သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဥ် ပျက်ကျ  


ကရင်နီဒေသ တိုက်ပွဲအတွင်း ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဥ် (Photo: KNDF)
ကရင်နီဒေသ တိုက်ပွဲအတွင်း ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဥ် (Photo: KNDF)

ကရင်နီဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဥ် ပျက်ကျ

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်နီဒေသမှာ စနေနေ့က စစ်ကောင်စီ ဂျက်တိုက်လေယာဥ် တစင်း ပျက်ကျခဲ့ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူကတော့ လွိုင်ကော်အနီး တိုက်ပွဲဖြစ်နေစဉ်အတွင်း လေယာဉ်ကို သူတို့ ပစ်ချခဲ့တာလို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက် စနေနေ့က ကရင်နီဒေသမှာ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁ လေးလုံး စစ်ဆင်ရေးအတွင်း ခုလို ပစ်ချခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ စခန်း ၈ ခုကိုလည်း သိမ်းနိုင်ခဲ့တဲ့အကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်ကောင်စီ လေ့ကျင့်ရေး အပေါ့စား လေယာဥ် စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ Viber လူမှုကွန်ရက်မှာ တုံ့ပြန်ထားပါတယ်။ လေယာဉ်မှူး ၂ ဦးနဲ့ အဆက်အသွယ် ရထားပြီလို့လည်း သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ နေရာ အတော်များများမှာ ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် အရပ်သားတွေ ထိခိုက် သေဆုံးမှုတွေ ရှိတာကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ထားပါတယ်။

လေကြောင်းကို အားထားနေတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဥ်တွေ မကြာခဏ ဆိုသလို ပျက်ကျတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ထဲတုန်းကလည်း ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ KIA ဘက်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG