သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ကရင်နီဒေသခံတပ်တွေကြား တိုက်ပွဲဖြစ်ပွား 


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) Facebook စာမျက်နှာတွင်ထုတ်ပြန်ထားသည့် တိုက်ပွဲသတင်းဓါတ်ပုံတခု
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) Facebook စာမျက်နှာတွင်ထုတ်ပြန်ထားသည့် တိုက်ပွဲသတင်းဓါတ်ပုံတခု

ကယားဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မြောက်ပိုင်း ငွေတောင်ရွာသစ်တဝိုက်မှာ နိုဝင်ဘာ ၆ ရက် မနေ့ကအထိ ၇ ရက်ဆက်တိုက် ကရင်နီပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက ပြည်နယ်တွင်းက လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်ထိန်းချုပ် နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြသွားမှာပါ။

ဖရူဆိုမြို့နယ်မြောက်ပိုင်း ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းကြားက ငွေတောင်ရွာသစ် တဝိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ စတင်ပြီး နိုဝင်ဘာလ ၆ ရက် မနေ့ကအထိ ၇ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဒီငွေတောင်ရွာသစ်မှာ စစ်ကောင်စီတပ်တွေ လွိုင်ကော်ကနေ ဖရူဆိုအထိကို ယာဉ်တန်းတွေ ဖြတ်တယ်ပေါ့နော်။ ယာဉ်ဖြတ်တော့ အဲ့ဒီငွေတောင်ရွာသစ်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်ပေါ့နော်။ အောက်တိုဘာလ ၃၁ လောက်ကနေ စပြီးတော့ စစ်ကောင်စီက ဒီယာဉ်တန်းဖြတ်နိုင်ဖို့ သူတို့ ပြည်ထောင်စု လမ်းမကို လုံခြုံရေးစပြီးတော့ ယူတယ်။ ယူလာရာကနေ စစ်ကြောင်းထိုးပြီးတော့မှ ဆိုတော့ အဲ့မှာ ထိတွေ့တိုက်ပွဲစဖြစ်တယ်။ ၃၁ ကနေ ဒီနေ့ အချိန်ထိ ဖြစ်နေတယ်ဟုတ်။”

လွိုင်ကော်မြို့နယ်ကနေ ဖရူဆိုမြို့နယ်မြောက်ပိုင်းဖက်ကို စစ်ယာဉ်တန်း ၄၀ ဝန်းကျင်လောက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ပါဝင်တဲ့ ကရင်နီပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီရက်ရှည်တိုက်ပွဲအတွင်းမှာ နေအိမ်အပျက်အစီး ဘယ်လောက်ရှိတယ် ဆိုတာနဲ့ ထိခိုက်သေဆုံးမှု ရှိမရှိတော့ KNDF က အသေးစိတ် ထုတ် မပြောပါဘူး။ စစ်ရှောင် ဒေသခံတဦးကတော့ စစ်ကောင်စီဘက်က နေ့စဉ်ဆိုသလို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ဦးတည်ရာမရှိ ပစ်ခတ်နေတာ ဖြစ်ပြီး တိုက်ပွဲက ခုထိ မပြီးသေးဘူးလို့ ပြောပါတယ်။

“ရက်တိုင်းထုတယ်။ ဒါပေမယ့် အချိန်တော့ ပြောလို့မရဘူး၊ တစ်ခါကျရင် ညသန်းခေါင်းမှာ ထုလာတယ်။ သူ့အချိန်ကျနော်တို့ ခန့်မှန်းလို့မရဘူး၊ သူထုချင်တဲ့ အချိန်သူ ထုနေတယ်၊ အဲ့လိုပုံစံဖြစ်နေတယ်။ လောလောဆယ်တော့ အထိအခိုက်တော့ မကြားမိသေးဘူူး။ ဒါပေမယ့် ဒီမှာ တိုက်ပွဲဖြစ်တော့ သူတို့က ရွာထဲဖြစ်နေတယ်ဆိုတော့ နည်းနည်းတော့ အထိအခိုက်တော့ ရှိနိုင်တယ်ပေါ့နော်။ ဒါပေမယ့် အခုထိတော့ သတင်းတော့ မကြားမိသေးဘူးပေါ့။”

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) Facebook စာမျက်နှာတွင်ထုတ်ပြန်ထားသည့် တိုက်ပွဲသတင်းဓါတ်ပုံတခု
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) Facebook စာမျက်နှာတွင်ထုတ်ပြန်ထားသည့် တိုက်ပွဲသတင်းဓါတ်ပုံတခု

ကရင်နီဒေသအတွင်း ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေတဲ့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ တည်ထောင် ကိုဗညားကလည်း တိုက်ပွဲဖြစ်နေတာ သိပေမယ့် မြေပြင်သတင်းအချက်အလက်တွေတော့ ခုထိမသိရသေးဘူးလို့ ပြောပါတယ်။

“တိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။ လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်နေကြတာပေါ့နော်။ ကျနော်ထင်တာက ဖြစ်နိုင်ချေများဆုံးရှိတာက ထီးပေါဆိုကနေ ဖရူဆိုနဲ့ ဒီမော့ဆိုအစပ်လေးမှာ ဖြစ်တာပေ့ါနော်။ အဓိက ကားလမ်းတွေကို တိုက်ခိုက်တာလို့ပဲ အကြမ်းမျဉ်းပဲ ကျနော်အဲ့လောက်ပဲ သိထားတာရှိပါတယ်။”

စစ်ကောင်စီတပ်တွေဟာ လက်နက်အင်အား လူအင်အားအမြောက်အများ အသုံးပြုပြီး ပြည်ထောင်စု လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီ တပ်တွေကို ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းယူပြီး ၃နှစ်ထဲ ဝင်လာတဲ့ လက်ရှိအချိန် ကရင်နီဒေသထဲမှာ မြို့ပေါ်ရပ်ကွက် နေရာလောက်သာ စစ်ကောင်စီက တပ်စခန်းချပြီး ထိန်းချုပ်နိုင်တာပါ။

KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူက တော့ ကယားပြည်နယ်မှာ ပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေ စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ဗွီအိုအေကို ပြော ပါတယ်။

“ကျနော်တို့ မယ်စဲ့မြို့ကို သိမ်းနိုင်တယ်။ နောက်ပြီးတော့ နယ်စပ်စခန်းတွေကို သိမ်းနိုင်တယ်။ ဒါကတော့ ထင်သာမြင်သာရှိတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ နောက်တခုကတော့ စစ်ကောင်စီတပ်ကတော့ ဒီမြို့ပေါ်ရပ်ကွက်တွေလောက်ပဲ သူက ထိန်းချုပ်နိုင်တယ် အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီးမော့ဆိုလည်း မြို့ပေါ်ရပ်ကွက်တွေ လောက်ပဲ။ နောက်ပြီးတော့ လွိုင်ကော်မြို့ဆိုလည်း မြို့ပေါ်ရပ်ကွက်တွေ လောက်ပဲပေါ့နော်။ ကျန်တဲ့ ကျနော်တို့ ကယားပြည်နယ်ရဲ့ နယ်မြေ ၉၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားနိုင်တဲ့ အနေအထား မျိုးဖြစ်တယ်ပေါ့နော်။”

ဒါကြောင့် စစ်ရေးအရ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အောင်မြင်မှုတခု ရနေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ကယားပြည်နယ်တွင်း စစ်ရေး အခြေနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းတစုံတရာ မထုတ်ပြန်သေးသလို ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG