သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သုံးဆီ ပြတ်လပ်မှုသတင်း စစ်ကောင်စီငြင်းဆန်


ရန်ကုန်စက်သုံးဆီအရောင်းဆိုင် (အောက်တိုဘာ၊ ၂၀၂၃)
ရန်ကုန်စက်သုံးဆီအရောင်းဆိုင် (အောက်တိုဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်နေတဲ့သတင်းတွေ မှန်ကန်မှုမရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

စက်သုံးဆီတွေ ပြည်တွင်းမှာ အလုံအလောက်ရှိနေကြောင်းနဲ့ ပုံမှန်ခွဲတမ်းအတိုင်း ထုတ်ပေးနေကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ကနေ သတင်းမီဒီယာတွေကို ပေးပို့တဲ့ အသံဖိုင်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

"ဆီခွဲတမ်းများနဲ့ပတ်သတ်ပြီး ယခင်အတိုင်းပဲဖြစ်တယ်။ ကျွန်တော်တို့စိစစ်တာတခုပဲရှိတယ်။ ယခင်အတိုင်းပဲဖြစ်တယ်။ လျှော့ပြီးလုပ်ပေးတာမရှိဘူး။ နံပါတ် ၂ ကတော့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင်ကျွန်တော်တို့ ထပ်မံရောက်ရှိလာမဲ့ ဆီတင်သင်္ဘော ၁၅ စီးနီးပါးရှိပါတယ်။ "

ဒါအပြင် မည်သည့်စက်သုံးဆီမဆို တလ အရံရှိအောင် အမြဲတမ်းဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စက်သုံးဆီခွဲတမ်းတွေလျော့ချတာ၊ ဆီဝယ်ယူဖို့အတွက် အစိုးရဘက်က ဒေါ်လာငွေ မချပေးဘူးဆိုတဲ့သတင်းတွေဟာ မှန်ကန်ခြင်းမရှိပဲ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။

ဒါပေမဲ့လည်း စက်သုံးဆီအရောင်းဆိုင်တွေအတွက် လိုအပ်တဲ့ဆီတွေကို စစ်ကောင်စီက ပုံမှန်ခွဲတမ်းထက် ၈၀% ကျော် လျှော့ချလိုက်တဲ့အတွက် အဓိကစီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်နဲ့ တခြား မြို့တွေမှာ အခုလို ဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာလို့ ပြည်တွင်းသတင်းတချို့မှာ ရေးသား ဖော်ပြခဲ့ကြတာပါ။

ရန်ကုန်မြို့မှာဆိုရင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်ထဲကစလို့ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဝယ်ယူနိုင်ဖို့ ကားတွေစောင့် ဆိုင်းနေတာ မြင်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ စက်သုံးဆီ အရောင်းဆိုင်အတော်များများကလည်း ကျပ်တသောင်းဖိုးသာ အကန့်အသတ်နဲ့ ရောင်းချပေးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG