သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွား 


ကရင်နီဒေသ ၁ လေးလုံး စစ်ဆင်ရေး စစ်ကောင်စီစခန်း ၈ ခု သိမ်းပိုက် (photo: KNDF)
ကရင်နီဒေသ ၁ လေးလုံး စစ်ဆင်ရေး စစ်ကောင်စီစခန်း ၈ ခု သိမ်းပိုက် (photo: KNDF)

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကြား ဆက်လက် စစ်ရေးတင်းမာနေပါတယ်။ ဒီရက်ပိုင်းအတွင်း ကရင်နီဒေသက တိုက်ပွဲတွေမှာတော့ စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး က ဗွီအိုအေကို ပြောပါတယ်။

"မနေ့ကအထိကတော့ လွိုင်ကော်နဲ့ မိုးဗြဲလမ်းမကြီးတလျှောက်လုံးကို ကျွန်တော်တို့အဖွဲ့တွေက သိမ်းယူလိုက်နိုင်တယ်။ အခုဆိုရင် မိုးဗြဲမှာဆိုရင် စစ်ကောင်စီက ၄၂၂ တပ်မှာပဲ ရှိပြီးမှ မိုးဗြဲရပ်ကွက်တွေကနေ ဆုတ်သွားပါပြီ။ နောက် လွိုင်ကော်ပတ်ချာလည်မှာပေါ့နော် ကင်းတွေယူထားတဲ့စစ်ကောင်စီတပ်တွေက အခုဆိုရင် လွိုင်ကော်မြို့တွင်းမှာ မြို့သူမြို့သားတွေကို မထွက်ခိုင်းပဲနဲ့ လူသားဒိုင်း သဖွယ်လုပ်ပြီးမှ မြို့တွင်းမှာပဲရှိနေတဲ့သဘောဖြစ်ပါတယ်။ ဒီနေ့ မြို့တွင်းရပ်ကွက်တချို့မှာ တိုက်ပွဲတွေရှိနေတယ်။ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ကပစ်နေသလို ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း မြို့တွင်းထိကိုချဉ်းကပ်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဆက်ပြီးမှတိုးလိမ့်ဦးမယ်။ မနေ့ညကတော့ စခန်း ၇ ခုကို တပြိုင်နက်တည်းသိမ်းယူနိုင်သလို စစ်ကောင်စီတပ်တွေက တချို့စခန်းတွေကို စွန့်လွှတ်သွားတဲ့အတွက် ဒီမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲ လွိုင်ကော်ကြားမှာရှိတဲ့ လမ်းမတွေတခုလုံးကိုကျွန်တော်တို့တပ်တွေကပြန်ပြီးမှ စိုးမိုးထားပါပြီဗျ"

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသမှာ မနေ့တုန်းက စစ်ကောင်စီတပ်က တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး ဒေသခံ တပ်ဖွဲ့တွေကတော့ သူတို့လက်ချက်အဖြစ် ပြောဆိုထားပေမဲ့ စစ်ကောင်စီကတော့ စက်ချို့ယွင်းတာလို့ ပြောပါတယ်။ ကရင်နီဒေသမှာ လတ်တလော တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်တာ မရှိဘူးလို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က သတင်းထောက်တွေကို ဒီကနေ့ပဲ ပြောခဲ့တာပါ။

ကိုးကန့်ဒေသ ပါစင်ကျယ် အနီး တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ကွမ်လုံ၊ သိန္နီ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့် ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။ ကျောက်မဲနဲ့ သီပေါကြားက ကျင်သီတံတားကို TNLA တအောင်းတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်းလည်း စစ်ကောင်စီပြောခွင့်ရက အစောပိုင်းမှာ ပြောဆိုခဲ့တာပါ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်ကြတဲ့ TNLA တအောင်းပလောင် MNDAA ကိုးကန့် နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပြီးခဲ့တဲ့လနှောင်းပိုင်းကစ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်း စစ်ဆင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ KIA တပ်ဖွဲ့တွေ ကရင်ပြည်နယ်မှာ KNU တပ်ဖွဲ့တွေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေမှာလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG