သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ တပ်စခန်းတွေ ဆက်လက်တိုက်ခိုက်ခံရ


ကိုးကန့်သတင်းမီဒီယာ The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် နိုဝင်ဘာ ၂ရက် စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ ဟုန်နီထန်တပ်စခန်းကိုသိမ်းယူခဲ့သည့် ဓါတ်ပုံ
ကိုးကန့်သတင်းမီဒီယာ The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် နိုဝင်ဘာ ၂ရက် စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ ဟုန်နီထန်တပ်စခန်းကိုသိမ်းယူခဲ့သည့် ဓါတ်ပုံ

အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ ဒီနေ့ ထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ မိုးမိတ်၊ မန်တုံနဲ့ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီစခန်း ၄ကို TNLA က သိမ်းယူလိုက်ကြောင်း TNLA ကသတင်းထုတ်ပြန်ပါတယ်။ နမ့်ခမ်းမြို့တွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေသလို မန်ဝိန်းကြိုးတံတားဘက်ကိုတော့ စစ်ကောင်စီ ဘက်က လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာ မုံးကိုးဒေသဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲပါ။ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၈ ရက်မြောက်နေ့ အခြေအနေတွေကို ကိုရန်နိုင်က တင်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေး ၈ ရက်မြောက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေသလို မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းတွေကို ထပ်မံသိမ်းယူနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကပါ အပြင်းအထန် တိုက်ခိုက်နေတာပါ။ ဒီနေ့ တိုက်ပွဲအခြေအနေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“ ဒီနေ့ မနက်မှာတော့ မိုးမိတ်မြို့နယ်မှာရှိတဲ့ ခုံခါ စခန်းတခု ကျနော်တို့ ထပ်မံ သိမ်းဆည်းရမိ တာရှိတယ်။ နောက်မန်တုံ ပြည်သူ့စစ်စခန်းတခုနဲ့ ရဲစခန်းတခုပေါ့။ တနေရာကတော့ နမ့်ခမ်းဘက် ရွှေလီကြိုးတံတားပေါ့။ မန်ဝိန်းကြီး တံတားလို့ ခေါ်ကြတယ်ပေါ့။ အဲဒီမှာ တပ်စခန်းတခုပြန်ရတယ်။ နမ့်ခမ်းဘက်မှာတော့ မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပြီးတော့ ဒီ မြို့တွင်းမှာလည်း တိုက်ပွဲပြန်ဖြစ်တယ်။ ဒီ လေယာဉ်တွေနဲ့တော့ မန်ဝိန်းကြီး ကြိုးတံတားဘက်မှာတော့ ၄- ၅ကြိမ်လောက် လာပစ်တယ်။ အခုနောက်ပိုင်းတော့ ဆက်သွယ်မှုတော့ မရတော့ဘူး။ နောက်ဆုံးအခြေအနေလည်း မသိရသေးဘူး။ အဲဒီဘက်က။ ”

ကြာသပတေးနေ့ နေ့လည်ပိုင်းက မန်ဝိန်းကြီး ကြိုးတံတားက ရဲစခန်းကို သိမ်းယူခဲ့ပြီး ဒီမနက်မှာ စစ်တပ်စခန်းကို သိမ်းယူခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ ကြာသပတေးနေ့မှာ နောင်ချိုမြို့နယ် ညောင်ပင်ရွာ နဲ့ အုမ္မခါးရွာအကြား စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ MDY PDF ပူးပေါင်းတပ်တွေက မနက် ၆နာရီမှာ သွားရောက်တိုက်ခိုက်ပြီး ညနေ ၃နာရီထိတိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ နောင်ချိုဘက်က ဆက်သွယ်လို့ မရတာကြောင့် တိုက်ပွဲအခြေအနေ မသိရသေးကြောင်း TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာ အချို့မှာတော့ MNDAA တပ်တွေဟာ မုံးကိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ကို ဒီလ ၃ရက်နေ့ မနက် ၅နာရီက စတင် ထိုးစစ်ဆင်နေကြောင်းဖော်ပြပါတယ်။ MNDAA က ကြူကုတ်(ပန်ဆိုင်း) ကို သိမ်းယူပြီး ပြန်လည်ထွက်ခွာသွားချိန်မှာ မုံးကိုးက စစ်ကောင်စီတပ်တွေက ၂ရက်နေ့ ညနေမှာ ပြန်လည်သိမ်းပိုက် လိုက်ကြောင်းနဲ့ မုံးကိုးက တပ်တွေ ကြူကုတ်ဘက် ရောက်နေချိန်မှာ MNDAA မုံးကိုးကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ကြောင်း ဖော်ပြကြပါတယ်။

မုံးကိုးဒေသက တိုက်ပွဲအခြေအနေတွေကို မေးမြန်းနိုင်ဖို့ MNDAA ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ နမ့်ခမ်း၊ မုံးကိုးနဲ့ ကြူကုတ်ဒေသဘက်တွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေကိုလည်း ဆက်သွယ်လို့ မရဖြစ်နေတာပါ။ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး သတင်းစာမျက်နှာမှာတော့ စစ်ဆင်ရေး ၇ရက်မြောက်နေ့ အထိ စခန်း ၉၂ခု သိမ်းယူရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မနေ့တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း လက်တုံ့ပြန် တိုက်ခိုက်မယ့်အကြောင်း ပြောဆိုသွားခဲ့တာပါ။

ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့နယ် လမုန်းဇွပ်ကျေးရွာအနီးမှာ ဒီနေ့ နေ့ခင်းက စစ်ကောင်စီယာဉ်တန်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ဝိုင်းမော်မြို့နယ် ဆဒုံးစုပေါင်းဂိတ်ကို လည်း တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားတဲ့သတင်း မရရှိသေးကြောင်း ဒါပေမဲ့ ပြောပါတယ်။ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့ကတော့ ကျနော် အခုထက်ထိကတော့ သတင်းစုံစမ်းတာ မရသေးဘူး။ မရှိဘူးပြောတာတော့ မဟုတ်ဘူး။ အတည်ပြုပြောနိုင်တဲ့သတင်းတွေ မရသေးဘူးဖြစ်နေတာ။ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင်ကတော့ ငြိမ်ပါတယ်။ လေကြောင်းတွေ လာပစ်တာတွေ မရှိဘူး။ လက်နက်ကြီးနဲ့ လာပစ်တာတော့ မရှိဘူး ဒီနေ့ကတော့။ ဒါပေမဲ့ ကျနော်တို့ကတော့ စစ်ရေးအခြေအနေက တင်းမာနေတဲ့အတွက် သတိအနေအထားနဲ့တော့ နေပါတယ်။”

အောက်တိုဘာလ ၃၁ရက်နေ့က မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ကန်ဒေါင်ယန်တပ်စခန်းကို KIA က သိမ်းယူလိုက်တဲ့နောက် အောက်တိုဘာ၃၁ရက်နေ့နဲ့ နိုဝင်ဘာ ၁ရက်နေ့ ၂ရက်ဆက်ပြီး စစ်ကောင်စီဘက်ကKIA ဌာနချုပ် လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသမှာ တိုက်ပွဲပြင်းထန်ပြီး ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာပဲ စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ဝန်းသို၊ ကလေး၊ တမူးနဲ့ ဂန်ဂေါမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါး နေပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG