သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကအကြောင်းရင်းက ဘာလဲ


ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာပြီး သိမ်းဆည်းရခဲ့တဲ့ လက်နက်တွေကို ပြသထားစဥ်။ (Kokang fb)
ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ကြေညာပြီး သိမ်းဆည်းရခဲ့တဲ့ လက်နက်တွေကို ပြသထားစဥ်။ (Kokang fb)

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ စခန်းတွေ တိုက်ယူသိမ်းပိုက်လာနေတဲ့ ညီနောင် (၃) ဖွဲ့ရဲ့ တိုက်ပွဲဟာ နွေဦးတော်လှန်ရေးနဲ့ပေါင်းစပ်မှသာ အရှိန်အဟုန်နဲ့ ပိုမိုအားကောင်းပြီး ရေရှည်မှာ နယ်မြေတွေကို အခိုင်အမာသိမ်းပိုက်ထိန်းချုပ်နိုင်မယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ဗွီအိုအေကိုပြောပါတယ်။ တိုင်းရင်းသား ညီနောင်မဟာမိတ် (၃) ဖွဲ့ကနေ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စစ်ကောင်စီကို ဘာကြောင့် စတင်စစ်ကြေညာခဲ့သလဲ။ အဲဒီရဲ့နောက်ကွယ်မှာ အဓိကဘယ်သူရှိနေလဲ။

မအင်ကြင်းနိုင်က ဦးသန်းစိုးနိုင်ကို Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ပွဲတွေတိုက်နေတဲ့အချိန်ကို သုံးသပ်တာက သူတို့အဓိက စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းကို သုံးသပ်ချက်အမျိုးမျိုးတွေ ထွက်နေတဲ့နေရာမှာ အထူးသဖြင့် တရုတ်က နောက်ကွယ်က ရှိနေတယ်။ Online ရာဇဝတ်လုပ်ငန်းတွေ၊ လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်က အကြီးအကျယ် နှိမ်နင်းချင်တဲ့နေရာမှာ မြန်မာစစ်ကောင်စီဘက်က ပါသင့်သလောက်မပါဘူး။ ဒီလိုမျိုး အဲဒီအချိန်မှာ တရုတ်ဘက်က စဉ်းစားတာက ဒါတွေကို နှိမ်နင်းဖို့ဆိုရင် အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုလို ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့က စပြီးတော့ စစ်ကြေညာပြီးတော့ တိုက်ခိုက်ရတဲ့အကြောင်းရင်း နောက်ကွယ်မှာ တရုတ်ပါဝင်ပတ်သက်မှု ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်အပေါ် ဆရာ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ တရုတ်က မီးစိမ်းပြလိုက်လို့ ဒီကိစ္စတွေ ဖြစ်လာတယ်။ နောက် တရုတ်ရဲ့စိတ်ဆန္ဒက Online Game တွေနဲ့ ပတ်သက်ပြီးတော့ တရုတ်က မြန်မာအစိုးရကို အားရကျေနပ်မှုမရှိတဲ့အတွက် အဲဒီဒေသကို ညီနောင်သုံးဦးအပေါ် မီးစိမ်းပြလိုက်တာ ဖြစ်တယ်ဆိုတဲ့အချက်ကို တော်တော်များများက ထင်နေသလို တရုတ်ကလမ်းဖွင့်ပေးလိုက်တာလို့ တရုတ်က မယူဆပါဘူး။ အဲဒီလို မယူဆတဲ့နေရာမှာ အကြောင်းအချက်တချို့ကို ကျနော် ပြောချင်ပါတယ်။ အမှန် အစိုးရက တရုတ်ကြားခံ Online, ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီးတော့ ရှီကျင့်ဖျင်က တော်တော်လေးကို နိုင်ငံတကာက တရုတ်က နာမည်ပျက်ပြီးတော့ တရုတ်ပြည်သူတွေအတွက်လည်း အများကြီးနစ်နာတယ်ဆိုတာကိုသိတဲ့အတွက် အဲဒါတွေကို အရေးယူပေးဖို့ ကြိုးပမ်းပါတယ်။ အဲဒီလို ကြိုးပမ်းတဲ့အခါမှာ ဗမာအစိုးရဘက်က တရုတ်နဲ့ ဆက်ဆံရေး အရေးကြီးတဲ့အတွက် အကုန်လိုက်လျောခဲ့တယ်။ ဗမာပြည်ကနေ မူဆယ်ကနေပြီးတော့ ဖမ်းဆီးပေးပို့တဲ့ တရုတ်ပြည်ကလာနေတဲ့ လုပ်သားပေါင်း ၂,၆၀၀ ကျော် ရှိတယ်။ ဝ၊ မိုင်းလားတို့ကလည်း သူ့ဒေသမှာ ရှိနေတဲ့ လူတွေကို ဖမ်းပေးတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီက ဘာမှမပြောခဲ့ဘူး။ အခု ကိုးကန့်က စီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုရင်လည်း ကြက်ကလေးငှက်ကလေး ဖမ်းသလို ဖမ်းသွားခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ကန့်ကွက်တာလည်း မလုပ်ဘူး။ တားဆီးတာလည်း မလုပ်ဘူး။ သူဖမ်းပေးရမယ့်လူတွေကိုလည်း သူ ဖမ်းပေးခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို ဗမာအစိုးရရဲ့ ကိုင်တွယ်ပုံ မလုံလောက်လို့ ဒီစစ်ဆင်ရေးကြီး ပေါ်လာတယ်ဆိုတာက တော်တော်အကြောင်းအကျိုးမဲ့တဲ့ ကိစ္စလို့ ကျနော်က ယူဆပါတယ်။

မေး ။ ။ အဲဒီတော့ ညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ရတဲ့ တကယ့်နောက်ကွယ်ကအကြောင်းရင်းက ဆရာ ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ ဒီစစ်ပွဲ ဘာကြောင့်ဖြစ်သလဲ။ ဒီစစ်ပွဲရဲ့ အဓိကလမ်းညွှန်ဆရာကြီးက ဘယ်သူဖြစ်မလဲဆိုရင် သူတို့ရဲ့ အကြောင်းပြချက် (၇) ချက်ထဲမှာ Online လောင်းကစားကိစ္စလည်း ထိန်းသိမ်းဖို့ဆိုတာ ပါပါတယ်။ သို့သော် အဲဒီလို Online လောင်းကစားတွေ ထိန်းသိမ်းဖို့ဆိုတာ အချက်အလက် (၇) ချက်ထဲက အချက်ကလေးတခုပါ။ အဲဒါက ဘာလဲဆိုတော့ တရုတ်ပြည်သူအစိုးရရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီတဲ့ လုပ်ငန်းစဉ်တရပ်ကို သူတို့ ဆောင်ရွက်နေပါတယ်ဆိုတာ ဖော်ပြဖို့ သူတို့ ထည့်သွင်းထားတာ ဖြစ်တယ်။ အဲဒီတော့ တရုတ်ကဦးဆောင်ပြီးတော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအတွက် ဒီညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပေးခဲ့တဲ့ အကြိမ်တွေ မနည်းပါဘူး။ အဲဒီမှာလည်း ပါဝင်ရတာပါပဲ။ ဒါပေမဲ့ ဘာမှထိရောက်တဲ့၊ အကျိုးရှိတဲ့ ဆုံးဖြတ်ချက် မချနိုင်ပါဘူး။ ဒီစစ်ရေးမတိုင်ခင်ကာလအတွင်းမှာပဲ တအာင်းအဖွဲ့ TNLA ကြီးထွားလာမှာကို စိုးရိမ်တဲ့အတွက် TNLA ဒေသတွေကို ဗုံးကြဲ၊ စစ်ဆင်ရေးတွေလုပ်စတဲ့ အကြမ်းဖက်လုပ်ငန်းပေါင်း များစွာကို စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရရဲ့ တိုက်တွန်းချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဆိုရင် တက်ခဲ့ကြတယ်။ ပြောချင်တဲ့အဓိပ္ပါယ်က တရုတ်အစိုးရလိုလားတဲ့၊ ဖြစ်စေချင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်စစ်ကောင်စီနဲ့ လုပ်လို့ မရဘူးဆိုတာကို သူတို့က သက်သေပြခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ရေးစီမံကိန်း ပေါ်လာရတဲ့ အဓိကဗိသုကာက ဘယ်သူဖြစ်မလဲလို့ ကျနော်ကို မေးလို့ရှိရင် ကျနော်က ဒါတွေဟာ KIA ရဲ့ အစီအစဉ်တွေ၊ KIA ရဲ့ ညှိနှိုင်းဆုံးဖြတ်မှုတွေဟာ အဓိကဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

KIA က ဘာကြောင့် ပါဝင်ပတ်သက်ခဲ့ရတာလဲ ဆိုတော့ KIA လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ KIA ဒေသကို စစ်ရေးအရ အကြမ်းဖက်နှိပ်ကွပ်မှုတွေက အလွန်ပြင်းထန်ခဲ့ပါတယ်။ ဘယ်တုန်းကမှ KIA ကို ထိုးစစ်မရပ်ဆိုင်းခဲ့ပါဘူး။ အထူးသဖြင့် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာ KIA ဒေသဟာ အပြင်းထန်ဆုံး အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်ခံရတဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ ဒီစစ်ဆင်ရေး မတိုင်မီကာလလေးမှာပင် KIA လိုင်ဇာမှာရှိနေတဲ့ စခန်းကို တိုက်ခိုက်ခဲ့တဲ့ကိစ္စ။ နောက်ပြီးတော့ ဖားကန့်မှာ ပြည်သူထဲကို ဗုံးကြဲသတ်ဖြတ်တာမျိုး။ KIA က တော်တော်ပြင်းပြင်းထန်ထန် အဖိနှိပ်ခံနေရတယ်။ အခု နောက်ဆုံးအခြေအနေမှာဆို စစ်ကောင်စီတပ်တွေဟာ လိုင်ဇာသိမ်းပိုက်ရေးကို အဓိက ဦးတည်ပြီးတော့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီကြိုးပမ်းမှုကို အလွန်ပြင်းထန်ရက်စက်တဲ့ နည်းတွေနဲ့ လုပ်လာခဲ့တာ ခြောက်လနီးပါးလောက် ကြာနေခဲ့ပါပြီ။ ဘာနဲ့လုပ်လဲဆိုရင် ဒီအဖွဲ့သုံးဖွဲ့ အားကြီးလာတာ သူတို့ကို ပြန်ပြီးတိုက်ခိုက်လာနိုင်တာ KIA က သင်တန်းတွေ ပို့ချလို့၊ KIA ကနေ လက်နက်တပ်ဆင်ပေးလို့၊ KIA ကနေ လေ့ကျင့်တည်ဆောက်ပေးလို့ဆိုတဲ့ အမြင်နဲ့ ဒီသုံးဖွဲ့ကို နှိမ်နင်းချင်တယ်ဆိိုရင် KIA ရဲ့ လိုင်ဇာကို အပိုင်သိမ်းနိုင်မှ ဖြစ်မယ်။ ကျနော်တို့ မြောက်ပိုင်အင်အားစုတွေရဲ့ စစ်ရေးအခြေခံဒေသဟာ လိုင်ဇာ ဖြစ်တယ်။ လိုင်ဇာမှာပဲ ဒီအင်အားစုတွေ စုစည်းနေကြတာ ဖြစ်တယ်ဆိုတဲ့ လိုင်ဇာကို အပြတ်အသတ် သိမ်းပိုက်ဖို့အတွက် ရှိသမျှ အင်အားကိုသုံးပြီးတော့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီလို လုပ်လာတဲ့အခါမှာ KIA အနေနဲ့ ဒီညီနောင်သုံးဖော်နဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီရဲ့ ထိုးစစ်ကို တုံ့ပြန်ရေးအတွက် မဟာဗျူဟာအစီအစဉ်တွေ ချမှတ်ဆောင်ရွက်တာတွေ ရှိပါတယ်။

အဲဒီတော့ ဒီမဟာဗျူဟာ အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်တဲ့နေရာမှာ အဓိကအားဖြင့် ညီနောင်သုံးဖွဲ့ထဲက ညီနောင်နှစ်ဖွဲ့ကို အဓိကထားပြီးတော့ လုပ်ပါတယ်။ TNLA နဲ့ ကိုးကန့်အဖွဲ့ဟာ ဒီစီမံကိန်းမှာ အဓိကအင်အား ဖြစ်ပါတယ်။ သူတို့အင်အားကလည်း ဒီကာလအတွင်းမှာ တိုးပွားလာတယ်။ တအာင်းအဖွဲ့ဆိုရင် အင်အားတစ်သောင်းနီးပါးလောက်ထိ ရှိလာတယ်။ ကိုးကန့်အဖွဲ့ဆိုရင်လည်း အင်အားရှစ်ထောင်လောက်ထိ ရှိလာတယ်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြတယ်။ ရခိုင် AA က KIA ဒေသမှာရှိနေတဲ့ သူ့အင်အား တစိတ်တပိုင်းလောက်ပဲ ပါဝင်မယ်လို့ ကျနော်က ယူဆပါတယ်။ အဲဒီအင်အားနှစ်ခုကို အခြေပြုပြီးတော့ စဉ်းစားမယ်ဆိုရင် အဲဒီအင်အားနှစ်ခုကလည်း ဒီအချိန်မှာ ဘာဖြစ်လို့ ဒီစီမံကိန်းထဲမှာ ပါဝင်ဆောင်ရွက်ရသလဲဆိုတော့ MNDAA ကဆိုရင် အခုဆိုရင် တပ်မဟာလေးခုလောက် ရှိသွားပြီ။ အဲဒီလို တပ်မဟာလေးခုလောက် တည်ဆောက်နိုင်တဲ့ အခြေအနေမှာ သူတို့က ကိုးကန့်ကို ပြန်ပြီးတော့သိမ်းပိုက်လို့ ရနိုင်တဲ့အနေအထား ရှိတယ်လို့ သူတို့ ယူဆတယ်။ အခု ဒီတိုက်ပွဲတွေရဲ့ ဒုတိယလမ်းကြောင်းကတော့ TNLA ဒေသပါပဲ။ တအာင်းဒေသကလည်း တကယ်ကျတော့ မူဆယ်၊ နမ့်ခမ်းနဲ့ မန္တလေးလမ်းကြောင်းတလျှောက်မှာ ရှိနေတဲ့ တောင်တန်းတွေပေါ် တကယ်တမ်းရှိနေတာ တအာင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တအာင်းတွေက အခုမှ အင်အားစုစည်းပြီးတော့ စစ်ရေးအတွေ့အကြုံလည်း အတော်ရရှိလာတာကတော့ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို တိုက်ရင်းနဲ့ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းတိုက်တဲ့အခါမှာ သူတို့ရဲ့ စစ်ရည်စစ်သွေးကိုလည်း သိလာတဲ့အခါကျတော့ သူတို့ကို အဓိက အဲဒီလမ်းကြောင်းကို စိုးမိုးဖို့နဲ့ ကိုးကန့်ကို ပြန်သိမ်းပိုက်လိုက်ချင်တဲ့ MNDAA ကို သူက လမ်းကြောင်းတကြောင်း ဦးတည်ချက်ပေးခဲ့တယ်။ ချင်းရွှေဟော်နဲ့ လားရှိုး။ အဲဒီလမ်းကြောင်းနှစ်ကြောင်းကို ပေါင်းစပ်ပေးဖို့အတွက် မဟာဗျူဟာစီမံကိန်းကြီး ချခဲ့တာ ဖြစ်တယ်လို့ ကျနော်က ယူဆပါတယ်။

မေး ။ ။ အဲဒီတော့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အဲဒီမှာရှိနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေကကော ပါဝင်ပတ်သက်တာ မရှိဘူးလား။ သူတို့အပေါ်ကော ဘယ်လိုအကျိုးသက်ရောက်သလဲရှင့်။

ဖြေ ။ ။ ရှမ်းပြည်နယ်မှာ အဓိကလက်နက်ကိုင်အင်အားစုက နှစ်ခုပဲ ရှိပါတယ်။ တခုက RCSS ကတော့ ကျနော်တို့ NCA စာချုပ်လက်မှတ်ထိုးပွဲမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ နောက်တခုက SSPP ပါ။ သူတို့နှစ်ဖွဲ့က အဲဒီစစ်ရေး စီမံကိန်းမတိုင်ခင် တပတ်လောက်အတွင်းမှာပဲ သူတို့ကလည်း အပြင်းအထန် ထိုးနှက်တိုက်ခိုက်နေကြတာ။ စစ်ကောင်စီနဲ့ မဟုတ်ပါဘူး။ စစ်ကောင်စီက RCSS ကို အားပေးတယ်။ ဒါပေမဲ့ UWSA က SSPP ရှမ်းပြည်တိုးတက်ရေးပါတီကို အားပေးတယ်။ အဲဒီအင်အားစုနှစ်ရပ်ရဲ့ တိုက်ပွဲဟာ ဘယ်မှာဖြစ်နေသလဲဆိုတော့ သီပေါမြို့ရဲ့ အောက်ဘက်မှာ ရှိနေတယ်။ အရင်တုန်းက ဗကပ ကြီးစိုးခဲ့တဲ့ နောင်ဝိုးရွာဘက်က RCSS တပ်မဟာတခုလုံးကို SSPP ကနေ ချေမှုန်းအနိုင်ယူပြီးတော့ တောင်ကြီး၊ ကျိုင်းတုံကားလမ်းဘက်ကို ပြန်ပြီးမောင်းထုတ်တဲ့ လှုပ်ရှားမှု။ ရှမ်းအချင်းချင်း တိုက်ပြီးတော့ ခြေကုန်လက်ပမ်းကျနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကောင်းစွာ မပါဝင်နိုင်တာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီနေရာမှာ ဘာလဲဆိုတော့ အခု ညီနောင်သုံးဖွဲ့စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက သူက အရင်စစ်ဆင်ရေးတွေ၊ ညီနောင်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်နေကျအနေအထားနဲ့ ဒီတကြိမ် သူတို့မဟာဗျူဟာမြောက်တိုက်တဲ့အခါမှာ တကယ်ပဲ နယ်မြေတွေကို ခိုင်ခိုင်မာမာ သိမ်းပိုက်လာနိုင်တဲ့ အနေအထား ရှိမလား။ ဒါမှမဟုတ်ဘဲ စစ်ကောင်စီဘက်မှာလည်း တကယ်တမ်းကျတော့ လက်နက်တွေက အခိုင်အမာ ရှိထားတော့ ဥပမာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရတာမျိုး၊ ဒုံးကျည်းနဲ့ ပစ်တာမျိုး။ ဒီလို စစ်ကောင်စီဘက်မှာလည်း လက်နက်အင်အားကလည်း အပြည့်အစုံ ရှိနေတဲ့အခါကျတော့ တကယ့်ညီနောင်သုံးဖွဲ့ ပြောနေသလို နယ်မြေသိမ်းပိုက်ပွဲအထိ ရောက်လာနိုင်မလား။ နောက် ဒီတိုက်ပွဲစစ်ပွဲရဲ့ အချိန်က ဘယ်လောက်အထိ ကြာသွားနိုင်မလဲရှင့်။

ဖြေ ။ ။ အဲဒီဟာနဲ့ ပတ်သက်တဲ့ မဟာဗျူဟာအမြင်ကတော့ KIA ကနေပြီးတော့ စတင်ပြီးတော့ ဦးဆောင်ဖန်တီးခဲ့တာ ဖြစ်နိုင်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့ညီနောင်သုံးဖွဲ့က NUG နဲ့ အနောက်ဥရောပကို အမေရိကန်က EU တို့ကို အားကိုးနေတဲ့ အင်အားစုတွေနဲ့ တိုက်ရိုက်ပေါင်းစပ်ချင်တဲ့သဘော သိပ်မရှိပါဘူး။ ဒါပေမဲ့ အဲဒီသဘောထား ရှိတာက KIA ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ KIA က ဦးဆောင်လမ်းညွှန်မှု ပေးလို့ရှိရင် အဲဒီအင်အားစုတွေကလည်း လိုက်နာမယ့်သဘော ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးတော့ ဆက်လက်တိုက်ပွဲဝင်မှ သူတို့ရေရှည်ရပ်တည်နိုင်မယ်။

XS
SM
MD
LG