သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ဒေသခံတချို့ ထိခိုက်သေဆုံး


ယခင်မှတ်တမ်းရုပ်ပုံ | ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ယခင်မှတ်တမ်းရုပ်ပုံ | ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ရခိုင်မြောက်ပိုင်းမှာ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက် နက်ကိုင်AAအဖွဲ့ကြား ဒီကနေ့ မနက်ပိုင်းကစတင်တိုက်ပွဲဖြစ်ပွားနေပြီး စခန်းတချို့ သိမ်းဆည်း ရမိတာရှိသလို အရာရှိတချို့ ကိုဖမ်းဆီးထားတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ အခုအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတချို့ သေဆုံး ခိုက်ဒဏ်ရာရတာ တွေရှိသလို ဒေသခံထောင်နဲ့ချီထွက်ပြေးနေကြရတာပါ။ လက်ရှိမှာတော့ စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်လမ်းရေလမ်းတွေ အားလုံးကို ပိတ်ဆို့ထားသလို မြို့ဝင်မြို့ထွက်တွေမှာလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုအချိန်လည်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီ တပ်စခန်းတချို့ သိမ်းဆည်းရမိတာရှိသလို အရာရှိတချို့ ဖမ်းဆီးရမိတာရှိတယ်လို့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

“ ဒီမနက်မှာ ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေတာတော့ရှိပါတယ်၊ စခန်းတချို့ သိမ်းပိုက်ရရှိတာလည်းရှိပါတယ် တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြီးတော့ ဖြစ်နေတုန်းဖြစ်တယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာရှိတယ်လို့ သိရတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက် တွေကတော့ ကျနော့်ဆီကို ရောက်လာတာ မရှိသေးဘူးဗျာ။ အသေးစိတ်အချက်အလက်တွေ ရောက်လာရင်တော့ ကျနော်တို့ ထုတ်ပြန်ပေးဖို့ ရှိပါတယ်။”

သိမ်းဆည်းရမိထားတဲ့ စခန်းအရေအတွက် တိတိကျကျမသိရသေးပေမယ့် တိုက်ပွဲ စတင်ဖြစ် ပွားတဲ့နေ့မှာပဲ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ရဲစခန်း တခုလုံး လက်နက်အပြည့်အစုံနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ထံ ဒီကနေ့ နေ့လည်ပိုင်းက အလင်းဝင်ခဲ့သလို ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း ကွမ်းချောင်းကျေးရွာက ရဲစခန်းတခုလည်း လက်နက်ချ အလင်းဝင်ရောက်ခဲ့တာပါ။

ဒီကနေ့ စတင်တိုက်ပွဲ ဖြစ်ပွားတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလီနဲ့ ဒုံးပိုက်ကျေးရွာတွေမှာလည်း လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ချိန်ခါလီကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ ဦးလေးတို့ကတော့ မနက် ၅နာရီကတည်းက စခန်းတွေကနေ အပြန်အလှန်ပစ်နေကြလို့ ရွာသူရွာသားတွေ မနေရဲလို့ ထွက်ပြေးလာကြာတာ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ အကုန်လုံးမေယုတောင်ကိုဖြတ်ပြီး အကုန်လုံး၊ တိမ်းရှောင်နေကြတယ်၊ ထွက်ပြေးလာကြတာ ဦးလေးတို့ ရွာက ဆိုရင် ၇၅ဝလောက်ရှိတယ်။အခုလည်း ပစ်နေတုန်းပဲ ရသေ့တောင်က လက်နက်ကြီးပစ်လိုက် မြစ်ထဲက စစ်သင်္ဘောတွေက ပစ်လိုက်နဲ့ ကြားရတယ် အခုထိကြားနေရတာပဲ”

ဒါ့အပြင် မင်းပြားမြို့နယ်က ချင်းဖားပျော်ကျေးရွာအနီးမှာလည်း စစ်ကောင်စီနဲ့ AAအဖွဲ့ကြား အခုအချိန်ထိတိုက်ပွဲ ပြင်းထန်နေသေးသလို လက်နက်ကြီးကျည်ကျပေါက်ကွဲတာကြောင့် ဒေသခံစပါးသိမ်းနေတဲ့ လယ်သမားတဦး ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ချင်းဖားပျော်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ အခြေအနေကတော့ ပုန်းနေရတယ်၊ ရွာတွင်းမှာ ပြေးမယ့်နေရာလည်းမရှိဘူးဆိုတော့လေ စိုးရိမ်ရတာတော့ တအားပဲ၊ တရွာလုံးဒီလိုပဲ နေကြတယ်၊ အိမ်အောက်မှာ ဆင်းနေကြတာ သွားမယ့်နေရာလည်းမရှိဘူး၊ တိုက်ပွဲက ဒီနေ့မကန် ရနာရီကျော်လောက်က ဖြစ်ပြီးတော့ နေ့လည်းက ခဏရပ်သွားတယ် အခုပြန်စနေပြီ ရွာနီးနားမှာဖြစ်တာ ညီမတို့နဲ့ ဆိုရင် ချောင်းလေးပဲ ခြားတာ ရွာတွင်းကတော့ ဒဏ်ရာရတာမရှိဘူး ညီမတို့ ရွားနားကတော့ ဒဏ်ရာ တယောက်ရတယ် အခုမင်းပြားဆေးရုံးမှာ။ ”

ဒါ့အပြင် မြောက်ဦးမြို့ အဝင်လမ်းမှာ သွားနေတဲ့ သုံးဘီးဆိုင်ကယ်တစီးနဲ့ အိမ်းစီးကားတစီး ပစ်ခတ်ခံရပြီး ဒေသခံ ၂ဦး သေဆုံးပြီးတော့ ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောဆိုကြပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာလည်း ဒီကနေ့ ညနေပိုင်းက ကန်စောက်စစ်ကောင်စီလက်နက်ကြီးတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ရွာထဲကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၂ဦးသေဆုံးပြီးတော့ ၈ယောက်လောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အပေါက်ဝ ကျေးရွာ ဒေသခံတဦးကပြောပါတယ်။

“ သေတာက အခုလောလောဆယ် နှစ်ယောက်ရှိတယ် မနက်ဖြန်ဘယ်လိုရှိမလဲမသိ။ နောက် ပေါင်ပိုင်းသွားတာ လက်ဖြတ်သွားတာရှိတယ်၊ မိသားစု တခုတည်းမှာ အမျိုးသားက သေတယ်။ အမျိုးသမီးက ပေါင်ပိုင်းရမယ့် အနေအထားရှိတယ်လို့ ဆရာဝန်ပြောတယ်။ သမီးတယောက်ကတော့ လက်ပြတ်သွားတယ်၊ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ထားတယ်။”

အခုလို တိုက်ပွဲ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်လန့်နေကြရသလို စစ်ကောင်စီကဘက်က ရခိုင်ပြည်နယ်အတွင်း ကကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ထားသလို ပြည်မဘက်ကလာတဲ့ ကုန်တင်ယာဉ်တွေကိုလည်း ပိတ်ပင်ထားတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာလည်း မြို့ပေါ်ရပ်ကွက်အားလုံး ဒီကနေ့ နိုဝင်ဘာလ ၁၃ရက် နေ့ကစပြီး ည ၉နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ စစ်ကောင်စီက ထုတ်ပြန်ထားသလို စစ်တွေမြို့တွင်း တင့်ကားတချို့ သွားလာနေတာရှိတယ် လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG