သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား 


တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း AA ထုတ်ပြန်ထားသည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း AA ထုတ်ပြန်ထားသည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းက မြို့နယ်တွေ အပြင် တဆက်တည်းရှိနေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ရသေ့တောင်မြို့နယ်က ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ ပလက်ဝမြို့နယ်မှာတော့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး တာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်က သတင်းပေးပို့ထား တာကို ကိုစံကျော် တင်ပြပေးပါမယ်။

မနေ့က စတင်တိုက်ခိုက်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ဒုံးပိုက်နယ်ခြား စောင့်စခန်းနဲ့ ချိန်ခါလီနယ်ခြားစောင့် စခန်းတွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းပိုက်လိုက်တာပါ။ ချိန်ခါလီ နယ်ခြားစောင့် စခန်းကိုတော့ ဒီကနေ့ မနက်ပိုင်းမှ သိမ်းပိုက်ရရှိခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ ဒုံးပိုက်စခန်းကိုတော့ ကျနော်တို့ မနေ့က ကတည်းက သိမ်းပိုက်ရရှိခဲ့တယ်ဗျာ၊ နောက်ဆက်တွဲ တိုက်ပွဲ အနေနဲ့ ဒီနေ့ မနက်မှာ ချိန်ခါလီ နယ်ခြားစောင့် စခန်းကို ကျနော်တို့ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။”

ရခိုင်တိုက်ပွဲဟာ မနေ့က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ဗျူးဟာကုန်းတွေကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က ထိုးစစ်ဆင်နေတာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ခိုင်သုခက ပြောပါတယ်။

“ ဒီနေ့မနက် အာရုံတက်က စပြီးတော့မှ ပလက်ဝမြို့နယ် နုံးဘူး နဲ့ တရွန်အိုင် ဗျုးဟာကုန်း တွေကို ကျနော်တို့ ရက္ခိုင့်တပ်တော်ဘက်က ချေမှုန်းတိုက်ခိုက်နေတာရှိပါတယ်၊ မြန်မာစစ်တပ်ဘက်က လေကြောင်းက ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်နေ တာတွေရှိသလို ပလက်ဝ အခြေစိုက် ခလရ ၂၈၉ ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေး နေတာရှိပါတယ်။ အခုအချိန်ထိ ကတော့ တိုက်ပွဲက ဆက်လက်ပြီးတော့ ပြင်းထန်နေတုံးပဲ ရှိပါ တယ်။ ”

ပလက်ဝတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာ ဖြစ်ပြီး ပလက်ဝမြို့နယ်က တရွန်အိုင် ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ခဲ့ တဲ့အတွက် ၃ဦး သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိနေတယ်လို့ ပလက်ဝက တရွန်အိုင် ကျေးရွာ ဒေသခံတဦး ကပြောပါတယ်။

“ မနက်က လေယာဉ်နဲ့ ဗုံးလာကြဲတယ်၊ ဗုံးသီး ၄ လုံးချခဲ့တယ်၊ ကုလားတန်မြစ်ရဲ့အရှေ့ဘက် ခြမ်းကို ကျတာ၊ ရွာထဲမှာ လက်နက်ကြီး ကျတာတော့ ၃ ယောက်သေတယ်၊ တယောက်က တော့ အသက် ၅၂ နှစ်လောက်ရှိမယ် ခန့်မှန်းခြေကလေး နှစ်ယောက်မိခင်၊ နောက် ၂ ယောက်ကတော့ ဘယ်သူလဲ ဆိုတာ စုံစမ်းနေတယ်၊ ရွာမှာလည်း လူကမရှိတော့ဘူး၊ ဖုန်း ကလည်း ဆက်လို့ မရဘူး ဖြစ်နေတယ်၊ ရတဲ့သူလည်းမကိုင် ကိုင်မယ့်သူကလည်း ဖုန်းခေါ်လို့မဝင်အဲလို ဖြစ်နေတယ်။ ”

တရွန်အိုင်ကျေးရွာမှာ သေဆုံးသူ ၃ ဦးရှိတယ်လို့ ဒေသခံတွေ ပြောဆိုကြပေမဲ့ ကျေးရွာ သားတွေ အကုန်လုံး ထွက်ပြေးနေကြတာကြောင့် သေဆုံးသူတွေထဲက ဒေါ်အလှမေ တယောက်ကိုသာ သေဆုံးကြောင်း အတည်ပြုနိုင်သေးတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြို့တော်ဖြစ်တဲ့ စစ်တွေမှာ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။ ရခိုင်ပြည်နယ်မှာ မနေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်းလမ်း ရေးလမ်း အဝင်အထွက် တွေကို ပိတ်ထားသလို ဒေသခံတွေကို စစ်ဆေးဖမ်းဆီး နေတာတွေလည်း ရှိနေတယ်လို့ ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ အခု ရခိုင်ပြည်နယ်ရဲ့ လတ်တလော အခြေအနေကကျတော့ တိုက်ပွဲစတဲ့နေ့ကတည်းက ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်ဆိုတော့ ရခိုင်က ကားတွေလည်းထွက်လို့မရဘူး ရခိုင်ကို လာနေတဲ့ ကားတွေလည်း ဝင်လို့မရဘူးဆိုတဲ့ အနေအထားမှာ ရှိနေတယ်၊ တချို့ တိုက်ပွဲ မရှိတဲ့ နေရာတွေမှာတောင် သူတို့က အရပ်သားတွေကို ဖမ်းဆီးတာတွေ၊ ဆိုတော့ ဒီဘက်မှာက လမ်းခရီး စားဝတ်နေရေး လုံခြုံရေး အခြေအနေတွေက အရမ်းစိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်။”

မနေ့က ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေ အတွင်း ကျောက်တော် မြောက်ဦး မင်းပြားမြို့ နယ်တွေက အရပ်သား သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၁ဝဦး ထက်မနည်းရှိခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို ကြည်း၊ ရေ၊ လေ ပူးပေါင်းခြေမှုန်း နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ အရာရှိတွေ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ ရဲအရာရှိတွေ ဖမ်းဆီးရမိတာရှိသလို မနေ့ကတရက်တည်းအတွင်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ရဲစခန်း ၄၀ လောက်ကို စွန့်လွတ်ပြီးတော့ ထွက်ပြေး သွားကြတာ ရှိတယ်လို့လည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင် လက်နက်ကိုင် AA အနေနဲ့တော့ လက်နက်ချ အညံ့မခံသူတွေကို ဆက်လက်တိုက်ခိုက်သွား မှာဖြစ်တာကြောင့် လက်နက်ချ အလင်းဝင်ကြဖို့လည်း ပြောဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG