သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့အနီး တိုက်ပွဲတွေကြောင့် ဒေသခံတချို့သေဆုံး


ဒီမောဆိုမြို့နယ် တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက် ရရှိသော လက်နက်များနှင့်စစ်သုံ့ပန်းများ NUG ထုတ်ပြန်(နိုဝင်ဘာလ ၁၂၊ ၂၀၂၃)
ဒီမောဆိုမြို့နယ် တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက် ရရှိသော လက်နက်များနှင့်စစ်သုံ့ပန်းများ NUG ထုတ်ပြန်(နိုဝင်ဘာလ ၁၂၊ ၂၀၂၃)

ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့ ၄ ရက်မြောက်နေ့အထိ လွိုင်ကော်တက္ကသိုလ် အပါအဝင် နေရာအနှံ့မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ကရင်နီတပ်ပေါင်းစုတွေက လွိုင်ကော်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေးတပ်နဲ့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးမှာပါ။

နိုဝင်ဘာ ၁၄ ရက်နေ့ ဒီမနက် အစောပိုင်းလောက်ကတည်းက လွိုင်ကော်မြို့ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲသံ ပြင်းပြင်းထန်ထန်ကြားနေရတယ်လို့ လွိုင်ကော်မြို့က စစ်ရှောင်အရေး အကူညီပေးနေတဲ့ သံဃာတပါးက ဗွီအိုအေကို ပြောပါတယ်။

“တစ်လေးလုံး ၁၁ ရက်နေ့ကနေစပြီးမှ ဒီနေ့အထိ၊ အခုလည်း ပစ်နေတယ်။ မြို့ပတ်ပတ်ချာချာလည်ကို ဖြစ်တာ။ အဆိုးဆုံးကတော့ ဒီပေါ့နော် အခုဖြစ်နေတာ။ အခု အဓိက ဖြစ်နေတာတော့ ပန်းသီရိတောတို့ နာနတ်တောတို့ နောက် တက္ကသိုလ်ပေါ့နော်၊ ဒေါဥခူတို့ နောက် မိုင်လုံအောက်ဖက် မိုင်လုံဆိုတာ မိုင်လုံရပ်ကွက်ထဲမရောက်သေးဘူး အောက်ဘက်ပဲ ချနေတယ်။ သူတို့ကလည်း မြို့သိမ်းဖို့အတွက် တိုက်နေတာထင်တယ်။ (စစ်ကောင်စီက) ဟိုဒါကလည်း မြို့ကို အသိမ်းမခံရဖို့အတွက် ပြန်ပြီးတော့မှ ခုခံတိုက်ခိုက်နေတယ်။”

လွိုင်ကော်မြို့က ထေးငှားလျားရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်စတဲ့ စစ်ကောင်စီ တပ်စခန်း ရှိရာ နေရာအနှံ့မှာ တိုက်ပွဲပြင်းထန်နေတာပါ။ ဒီမနက်ကတော့ လွိုင်ကော်တက္ကသိုလ် တဝိုက်မှာ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းသုံးပြီး ဒီကနေ့အထိ တောင်လျှောက် ပစ်ခတ်တိုက်ခိုက်နေတာလို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ဘေးသင့် မြို့ခံအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသလို တိုက်ပွဲကြားမှာ ပိတ်မိနေသူ လူ ၁၀၀ ထက်မနည်း ကျန်ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒေါခူဥရပ်ကွက်မှာ ပိတ်မိနေတဲ့ မြို့ခံတဦးကတော့ တိုက်ပွဲအနီးတဝိုက်မှာ ရှိနေတာမို့ ဘေးလွတ်ရာကို ထွက်ခွာဖို့ အဆင်မပြေသေးဘူးလို့ ဒီနေ့မနက်ပိုင်းမှာ ဗွီအိုအေကို ပြောပါတယ်။

“နောင်ယာရပ်ကွက်အနောက်ဖက်လည်း အခြေအနေဆိုးတယ်။ နောက် ဒေါဥခူလည်း အခြေအနေဆိုး ဆိုးတယ် ထောင်ရဲ့ အရှေ့ဖက်ခြမ်းလောက်မှာပေါ့၊ ကျနော်တို့နေတဲ့ ရပ်ကွက်ခါကျတော့ ဒေါဥခူရပ်ကွက်ထဲပဲ ဒေါဥခူအရှေ့ဘက်ခြမ်းပေါ့၊ အခုတိုက်ပွဲဖြစ်တဲ့နေရာနဲ့ နည်းနည်းနီးတော့ ကျနော်တို့လည်း ထွက်ချင်တယ် ဒါပေမယ့် မထွက်ရဲသေးဘူးပေါ့။ ညကတည်း ပြင်းပြင်းထန်ထန်ပဲ လေယာဉ်တို့ လက်နက်ကြီးတို့ကတော့ တောင်လျှောက်ပဲ ပစ်နေတုန်းပဲ။ မနေ့က ဒီမနက်အထိပေါ့ တောင်လျှောက်ပဲ တိုက်ပွဲဖြစ်လိုက် ခဏပြန်ငြိမ်လိုက် ပြန်ဖြစ်လိုက်အဲ့လိုပဲ ဖြစ်နေတာ။”

စစ်ကောင်စီက လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို ပစ်ခတ်နေတာမို့ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ သူတို့တပ်စခန်းအနီးတဝိုက်ကို မဖြတ်ကျော်ရဲဘူးလို့ ပြောပါတယ်။

ကရင်နီတော်လှန်ရေး အင်အားစုတွေက လွိုင်ကော်မြို့ကို ချီတက်လာနေတာ ဖြစ်ပြီး လက်ရှိ မှာတော့ လွိုင်ကော်မြို့ပတ်ဝန်းကျင် နေရာအနှံ့မှာ တိုက်ပွဲပြင်းထန်နေတာပါ။ တစ်လေးလုံး စစ်ဆင်ရေး ၃ရက်မြောက်နေ့ မနေ့ညနေပိုင်း အထိ စစ်ကောင်စီတပ်စခန်း ၂ခုကို ထပ်မံ သိမ်းပိုက်နိုင်တယ်လို့ (၁၁.၁၁) စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အခုလက်ရှိ တိုက်ပွဲအခြေအနေတော့ ကျနော်တို့ ဒီလွိုင်ကော်မှာ ကျနော်တို့ တပ်ပေါင်းစုတွေ တော်တော်များများ လွိုင်ကော်မှာ ချီတက်ကြတယ်ပေ့ါနော်။ အဲ့မှာ တိုက်ပွဲဖော်ဆောင်ကြတယ်ပေါ့။ ဒီမနက် ၅နာရီဝန်းကျင်က စဖြစ်တယ်ပေ့ါနော်။ တိုက်ပွဲတော့ ရက်တိုင်း ဆက်တိုက်ဖြစ်တယ်။ ကျနော်တို့လေ ထေးငှါးလျားက စစ်တပ်ဂိတ်စခန်းကို ကျနော်တို့ သိမ်းလိုက်ရပြီးပေါ့နော်။ နောက်ပြီးတော့ ထေးငှါးလျားနားက တက္ကသိုလ်က ဒီတပ်စခန်းလည်း ကျနော်တို့မနေ့ညက ဒီ ၆နာရီ ၇နာရီဝန်းကျင်လောက်မှာ သိမ်းဆည်းရမိပြီးပေါ့နော်။ အခုတော့ ကျနော်တို့ ဒီမြို့ထဲထိ တကစ အထဲထိ ကျနော်တို့တော့ ကျနော်တို့ ဝင်နိုင်ဖို့ တော်တော် ကြိုးစားယူရမှာပေါ့။”

တစ်လေးလုံး ပထမရက် စစ်ဆင်ရေးမှာ စစ်ကောင်စီ စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ၃ရက်မြောက်နေ့ မနေ့က နောက်ထပ် စခန်း ၂ခု သိမ်းဆည်းနိုင်ခဲ့တာလို့လည်း ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် စစ်ကောင်စီရဲ့ ဘုရားဖြူ ဂိတ်စခန်းကို စစ်ဆင်ရေး ပထမရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက်တနေ့မှာတော့ စစ်ကောင်စီဖက်က အင်အား ၅၀ လောက် ထိုးစစ်ဆင်လာတာပါ။ အဲ့ဒီမှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွါးခဲ့ပြီးတဲ့နောက် တော်လှန်ရေးတပ်တွေက ဘုရားဖြူဂိတ်စခန်းကို ပြန်သိမ်းပိုက်သိမ်းနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေးတာဝန်ရှိသူ ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KNPP နဲ့ PDF အဖွဲ့တွေက စစ်ရေးနဲ့ မပတ်သက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး လက်နက်ငယ်နဲ့ လာရောက်တိုက်ခိုက်ပြီး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့နဲ့ အပြန်အလှန် ထိတွေ့မှု ဖြစ်ခဲ့တယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန် ပြောဆိုခဲ့တာပါ။

“လွိုင်ကော်မှာတော့ ဒီမနက် ၈နာရီလောက်က KNPP နဲ့ PDF အမည်ခံအကြမ်းဖက် အဖွဲ့တွေအနေနဲ့ ဒါစစ်ရေးနဲ့ မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး လက်နက်ငယ်နဲ့ လာရောက် ပစ်ခတ်တာ ရှိတယ်။ ပြီးတော့ အထဲမှာရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ ကျောင်းသား ကျောင်းသူတွေကို အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ဖို့ လုပ်ခဲ့တာရှိတယ်။ ဒါတွေကိုတော့ ကျနော်တို့ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒါ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ ထိခိုက် ဒဏ်ရာရမှုမရှိစေရေး ဘေးကင်းလုံခြုံရေးအတွက် ကျနော်တို့ ပို့ဆောင်ရေး ဘေးကင်းကနေ ပို့ဆောင်ရေး ဆောင်ရွက်လျက် ရှိတယ်။ ဆောင်ရွက်လျက်ရှိတဲ့အခါမှာတော့ အပြန်အလှန်ထိတွေ့တိုက်ပွဲပွားခဲ့တယ်။”

ကရင်နီတပ်ပေါင်းစုဘက်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်တယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့ ပေမယ့် ကိုယ်တိုင်ကြုံတွေ့နေရတဲ့ မြို့ခံအများစုနဲ့ ကာကွယ်ရေးတပ်တွေကတော့ စစ်ကောင်စီတပ်တွေကပဲ နေ့စဉ်ဆိုသလို လက်နက်ကြီးအပြင် လေကြောင်းပါ အသုံးပြုပြီး ဦးတည်ရာမရှိ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက် နေတာလို့ ဗွီအိုအေကို ပြောကြပါတယ်။

မနေ့က လွိုင်ကော်မြို့ ရပ်ကွက်တွေထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အရပ်သား ၂ဦး သေဆုံးပြီး ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ လွိုင်ကော်မြို့ စစ်ရှောင်အရေးကူညီနေတဲ့ သံဃာတော်တပါးက ဗွီအေကို ပြောပါတယ်။

“အဲ့နှင်းစုရပ်ကွက်က အိမ်မှာ နှစ်လုံးလာမသိဘူးကျတော့။ မနေ့ညတုန်းကနော် ကျတော့ ၂ယောက်ပွဲချင်းပြီးသွားတယ်။ အခုတော့ မသဂြိုလ်ရသေးဘူး။ နာရေးကူညီမှုတွေလည်း မထွက်ရဲလို့။ ဒဏ်ရာရတာက ၄၊ ၅ဦးလောက်ရှိသေးတယ်၊ သေတာကတော့ ဒီမနက်မှ နှစ်ယောက်ကြားတာ ကျန်တဲ့ဟာတော့ မသိသေးဘူး။ ဒီတော်လှန်ရေးအဖွဲ့တွေလည်း သူတို့ တော်တော်လေးကို ရှောင်ပြီးတော့မှ အထိအခိုက်နည်းအောင်တော့ လုပ်နေလို့ ထင်တာပဲ။”

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ သတင်း ထုတ်ပြန်ထားပါတယ်။ ထိခိုက်သေဆုံး ခဲ့ရသူတွေဟာ မိုးဗြဲနဲ့ လွိုင်ကော်က ဒေသခံတွေဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG