နေ့လယ်ပိုင်း ၁၂ နာရီ ၄၀ မှာ မုံးကိုးက ဗျူဟာကုန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ။ မုံးကိုးဗျူဟာကုန်းဆိုတာက မုံးကိုးရဲ့ မြို့ဘေးမှာ တပ်ထိုင်ထားတဲ့ ဗျူဟာကုန်းဖြစ်တယ်။ ပြီးတော့ မူပန်(သိန္နီ) ဘက်မှာပေါ့။ သိန္နီဘက်မှာတော့ ကျနော်တို့ စကခ ၁၆ နဲ့လည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်ဗျ။ မနေ့ကမှာပဲ စကခ ၁၆ ရဲ့ အရှေ့ ၂၀၀ မီတာခန့်မှာ စစ်ကူလာတဲ့ စစ်ကြောင်းကို ကျနော်တို့ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့တယ်ဗျ။ ”

ဒီရက်ပိုင်းအတွင်း မုံးကိုးဒေသမှာ ဗျူဟာကုန်း ၂ကုန်းကို သိမ်းယူခဲ့ကြောင်းနဲ့ ဒီလ ၅ရက်နေ့ကတော့ မုံးကိုးမြို့ အနောက်ဖက်မှာ ရှိတဲ့ ပန်လုံဗျူဟာကုန်းကိုလည်း သိမ်းယူခဲ့ကြောင်း ပြောပါတယ်။

“ မုံးကိုး ဗျူဟာကုန်းနဲ့ ပန်လုံဗျူဟာကုန်းက သူက တခုမဟုတ်ဘူး။ နှစ်ခုပါဗျ။ မုံးကိုး ဗျူဟာကုန်းကို ကျနော်တို့ ဒီနေ့ နေ့လည်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပန်လုံကိုတော့ ကျနော်တို့ ဒီ ၅ရက် နေ့တည်းက သိမ်းပိုက်နိုင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ပန်လုံဆိုတာက မုံးကိုးရဲ့ အနောက်ဘက် တောင်ကုန်းပေါ်မှာ တပ်ထိုင်ထားတာဖြစ်တယ်။ ”

ပန်လုံဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီ တပ်မ ၉၉က တပ်မမှုး ဗိုလ်မှုးကြီး အောင်ကျော်လွင် ကျဆုံးခဲ့ ကြောင်း လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီလ ၄ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းပြီး ပန်လုံပင်မ ဗျူဟာကုန်း ရဲ့ ကာကင်း စခန်း ၂ ခုကို စတင်တိုက်ခိုက်ခဲ့တာပါ။ ၅ ရက်နေ့မှာတော့ ကာကင်းစခန်း ၂ ခုနဲ့ ပင်မ ဗျူဟာကုန်းကိုပါ သိမ်းယူခဲ့ကြောင်းနဲ့ ပန်လုံဗျူဟာကုန်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် (AA) က အဓိက ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ တပ်မ ၉၉ က တပ်မမှုး ကျဆုံးတဲ့သတင်းကိုတော့ VOA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

TNLA ကတော့ ဒီနေ့ မနက် ၆နာရီလောက်မှာ နမ့်ခမ်းမြို့ မြို့လယ်ဘုရားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူစစ်တွေရဲ့ စခန်းကို သိမ်းယူခဲ့ကြောင်းနဲ့ ပစ္စတို တလက် အပါအဝင် လက်နက်မျိူးစုံ ၂၈ လက်နဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

TNLA က ဒီနေ့ ထုတ်ပြန်တဲ့သတင်းမှာ သူတို့ တပ်ဖွဲ့ဝင်တွေ မန်တုံမြို့ ရဲစခန်းရှေ့မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ကို ထုတ်ပြန်ထားပေမဲ့ မြို့ကို သိမ်းယူခြင်းရှိ ၊ မရှိကို ရှင်းရှင်း လင်းလင်း ဖေါ်ပြမထားပါဘူး။ ပလောင် ဒေသခံတဦးကတော့ မန်တုံမြို့ကို သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။

“ သူတို့က မန်တုံကို အကုန်လုံးသိမ်းပြီးတော့ နမ္မတူမှာ သွား စုကြတယ်။ နမ္မတူကိုလေ နမ္မတူနဲ့ နီးတာကိုး။ သိမ်းတယ်၊ သိမ်းတယ်လို့ကြားတယ်၊ သိမ်းတယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ဖို့ မန်တုံဒေသခံအချို့ကို ဖုန်းခေါ်ဆိုခဲ့သလို TNLA ပြန်ကြားရေး တာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလ ၆ရက်နေ့ကတော့ နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်မှာ TNLA နဲ့ MDY PDF ပူးပေါင်းပြီး စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာရှိပေမဲ့ နောက်ဆုံးအခြေအနေတွေကို သတင်း ထုတ်ပြန်တာ တော့ မတွေ့ရပါဘူး။

အောက်တိုဘာလ ၂၇ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့က နေရပ်ပြန် ခရီးသည် ၄၀၀ ကျော်ဟာ ပါစင်ကျော်ရွာ အနီးမှာ MNDAA က ဖြတ်သန်းခွင့် မပေးတာ ကြောင့် လမ်းခရီးမှာ သောင်တင်နေကြပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ဒေသတွင်း ဖြစ်ပွားတဲ့စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ပြည်သူ ၁၂၀၀၀ ကျော်အတွက် နယ်စပ်မျဉ်း ၁၂၅ မှာ စစ်ရှောင်စခန်းဖွင့်လှစ်ထား ကြောင်း သတင်းထုတ်ပြန် ပါတယ်။ ဒီလ ၆ရက်နေ့မှာတော့ ၁၃၄၀၀ အထိ ရှိလာနေပြီး အခြေခံ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လည်း ဖော်ပြထားပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရက်သတ္တပတ်ကြာ တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၃၀၀၀ ကျော်ရှိပြီး အရင်က ရှိနှင့်ပြီး စစ်ရှောင် တွေနဲ့ပါဆိုရင် အခုအခါ ဒုက္ခသည် စုစုပေါင်း ၃၇၄၀၀ ရှိကြောင်း ကြာသပတေးနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG