သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ရင်း လက်နက်ချသတင်း ညီနောင်မဟာမိတ်အဖွဲ့ထုတ်ပြန်


ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်ခံ ခမရ ၁၂၉ တပ်ရင်းက တပ်ရင်းမှူးအပါအဝင် တပ်ရင်း တရင်းလုံးနဲ့ တပ်မိသားစုဝင်တွေ စုစုပေါင်း လူ ၂၆၀ကျော်ဟာ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာကြောင်း ညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ကိုခင်မောင်စိုးမင်းက တင်ပြပေးမှာပါ။

ဒီလိုဝင်ရောက်လာတဲ့အထဲမှာ တပ်ရင်းမှူးအပါ စစ်သည် ၁၂၇ ဦးနဲ့ တပ်မိသားဝင် ၁၃၄ဦးရှိကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ လီကျာဝင်းက ပြောပါတယ်။

“လောက်ကိုင် ဒကစ လက်အောက်ခံ တပ်ရင်း ၁၂၉က တပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုဝင်တွေအားလုံး ပြည်သူ့ရင်ခွင်ထဲ ပြန်ဝင်ရောက်လာပါတယ်ဗျ။ သူတို့ရဲ့ တပ်ရင်းမှူးဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး ဝင်လာတာဖြစ်ပါတယ်ဗျ။ တပ်ရင်းမှူးအပါအဝင် စုစုပေါင်းတပ်သားက ၁၂၇ ဦး ရယ်၊ မိသားစုဝင် ၁၃၄ ဦးပါပါတယ်ဗျ။ ”

ခမရ ၁၂၉ ဟာ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာမှာ အခြေစိုက်ပြီး ဒီလ ၁၂ရက်နေ့က ဝင်ရောက်လာတာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီလို ဝင်ရောက်လာသူကို ကောင်းမွန်စွာ စောင့်ရှောက် ကူညီခဲ့တယ်လို့လည်း MNDAA ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

“ပြီးတော့ ဝင်လာတဲ့သူမှန်သမျှကို ကျနော်တို့က ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်တယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျနော်တို့ အခမဲ့ ဆေးကုသပေးပါတယ်ပေါ့။ ပြီးတော့ ဒီ စစ်သား တယောက်ဆိုရင် ၁၀သိန်း၊ မိသားစုဝင်တယောက်ဆိုရင် တသိန်းနဲ့ကျနော်တို့ ငွေကြေး ပေးအပ်ခဲ့ပါတယ်။ နောက်ဆုံး သူတို့ ဆန္ဒအလျောက် သူတို့ သွားချင်တဲ့နေရာကိုတော့ ကျနော်တို့လည်း အန္တရာယ်ကင်းစွာနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်ဗျ။ ”

ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

လက်နက်ခဲယမ်း ဘယ်လောက် သိမ်းဆည်းနိုင်ခဲ့ကြောင်းကိုတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
အောက်တိုဘာလ ၃၀ရက်နေ့ ကလည်း ဒုတပ်ရင်းမှူးတယောက်၊ ဒုတပ်ခွဲမှူး ၂ယောက်ပါ လူအင်အား ၄၁ယောက်ရှိတဲံ ခလ၇ ၁၄၃ တပ်ရင်း တရင်းလုံး လက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ညီနောင်မဟာမိတ် အဖွဲ့က အောက်တိုဘာလ ၃၁ရက်နေ့မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းဖို့ တိုက်တွန်းချက် ထုတ်ပြန်ပြီးနောက်မှာ အခုလို ဝင်ရောက်လာသူ ၂၀၀ကျော် ရှိကြောင်း လည်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်အနီး ရိဒ်ခေါ်ဒါရ်မှာရှိတဲ့ မြန်မာစစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက် မြန်မာစစ်သားတွေထဲက ၄၀ လောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ပစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း ထွက်ပြေးကြတဲ့ သတင်းတွေနဲ့ လက်နက်ချတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော တုံ့ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG