သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ စက်သုံးဆီရှားပါးမှုနဲ့ကြုံ


ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီဆိုင်အရောင်းဆိုင်တဆိုင် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီဆိုင်အရောင်းဆိုင်တဆိုင် (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

တိုက်ပွဲတွေဖြစ်နေတဲ့ နယ်ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လတ်တလောမှာ ရန်ကုန်မှာတောင် လိုသလောက်ဝယ်မရပဲ ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ရန်ကုန်ကပေးပို့လာတာကို မမြသဇင်အောင်ကပြောပြမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ စက်သုံးဆီပြတ်လတ်မှုတွေ ကြုံခဲ့ရသလို အခုအခါမှာ နယ်ဒေသတွေ မှာပါ စက်သုံးဆီပြတ်လပ်မယ့် အခြေအနေတွေနဲ့ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ ကယားပြည်နယ်က လွိုင်ကော်မြို့တဝိုက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြို့အတွက် စက်သုံးဆီ အဓိက ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေ ပိတ်ထားတယ်လို့ လွိုင်ကော်ဒေသခံ တွေက ပြောပါတယ်။ မြို့တွင်း တနိုင်တပိုင် အရောင်းဆိုင်လေးတွေမှာ ဓါတ်ဆီ ရောင်းချတာတွေ ရှိနေပေမဲ့ မြို့အတွက် ပင်မ ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တချို့ အခုလို ဆက်ပိတ်ထားမယ်ဆိုရင် တော့ မကြာခင်မှာပဲ ဆီဈေးတွေ ထိုးတက်လာမဲ့ အနေထားဖြစ်လာနေပြီလို့ လွိုင်ကော်က စစ်ရှောင်တဦးကပြောပါ တယ်။

"စက်သုံးဆီကလေ ဘာလို့ပြတ်လဲ စက်သုံးဆီရောင်းတဲ့ဆိုင်ကြီးက တိုက်ပွဲနဲ့နီးတော့ရပ်ထားတာကြောင့် မြို့တွင်းမှာ ဆိုင်ငယ်လေးတွေတော့ရှိတယ်။ အဲဒီမှာတော့ရောင်းပေးတယ်။ အဲဒါမှာပြတ်ရင်တော့ ပြတ်သွားပြီ။ မြို့ပြင်ကပြန်မဖွင့်ပေးရင်တော့။ မြို့တွင်းက အဲမြို့ပြင်ကနေ ယူ ရောင်းကြတာလေ။ မနေ့ကကျနော်ထည့်တဲ့ဈေးနဲ့ ဒီနေ့ဈေးတော့ကွာတယ်။ အများကြီးတော့မဟုတ် ဘူး။ မနေ့က ကျနော် သွားထည့်တာ ၂၃၅၀၊ ခုမနက်က ၂၅၀၀ ပေါ့ အဲလောက်လေးတော့တက်လာတယ်။ "

ရခိုင်မြောက်ပိုင်း က ရသေ့တောင် မင်းပြား ဒေသတွေမှာ ရခိုင်တပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်နေချိန်မှာ စစ်ရေး တင်းမာစ ပြုလာနေပြီဖြစ်တဲ့ တောင်ပိုင်းက သံတွဲဘက်မှာတော့ မနေ့ကစပြီး စက်သုံးဆီလို သလောက်မရတာ၊ ကန့်သတ်ချက်နဲ့ဝယ်နေရတဲ့ အခြေအနေဖြစ်လာနေပြီလို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။ စက်သုံးဆီအပြင် အခြေခံစားကုန်တွေပါ ဝယ်ဖို့ခက်ခဲလာပြီး ဈေးအဆမတန်ကြီးလာနေ တယ်လို့လည်း ပြောပါတယ်။

"ဆီကတော့မနေ့တုန်းကဆိုလုံးဝမရတော့ဘူး။ စက်သုံးဆီပေါ့။ Denko ဆီဆိုင်မှာတော့ရတယ်။ အဲမှာက တယောက် ၅၀၀၀ ဖိုးဘဲရတယ်။ နာရီဝက် ၄၅မိနစ်တန်းဆီရတယ် အဲဒါမှရတယ်။ ဒီနေ့ မိုးလင်းမှာစပြီးတော့ မိုးဒေဝါမှကျတော့ ဆိုင်ကယ်တစီးကို ၃၀၀၀ ဖိုးထုတ်ပေးတယ်။ နောက် ကြံတိုင်းအောင်ဆီဆိုင်က ၅၀၀၀ဖိုးထုတ်ပေးတယ်။ အဲထက်ပိုမရဘူး ခုလည်းတန်းဆီနေကြရတယ်။ ပုံးနဲ့လဲ မရောင်းဘူးအလွတ်လည်းမရောင်းဘူး တယောက်လာရင်သူတို့သတ်မှတ်ဈေးအတိုင်းဘဲရောင်းတယ်။ နောက် ဆန်ဆိုင်တွေဆိုပိတ်တဲ့ဆိုင်တွေပိတ်တယ်။ တချို့တွေကအိမ်မှာသိမ်းထားတယ်။ မရောင်းဘဲ ထားကြတာရှိတယ်။ ဈေးတွေကတက်တာမပြောနဲ့ တချို့ဘဲ မူရင်းဈေးအတိုင်းရောင်းတယ်။ အခု ပုံမှန်စားနေတဲ့ ၁၂၀၀၀၀ တန် ဆန်က ၁၅၀၀၀၀ဖြစ်တယ်။ မနက်ပိုင်းကြက်သွန်ဖြူက မနက်ပိုင်း ၁ ပိဿာ ၁ သောင်းဈေးက နေ့လည်ပိုင်း ၂၀၀၀၀ ဈေးဖြစ်တယ်။ "

မွန်ပြည်နယ် မော်လမြိုင်ဘက်မှာလည်း ဆိုင်ကယ်နဲ့ ကားတွေကို အကန့် အသတ် ဝေစုခွဲတမ်းနဲ့ သာ ရောင်းချပေးနေတာကြောင့် ဆီဈေးတွေ မြင့်တက်လာတာနဲ့ ကြုံလာရတယ်လို့ မောင်လမြိုင်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ စက်သုံးဆီပြတ်လတ်နေတဲ့ အခြေအနေတွေ နဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဗုဒ္ဓဟူးနေ့ကနေစလို့ ဒီကနေ့အထိ ဓါတ်ဆီအရောင်းဆိုင်တွေမှာ ကားတွေ တန်းစီစောင့်ဆိုင်းနေတာ မြင်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ စက်သုံးဆီ အရောင်း ဆိုင်တချို့ ကလည်း အကန့်အသတ်နဲ့ ရောင်းချပေးနေဆဲပါ။ ဒီကနေ့လည်း ဆီဈေးတွေတက်လာသလို၊ လိုသလောက် မရပဲ ဖြစ်နေတယ်လို့ ရန်ကုန် မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"မနက်ကတော့ ညီတယောက်က မနက် ၅နာရီကစတန်းစီတာ ၇ နာရီမှာရတယ်ပြောတယ်။ ကျွန်းတောလမ်းက MAX မှာ။ ဒါပေမယ့်ဆီကတော့လိုသလောက်ရတယ်ဗျ။ ဈေးကတော့နည်းနည်းတက်တယ်။ ၂၀၊ ၂၅လောက် တက်တယ်။ ခုကတော့တန်းစီတာပိုများတယ်။ တချို့ဆိုင်တွေကျတော့ ၃သောင်း ဖိုး ၂သောင်းဖိုးဘဲရောင်းတယ်ပြောတယ်။ မြေနီကုန်းဆိုင်တွေမှာလေ။ ၂သောင်း ၃သောင်း ဖိုးဘဲရတယ်။ 95 လည်းမရှိ 92 လည်းမရှိ သူတို့ရှိတာထည့်ပေးတာ။ ရှိတာဘဲဝယ်ရတာဘဲ။ ရွေးမရ ရှိတာဝယ်ဘဲ "

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ၂ ရက်အတွင်း စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ထားပြီး နောက်ထပ်သင်္ဘော ၁၅ စီးလည်း ထပ်ပြီးရောက်လာဖို့ရှိနေတယ်လို့ ခုရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ရန်ကုန်မြို့ပေါ်မှာ စက်သုံးဆီပြတ်လပ်ခဲ့တာဟာ နိုဝင်ဘာ ၁၀ ရက် နေ့တုန်းက ဒီဇယ်ဆီ အောက်တိန်း 92 တွေ နေ့စဉ်ပုံမှန် ရောင်းအားထက် ပိုပြီး ရောင်းအား မြင့်ခဲ့တဲ့အတွက် စက်သုံးဆီ သိုလှောင်ထားတဲ့ Terminal ၃ ခုကနေ အရောင်းဆိုင်တွေဆီ အချိန်မီ မဖြန့်ဖြူးပေးနိုင်ခဲ့တာလို့လည်း ပြောပါတယ်။

အဲဒီနေ့ညတွင်းချင်းမှာပဲ အရေးတကြီးလိုအပ်ချက်အဖြစ် စက်သုံးဆီတွေကို ဂါလံသန်းချီ ဖြန့်ဖြူးခဲ့သလို နောက်ထပ် ဂါလံသန်းချီလည်း လက်ကျန် ရှိသေးတယ်လို့ စစ်ကောင်စီက ပြောဆို ထားပါတယ်။ စက်သုံးဆီအမျိုးအစား အားလုံး အရန် ၁ လစာ ကျန်အောင် ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စက်သုံးဆီတွေ ပြည်တွင်းမှာ အလုံအလောက်ရှိနေကြောင်းနဲ့ ပုံမှန်ခွဲတမ်းအတိုင်း ထုတ်ပေးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာပါ။

ဒါပေမဲ့လည်း ဓါတ်ဆီ အရောင်းဆိုင်တွေအတွက် လိုအပ်တဲ့ဆီတွေကို စစ်ကောင်စီက ပုံမှန်ခွဲတမ်း ထက် ၈၀% ကျော် လျှော့ချလိုက်တဲ့အတွက် အဓိကစီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်နဲ့ တခြား မြို့တွေမှာ အခုလို ဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာလို့ ပြည်တွင်းသတင်းတချို့မှာ ရေးသား ဖေါ်ပြနေကြပါတယ်။

XS
SM
MD
LG